Get Adobe Flash player

သာဓုတန်းက မနေပါနဲ့

ကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့၌ ဟောကြားတော်မူသော တရားတော်
သာဓုတန်းက မနေပါနဲ့
(မဟာမိတ္တရဟန်း)
ဟောကြားသောနေ့ (၁၃-၁၀-၅၆)

သမာဓိဆိုတာ ဒကာ ဒကာမတွေကို နှစ်ရက်ရှိပြီပြောထားတော့၊ သြော် - တစ်ခုသော အာရုံဆီသို့ တည်ကြည်မှုကို ဆိုတာကိုးမှတ်ပါ (မှန်ပါ့)၊ တည်ကြည်မှုကို ဆိုသည်။ အဲဒီ တည်ကြည်မှုလေး ရှိပြီဆိုမှဖြင့် သတိလေးဟာလည်း အားရှိလာတယ်၊ ပညာဟာလဲ ထက်လာတယ်လို့မှတ်ပါ။ သမာဓိ တည်ကြည်ရင် သတိလေးလဲ အားရှိ၊ ပညာဟာလဲ ထက်တယ်။ အဲဒီတော့ နိဗ္ဗာန်သွားကြတယ် ဆိုလို့ရှိရင်ဖြင့် ချမ်းသာခြင်းကို အလိုရှိလို့ မအိုမသေ အမြဲနေတဲ့ နိဗ္ဗာန်ကြီးကို ရောက်အောင် ဒကာ ဒကာမတွေ ရောက်လိုတယ်၊ သွားလိုတယ်၊ ဆင်းရဲခြင်းမှ ကျွတ်လွတ်လိုတယ်လို့ စိတ်ထဲမှာပေါ်လို့ရှိရင်ဖြင့် သမာဓိ တည်ကြည်မှုရယ်၊ ဒီသတိ အားရှိမှုရယ်၊ ဒီပညာ ထက်မြက်မှုရယ် အရေး အကြီးဆုံးပဲဆိုတာ သေသေချာချာ မှတ်ကြပါ။ အင်မတန် အရေးကြီးပါတယ်။ အဲဒါတွေ သတိ၊ သမာဓိ၊ ပညာ ဒကာ - ဒကာမတွေကို တစ်သက်လုံး ကောင်းအောင်သာ အသုံးကဖြင့် ဒါတွေပဲ သုံးချကြရမှာပဲဆိုတာ မှတ်ကြစမ်းပါ။

သမာဓိတည်ကြည်ရင်

ကောင်းပြီ၊ ဒါဖြင့် သမာဓိဆိုတဲ့ ဥစ္စာသည် သမာဓိတည်ကြည်လာတယ် ဆိုလို့ရှိရင်ဖြင့် ခင်ဗျားတို့ စဉ်းစားကြည့်ခြင်ကိုက်တာလည်း မသိဘူး၊ ကြမ်းပိုးကိုက်တာလဲ မသိဘူး၊ အလုပ်တစ်ခုကို စူးစူးစိုက်စိုက် သာ လုပ်ကြည့်ပါ။ ခြင်ကိုက်တာ မသိဘူး၊ ကြမ်းပိုးကိုက်တာလဲမသိဘူး၊ အိုက်တာကိုလဲ မသိဘူး၊ ဘာဖြစ်နေလဲ ဆိုရင် အလုပ်တစ်ခုအပေါ် စူးစိုက်နေလို့ပြောနိုင်ပါတယ်။

အလုပ်တစ်ခုကိုသာ စူးစိုက်နေလို့ရှိရင်ဖြင့် ခြင်ကိုက်၊ ကြမ်းပိုးကိုက်၊ နေပူ၊ လေပူ ဒါ တော်တော်နဲ့ သိရဲ့လား … (မသိပါဘူး)၊ အဲဒါ ဘယ်သူ့သတ္တိဆိုမလဲ (သမာဓိ သတ္တိပါဘုရား)။

ဒါတွေ ဘာဖြစ်လို့ မသိတာလဲ ဆိုလို့ရှိရင် တစ်ခုသော အလုပ်အပေါ် စူးစိုက်နေလို့ပဲဘုရား မဆို ထိုက်ဘူးလား (ဆိုထိုက်ပါတယ်ဘုရား)။

တစ်ခုသော အလုပ်ပေါ်စိုက်နေလို့ဘုရားလို့ ဆိုနိုင်သလို၊ ဒီမှာလည်း ဒကာဒကာမတို့ ဘုန်းကြီးပြောတဲ့ ၀ိပဿနာ ဝေဒနာပေါ်၌ ခင်ဗျားတို့ စိုက်သာနေမယ် ဆိုလို့ရှိရင်ဖြင့် ခင်ဗျားတို့ သန္တာန်၌ ညောင်းမှုလည်း မလာဘူး၊ ညာမှုလည်း မလာဘူး၊ ကိုက်မှုလည်း မလာဘူး၊ ခဲမှုလည်း မလာဘူး (မှန်ပါ့)။

ဝေဒနာ ဖြစ်ပျက်ပေါ်မှာသာ သမာဓိ တည်ကြည်အောင်သာထား ကိုက်လိမ့်မယ်၊ ခဲလိမ့်မယ်၊ ညောင်းလိမ့်မယ်၊ ညာလိမ့်မယ်ဆိုတာ မလာဘူး။

သမာဓိအား ညံ့သွားရင်

သမာဓိ ညံ့လို့သွားတယ်ဆိုရင် ဟိုက ကိုက်သလိုလို၊ ဒီက ကိုက်သလိုလို ပြင်လိုက်ဦးမှ ထင်ပါရဲ့လို လို၊ ဒေါ်အုန်းခင် ဒီလို လာတတ်တယ် မဂ်တုတို့ လာတတ်တယ်၊ ဒေါ်ရွှေတို့၊ အဲဒီတော့ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက်ချ၊ အလုပ်တရားကို ဟောနေတဲ့အတွက် အလုပ်တရားသာ နားထောင်ကြပါ။

တို့သည် ဟိုပြင်ချက် ဒီပြင်ချက် ဟိုဟာကလေးက လာနှောင့်ယှက်၊ ဒီဟာကလေးက လာနှောင့် ယှက်နေတယ်။ အနှောင့်အယှက်တွေက များလွန်းလို့ လုပ်လို့ကို မဖြစ်နိုင်တော့ဘူး (မှန်ပါ့)၊ ဘုန်းကြီးကလဲ ဝေဒနာပေါ် သမာဓိ တည်အောင်လုပ်ပြီး၊ ဥာဏ်ကလေးနဲ့ အပျက်မြင်အောင်ရှုပြီး သတိကလေးထားလို့၊ ဆရာ ဘုန်းကြီးက ပြောတော့ပြောတယ် တို့ဖြင့် အနှောက်အယှက်တွေက များလိုက်တာလို့ မဆိုပါနဲ့ (မှန်ပါ့)။

အဲဒါ ဒကာ ဒကာမတွေ ဘေးကို ရမယ်ဖွဲ့နေတယ်၊ စင်စစ် သမာဓိ အား ညံ့လို့ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဘာညံ့နေလို့လဲ (သမာဓိ ညံ့နေလို့ပါဘုရား)၊ အဲဒီတော့ ဘေးကို ရမယ်မဖွဲ့ကြပါနဲ့ဆိုတာဖြင့် အထူးပဲ မေတ္တာရပ်ပါတယ် … (မှန်ပါ့)၊ ဘေးရမယ် မဖွဲ့ကြပါနဲ့လို့ အထူးပဲ မေတ္တာရပ်ခံအပ်ပါသည်။)

ခင်ဗျားတို့ ထိုင်နေတဲ့ ပုဂ္ဂိုလ်တွေ တော်တော်ကျင်တော့ ဒေါ်အုန်းခင်တို့ ဒကာသိုက်တို့ တော်တော် ကျင်တာ ကျင်းစကနေပြီးသကာလ တော်တော်ကျင်လာတော့ ထ,မှပဲ ကျင်မှန်းသိတော့တယ်၊ မထ,နိုင်တော့ဘူး၊ ခြေကျင်နေလို့ဆိုတော့ ကျင်စကလေးက သူမသိခဲ့ပါဘူး၊ တော်တော်ကျင်လို့ အားရှိရှိ လာတော့ကော (မသိပါဘူး)။ တော်တော်ကျင်လို့ ကြီးလာတော့ကော (မသိပါဘုရား)၊ မသိဘူး ဘာဖြစ်လို့ တုံး ဆိုတော့ သူတစ်ခုခု အလုပ်လုပ်နေလို့ (မှန်ပါ့)၊ ကိုင်း … မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ်ဘုရား)။

အဲဒီကြားထဲ မင်းတို့က လောကီအလုပ် လုပ်နေတဲ့အခါကျတော့ မထ,နိုင်မှ သိတော့တယ်။ အဲဒါ သမာဓိ အားကြီးတဲ့ အလုပ်လုပ်တာ (မှန်လှပါဘုရား)။

ဒီမှာလည်း ဘုန်းကြီးတို့ လောကီမှာ သမာဓိ အားကြီးသလောက်၊ ဒေါ်အုန်းခင်တို့ ဒိပြင်အပေါ်၌ ဝေဒနာအပေါ်၌ သမာဓိအားကြီး လိုက်မယ်ဆိုလို့ရှိရင်ဖြင့်ကွာ၊ တခြားသော အာရုံတွေ အနှောင့်အယှက် တွေ လာတယ်ဘုရားလို့ ဆိုစရာအကြောင်း မရှိဘူး (မှန်ပါ့)၊ အဲဒီတော့ အခြားသော အာရုံတွေလာ စရာ အကြောင်းမရှိဘူး၊ ဒကာ ဒကာမတို့ရ (မှန်လှပါဘုရား)။

သူများရမယ်မဖွဲ့ကြပါနဲ့

တပည့်တော်တို့က လုပ်တော့ လုပ်တယ်ဘုရား သို့ပေမယ့် အနှောင့်အယှက်တွေက ခြင်ကကိုက်၊ ကြမ်းပိုးကကိုက်နဲ့ အိုက်တာနဲ့ ဒိန်းဒိန်း၊ ဒိန်းဒိန်းနဲ့ကြားရ ပြုရတာတွေက မသေးဘူးဘုရား (မှန်ပါ့)၊ သြော် … သူ့ဟာသူ ရမယ်ဖွဲ့တာပါလား စင်စစ်အားဖြင့် သူ့သမာဓိ ညံ့လို့ (မှန်ပါ့)၊ ရိပ်မိပလား … (ရိပ်မိပါပြီ)။

သူများ ရမယ်ဖွဲ့ရင် ဘာဆိုကြမယ်  (သမာဓိညံ့လို့ပါဘုရား)၊ အေး … သူများ ရမယ်ဖွဲ့လို့ရှိရင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မှတ်လိုက်ပေတော့။ သမာဓိ ညံ့လို့သာ မှတ်ပါ (မှန်ပါ့)။

ဒါဖြင့် နောက်ကို ဒီနေ့ညဘုရား အနှောင့်အယှက်တွေက များလွန်းလို့ တယ် မရှုရဘူးဘုရား၊ ပြန်စစ်လိုက်တဲ့အချိန် ကိုယ့်ဟာကိုယ် ပြန်စစ်ဆေးလိုက်တဲ့ အချိန်ကျလို့ရှိရင်ဖြင့် ဒီနေ့ အနှောင့်အယှက် တွေ သိပ်များတယ်ဘုရား၊ အဲဒါကြောင့် အချိန်တယ်မရဘူး ဆိုလို့ရှိရင်ဖြင့် ဒါဘုန်းကြီးတို့က ဆုံးဖြတ်ချက် ချပြီ၊ ဒီဒကာ ဒကာမတွေကို သမာဓိမတည်ဘူး၊ သမာဓိ ညံ့တယ်။ မနေ့ကပြောတဲ့ သမာဓိနြေ္ဒ မဖြစ်ဘူး မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ်ဘုရား)။

အဲဒါ အနှောင်အယှက်ကြောင့်လား? မိမိ သမာဓိ ညံ့လို့လား? (မိမိသမာဓိ ညံ့လို့ပါဘုရား)၊ မိမိ သမာဓိ ညံ့တာကို ဒေါ်အုန်းခင်ကြီးတို့က ရမယ်များ ဖွဲ့လိုက်သေးတယ်၊ တောင်က လိုလို၊ မြောက်ကလိုလို ဟိုဘက်က လာလို့လိုလို၊ ဒီဘက်က လာလို့လိုလို ဒေါ်ရွှေတို့က ပရိယာယ်က များပါဘိနဲ့ (မှန်ပါ့)။

မိမိသမာဓိ ညံ့တာကိုသိပါ


စင်စစ်တော့ ဘယ်သူညံ့လို့လဲ (သမာဓိ ညံ့လို့ပါဘုရား)၊ မိမိ သမာဓိ ညံ့တာ၊ မိမိညံ့တာကို တခြားရမယ်ဖွဲ့ပြီး စွဲချက်မတင်လိုက်ပါနဲ့လို့ ဘုန်းကြီးများက ပြောလိုက်ပါတယ်။

မိမိညံ့တာကို တခြား ရမယ်ဖွဲ့ပြီး စွဲချက် မတင်လိုက်ပါနဲ့ ရိပ်မိပလား (ရိပ်မိပါပြီ)၊ မိမိညံ့တာ သိပလား … (သိပါပြီ)၊ အဲဒီတော့ မိမိညံ့တာကို မိမိ ပဓာနထားပြီး သိပါ (မှန်ပါ့)။

ကိုင်း … အဲဒီအချိန်ကျတော့ သမာဓိကို သတိထားပြီး သမာဓိညံ့တာကို ဒီတစ်ခါတော့ဖြင့် ၀ီရိယနှင့်ယှဥပြီး အားစိုက်လိုက်တော့မယ်ကွ၊ ဒီသမာဓိကို တည်သထက် တည်အောင်ဆိုပြီး တစ်ဆင့် တိုးပြီးသကာလ ဒီတစ်ခါတော့ဖြင့် မပြေးရစေဘူးကွာ၊ ဖြစ်ပျက်ပေါ်မှတစ်ပါး ဘယ်မှ မပြေးစေရဘူးကွလို့ အားစိုက်လိုက် ကြစမ်းပါ (မှန်ပါ့)။

သူများရယ်ရမယ်ဖွဲ့ရင် မိမိညံ့လို့

အားစိုက်လိုက်တဲ့ အချိန်ကျလာတော့ ဒကာဒကာမတို့ အနှောင့်အယှက်တွေကို သူကန်ထုတ်ပစ် လိုက်တဲ့အတွက် သမာဓိ အားရှိလာတဲ့အချိန်၊ ဒကာစိန် သူကန်ထုတ်ပစ်လိုက်တဲ့အတွက် လာနိုင်သေးရဲ့ လား (မလာနိုင်ပါဘူးဘုရား)။ ဒါဖြင့် ကနေ့ည ဟောတဲ့တရားမှာ သူများရမယ်ဖွဲ့တဲ့ ပုဂ္ဂိုလ် ဟူသရွေ့ မိမိညံ့ မှုကို ရှောင်ကွင်းတဲ့သဘောသာဖြစ်တယ်။ ဒေါ်အုန်းခင် သူများရမယ်ဖွဲ့ရင် ဘာတုံး (မိမိညံ့မှုကို ရှောင်ကွင်း တဲ့သဘောပါဘုရား)။ မိမိညံ့မှုကို ဘာတုံး (ရှောင်ကွင်းတဲ့သဘောပါဘုရား)။ နောက်ကို ဒီလိုလဲ မရှောင်ပါနဲ့ တော့။

သြော် … ဒီအညံ့ကို နောက်ဆက်ပြီးတော့ ၀ီရိယရော၊ ပညာရော ဂရုစိုက်လိုက်မယ်၊ ဦးတိုက်လိုက် မယ်ဆိုရင် ဒကာဒကာမတို့ မရပေဘူးလား (ရပါတယ်ဘုရား)၊ အဲဒီတော့ကို ယနေ့ကစပြီး သူတစ်ပါးကို ရှောင်လွှဲပြီးသကာလ စွဲချက်မတင်လိုက်ပါနဲ့ဆိုတာ မတင်ရီ မပြောထိုက်ဘူးလား (ပြောထိုက်ပါတယ် ဘုရား) ဒကာသိုက် ပြောထိုက်တယ် (မှန်ပါ့)။

ဘုန်းကြီးဆီတရား လုပ်ရတာ မလယ်ဘူးလို့ မောင်ထွန်းလှိုင်တို့က ဆိုချင်သေးလား (မဆိုချင်ပါဘူး ဘုရား)။

ညံ့မှန်းသိလို့ ဘုန်းကြီးက ပြင်ပေးနေတာ

စင်စစ်တော့ ကိုယ်ညံ့တာ ဆရာသမားတို့က ညံ့မှန်းသိလို့ပြင်ပေးတာ ဒကာစိန် (မှန်ပါ့)၊ ဒီနေ့ အနှောင့်အယှက်တွေ တယ်များပါဘုရား၊ ဒီနေ့ အနှောင်အယှက်တွေ တယ်များပါဘုရား သမာဓိကို မရဘူးဆိုတော့ သူ့ဟာ သမာဓိရိုးရိုး ဖြစ်နေတယ်၊ ဣနြေ္ဒမထိုက်ဘူး (မှန်ပါ့ဘုရား)၊ ဗိုလ်မထိုက်ဘူး၊ မဂ္ဂင် မထိုက်ဘူး (မှန်ပါ့)၊ အဲဒါကြောင့် ဒကာ ဒကာမတို့ ဒီပြောလုံးထောက်တာ၊ ရိပ်မိကြပလား (ရိပ်မိပါပြီဘုရား)။

ဒါဖြင့် ကိုယ့်ဖို့ကို ပြင်ပေးကြပါဆိုတာ ဘုန်းကြီးက ကူညီပေးလိုက်တယ် ကိုင်း … ဒီတစ်ခါ ကားသံ ကြားတယ်၊ သားတွေ သမီးတွေ ဆူသံကြားတယ်၊ မင်းတို့ ဆူသံ ပူသံတွေက သက်သက် မာရ်နတ်တွေပဲ၊ သက်သက် မာရ်နတ်တွေပဲ၊ မင်းတို့ မာရ်နတ်တွေ မလာခဲ့နဲ့ကွ (မှန်ပါ့)။

ဒီတစ်ခါဖြင့် ဘယ်သူ့ကြောင့်မှ မလှုပ်ရအောင် တည်တည်တံ့တံ့ကိုပဲ ဣနြေ္ဒထိုက်အောင် လုပ်လိုက်ဦးမးယ်၊ ကြိုးစားပြီးတော့ လုပ်လိုက်ဦးမယ်၊ သတိထားလုပ်လိုက်ဦးမယ်ကွ ဘာကိုမှ ဂရုမစိုက် တော့ဘူးကွာလို့ ပြင်လိုက်လို့ရှိရင် တစ်ဆင့်တက်သွားတယ်။ မတက်ပေဘူးလား (တက်ပါတယ်ဘုရား)။

သမာဓိမဂ္ဂင်ဖြစ်ရင်အပါယ်ပိတ်ပြီ

အေး … ဒါကြောင့် အလုပ်သင်တယ်၊ အလုပ်သင်တယ် ဆိုတာ ဒကာ ဒကာမတို့ ဟိုအလုပ်ပြီး ဒီအလုပ်သင်ရတာမဟုတ်ဘူး။ သမာဓိလေးက သမာဓိကြီးဖြစ်အောင်၊ သမာဓိကြီးကနေပြီး သကာလ မဂ္ဂင်ဖြစ်အောင် သင်နေရတာ။

ဒီသမာဓိတစ်ခုလုံးကိုပင် ရိုးရိုးသမာဓိတစ်မျိုး (တင်ပါ့) ဣနြေ္ဒထိုက်တဲ့ သမာဓိတစ်မျိုး၊ ဗိုလ်ထိုက်တဲ့ သမာဓိတစ်မျိုး၊ မဂ္ဂင်ထိုက်တဲ့ (တစ်မျိုးပါဘုရား)၊ တစ်မျိုးပဲတဲ့၊ သမာဓိကို လေးမျိုးလောက် ထားပြီးသကာလ ပြောနေရတော့ သြော် … ကိုယ် မဂ်ဖိုလ် မရတာ ဘာကြောင့်ပါလိမ့်မတုံး ဆိုတော့ သမာဓိ ရိုးရိုး ဖြစ်နေလို့ (မှန်လှပါဘုရား)။ သမာဓိနြေ္ဒ ဖြစ်နေလဲ နည်းနည်းနီးလာပြီ၊ သမာဓိဗိုလ် ဖြစ်လာလဲ ဒီထက်ပိုနီးလာပြီ၊ သမာဓိမဂ္ဂင် ဖြစ်ရင်တော့ ခင်ဗျားတို့ အပါယ်တံခါး ပိတ်ပြီ။

ဒါဖြင့် အဆင့်ဆင့် တက်ရမယ်ဆိုတော့ ဒီတစ်လုံးကိုပင်လျှင် အားစိုက်မှု ပိုပိုပေးရမှာသကိုး ဆိုတာဖြင့် ဆုံးဖြတ်ချက်ချကြပါ။ (မှန်ပါ့) အားစိုက်မှု ပိုပိုပေးရတယ် (မှန်လှပါဘုရား)။

(တပည့်တော် လျှောက်ပါရစေဘုရား၊ အဖန်ဖန် ပွားရတယ်ဆိုတာ ဖြစ်ပျက်ကနေပြီး ပြန်ရသလား ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခ ရောက်အောင် ပြီးမှ ပြန်ရသလားဘုရား)။

အဖန်ဖန်ပွားတယ်ဆိုတာ

အဖန်ဖန်ပွားဆိုတာ ဒကာ ဒကာမတွေ ဥပမာ ဒကာစိန်အောက်က ဒုက္ခဝေဒနာ ပေါ်နေတယ်၊ ဒုက္ခဝေဒနာပေါ်နေတာ့ ဒါလေးကို ဒကာစိန်က သမာဓိနဲ့ ဖြစ်ပျက်ကို စူးစိုက်ရမယ်၊ ပညာကလဲ အဲဒီဘက် ကို ဦးတည်ရမယ် (မှန်ပါ့)။

အဲဒီဥစ္စာ ဦးတည်ပြီး နေလို့ရှိရင်ဖြင့် ဝေဒနာက ပေါ်လိုက်၊ သူက ရှုလိုက်၊ သမာဓိ၊ ပညာက ရှုလိုက် ပေါ့ဗျာ၊ ဝေဒနာက ပေါ်လိုက် ပျက်လိုက်၊ ဝေဒနာက ပေါ်ပျက် လုပ်ပျက်၊ သမာဓိ ပညာက ရှုလိုက် (တင်ပါ့)၊ ဒီလိုချည့်နေတာကို အဖန်ဖန်ပွားတယ်လို့ ဆိုတာ (မှန်လှပါဘုရား)။

အဲဒီလို အဖန်ဖန်ပွားတော့ ဒကာစိန် ဘာတက်ရဦးမှာတုံးလို့ မမေးပါနဲ့တော့ ဖြစ်ပျက်သည်ပင်လျှင် ဒကာစိန်ရေ သမာဓိ၊ ၀ီရိယ ရင့်လာလို့ရှိရင် ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခ၊ ဖြစ်လာလိမ့်မယ် (တင်ပါ့)၊ ဖြစ်ပျက်ရှုရာက ပြောင်းသွားတာ ဖြစ်ပျက်ရှုရင်းမတ္တနဲ့ ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခ ဖြစ်လာတာ (မှန်ပါ့)။

ဒါ မပြောင်းနဲ့ဦး။ ဒီအတိုင်းပဲ ဒီနေရာစိုက်ရှု စိုက်ရှုရင်းမတ္တနဲ့ ဖြစ်ဒုက္ခ ပျက်ဒုက္ခ မြင်နေတဲ့ ဥစ္စာ ဒီထက်ဥာဏ်က သမာဓိ ပညာက မဂ္ဂင် ဆိုက်လာပြီဆိုမှာဖြင့် ဟာ သူတို့နှစ်ခုပဲ ၀ိပရိဏာမ ဒုက္ခတွေပါလား လို့ သူ့ဟာသူ ပြောင်းသွားတယ်။ သဘာကျပြီလား … (မှန်ပါ့)၊ ဒကာစိန်တို့က မပြင်ရဘူးနော် … (မှန်ပါ့)။

ဖြစ်ပျက်ပဲ အဓိပထားပါ

ဒကာစိန်တို့က အဓိကထားရမှာက ဖြစ်ပျက်ပဲ အဓိကထားရမယ် (တင်ပါ့) ဖြစ်ပျက်အဓိကထားရင် သမာဓိပညာက ဣနြေ္ဒထိုက်လာတဲ့ အခါကျတော့ ဖြစ်ဒုက္ခ ပျက်ဒုက္ခ တက်လာလိမ့်မယ်၊ သူ့ဟာသူနော် (တင်ပါ့)။

နောက် ဒကာစိန်ရ မဂ္ဂင်ဆိုက်တာတော့ ဘယ့်နှယ့်ဖြစ်မလဲ (၀ိပရိဏာမဒုက္ခ တက်လာမယ်ဘုရား)၊ အင်း-ဒီအတိုင်းဖြစ်ရမယ် ၀ိပရိဏာမဒုက္ခဖြစ်လာလိမ့်မယ်၊ ၀ိပရိဏာမဒုက္ခဖြစ်လာလိမ့်မယ် (မှန်ပါ့)။ အဲဒီလို အာရုံက ပြောင်းပြောင်း ပြောင်းပြောင်းသွားလိမ့်မယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ပထမ ဒီဖြစ်ပျက် ပြမယ်။ နောက်ဖြစ်ပျက် ရွံမုန်းပြီး ငြီးငွေ့ ဖြစ်ပျက်ကပဲပြမယ်၊ နောက်ကျတော့ ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခလို့ အာရုံက ပြမယ်။ ဒကာစိန်က ပြင်မကြည့်နဲ့ ပြင်မကြည့်နဲ့ ဒီနေရာပဲ ကြည့်နေ၊ ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခ ပြလာလိမ့်မယ (မှန်ပါ့ဘုရား)။

နောက်ကျတော့ ပြင်မကြည့်နဲ့။ ဖြစ်ဒုက္ခ ပျက်ဒုက္ခသည်ပင်လျှင် ၀ိပရိဏာမဒုက္ခ ဖြစ်လာလိမ့်မယ် ဒကာ ဒကာမတို့ (မှန်ပါ့)၊ အဲဒီ ၀ိပရိဏာမဒုက္ခ ဖြစ်လို့ရှိရင်ဖြင့် သူက ၀ိပရိဏာမ ဒုက္ခ ဒကာစိန်တို့ သမာဓိ ၀ီရိယတို့က မဂ္ဂ လာဖြစ်မယ်။ ရိပ်မိပလား (ရိပ်မိပါပြီ)။

ပညာနှင့် သညာ

ကိုင်း - ဒကာစိန်က အာရုံပေါ် မပြောင်းနဲ့၊ ဖြစ်ပျက်ဆီသာတည့်နေ၊ သူ့ဟာသူ ဖြစ်ပျက်က အမျိုးမျိုး ပြောသွားလိမ့်မယ်။ ရိပ်မိပလား (ရိပ်မိပါပြီ)။ ကိုယ်က ပြင်ရမယ်လို့ သွားမယူကြနဲ့။ ကိုယ်က ပြင်ရမယ်လို့ သွားယူလို့ရှိရင်ဖြင့် ခင်ဗျားတို့ ဒီဥစ္စာ ဥာဏ်တက်တာ မဟုတ်ဘူး၊ သညာတက်တာ ဖြစ်သွား လိမ့်မယ်။ ဥာဏ်တက် မဖြစ်ဘူး၊ သညာတက် ဖြစ်သွားလိမ့်မယ်။ နားလည်ကြလား (နားလည်ကြပါပြီ ဘုရား)၊ နားလည်ပြီနော် (တင်ပါ့)။

ဝီရိယက ဇာတ်လိုက်

အဲဒီတော့ကို သမာဓိဆိုတဲ့ ဥစ္စာဟာ သူ့ချည်းသက်သက် တည်တယ် သမာဓိနြေ္ဒ ဆိုက်အောင်၊ သမာဓိဗိုလ်ဆိုအောင် ဆိုငြားသော်လဲ ယနေ့မှတ်လိုက်။ ၀ီရိယ အကူအညီ ရတဲ့သမာဓိနြေ္ဒ တစ်မျိုး၊ ၀ီရိယ အကြီးဆုံး အကူအညီရတဲ့ သမာဓိမဂ္ဂင် တစ်မျိုး၊ အဲဒီတော့ ၀ီရိယက နေရာတိုင်းမှာ ပင့်ပေးနေတာ ဒကာ ဒကာမတွေ ရိပ်မိပလား (ရိပ်မိပါပြီဘုရား)။

ဝီရိယက ကူပေးရမယ်။ သမာဓိ ရိုးရိုးက ၀ီရိယ အကူနည်းတယ်၊ သမာဓိနြေ္ဒဆိုတော့ ၀ီရိယ နည်းနည်းရင့်မလာဘူးလား (လာပါတယ်)၊ ရင့်လာတာ ကြာတော့ ၀ီရိယ အကူများတယ်။ နောက်တစ်ခါ သမာဓိမဂ္ဂင် ဖြစ်တော့မယ်ဆိုရင်ဖြင့် ၀ီရိယက ဒီထက်ပိုကြီးတယ်။

ဝီရိယသုံးမျိုးကြောင့် သမာဓိသုံးမျိုး

အဲဒီတော့ သမာဓိက သုံးမျိုးပြားတာသည် ဘာကြောင့် သမာဓိ သုံးမျိုး ပြားရသလဲဆိုတော့ ၀ီရိယ သုံးမျိုး ပြားလို့ပြားတာ။ ၀ီရိယ သုံးမျိုးပြားလို့ သမာဓိသုံးမျိုး ပြားသည်၊ ဒီနေ့ည ဒါ အထူးမှတ်ပါ။

ဝီရိယ သုံးမျိုးပြားတဲ့အတွက် (သမာဓိသုံးမျိုး ပြားပါတယ်ဘုရား)၊ သမာဓိသုံးမျိုးပြားတယ်ဆိုတော့ ၀ီရိယက ဇာတ်လိုက်ပါလားဆိုတာ ပေါ်မလာဘူးလား (ပေါ်လာပါတယ်ဘုရား)။

ဝီရိယသည်ကား ဆိုရင်ဖြင့် ဣနြေ္ဒ ထိုက်လာမယ်၊ ဒီထက်ပိုပြီး မင်းတို့ ဂရုပ်စိုက်လိုက်ဦးကွဆိုပြီး ဂရုစိုက်လိုက်လို့ရှိရင် ၀ီရိယက ဘာဖြစ်လာမလဲ (မဂ္ဂင် ဖြစ်လာမယ်)၊ မဂ္ဂင် ဖြစ်လာမယ်။ ဒါ သေသေချာချာ မှတ်ကြပါ။

သာမည ၀ီရိယ၊ အလတ်စား ၀ီရိယ၊ အကြီးဆုံး ၀ီရိယ (မှန်ပါ့)၊ အဲဒီ ၀ီရိယ ကူသလောက် သမာဓိ ကြီးပြီလို့မှတ်လိုက်။ သမာဓိ ကြီးပြီလို့ မှတ်လိုက်၊ ရှင်းပလား (ရှင်းပါပြီဘုရား)။

ဝီရိယကြီးသလောက် ပညာကြီးတယ်


ဝီရိယ ကြီးသလောက် (သမာဓိ ကြီးပါတယ်ဘုရား)၊ ၀ီရိယ ကြီးသလောက် ပညာကြီးတယ်။ ၀ီရိယ ဘယ်လောက် အရေးကြီးသလဲ (မှန်ပါ့)၊ ကိုထွန်းရင် ၀ီရိယ အတော်အကူအညီလိုတယ်နော်။ အဲဒီတော့ ဒကာ ဒကာမတို့ ၀ီရိယဘယ်လောက် အရေးကြီးကြောင်းကော သိပလား (သိပါပြီဘုရား)။

သမာဓိ ရင့်ကျက်အောင်၊ ရင့်ကျက်အောင် ဆိုလို့ရှိရင်ဖြင့် ၀ီရိယ အကူအညီပေါ်မှာ အကုန်မှီနေ တာပဲ (မှန်ပါ့)။

သမာဓိ ရင့်ကျက်အောင်၊ ရင့်ကျက်အောင် ဆိုလို့ရှိရင်ဖြင့် ၀ီရိယ အကူအညီပေါ်မှာ အကုန်မှီနေ တာပဲ (မှန်ပါ့)။

ဝီရိယ အလွန့်အလွန် အားစိုက်ရင် သမာဓိသည်ပင် မဂ္ဂင် ဖြစ်လာတယ်။ ၀ီရိယကလဲ မဂ္ဂင်ဖြစ်လာ၊ သမာဓိကလဲ မဂ္ဂင်ဖြစ်၊ ပညာကကောဗျာ (မဂ္ဂင်ဖြစ်ပါတယ်ဘုရား)၊ အကုန်မဂ္ဂင်ဖြစ်ကုန်ရော။

ဝီရိယကြောင့် တစ်ခါတည်း ကြီးပွားပြီး သကာလ လိုရာခရီး ရောက်တယ်ဆိုတာ မောင်မြင့်တို့ နားထောင်ကြည့်တာပေါ့နော်။

မဟာမိတ္တရဟန်း

ရှေးက ဘုရားလက်ထက်က ကဿကလိုဏ်ဂူဆိုတာရှိတယ်။ သာဝတ္ထိပြည်မှာ ကဿကလိုဏ်ဂူ ဆိုတာ ရှိတယ်။ အဲဒီကဿက လိုဏ်ဂူထဲမှာ ရဟန်းတစ်ပါးဟာ တရားဓမ္မ ကြိုးစားနေတယ်။ အရိယာ မဖြစ်သေးဘူး (မှန်ပါ့)။

ဒီလိုပဲ ဝေဒနာတွေရှု၊ ခန္ဓာရှုနေတာပဲ၊ ဝေဒနာက္ခန္ဓာရှုနေတာပဲ။ ရှုပင်ရှုငြားသော်လည်း ဘာမှ မရီးမပေါက်ဘူး။ လျှော့ပေါ့လုပ်နေတာကိုးကွ။ လျှော့ပေါ့လုပ်နေတော့ မတူတို့ ခရီးမပေါက်ဘူးပေါ့ဗျာ။ လျှော့ပေါ့လုပ်နေတော့ ခရီးမပေါက်ဘူး ဒေါ်အုန်းခင် ရ၊ ဒေါ်ရွှေ (မပေါက်ပါဘူးဘုရား)။

သို့သော်လဲ သူရဲ့အကြောင်းအကျိုးက ဘယ်လိုဖြစ်လာသလဲဆိုတော့၊ နေ့တိုင်းဆွမ်းခံသွားရာမှာ ဒကာမကြီး တစ်ယောက်က သားအမှတ်နဲ့ ကိုးကွယ်တယ်၊ (မှန်ပါ့) သားအမှတ်နဲ့ ကိုးကွယ်တယ်။

မယ်တော်ကြီး၏ သဒ္ဓါတရား

ဆေးလေး၊ ဆွမ်းလေး (၁၁) နှစ်လောက် လောင်းပြီးနေတော့ သားအမှတ်နဲ့လဲ ကိုးကွယ်တော့၊ ဆွမ်း လွယ်လွယ်ကူကူ ရပြီးနေတာနဲ့ မှန်မှန်ပဲ အားထုတ်နေတယ်။ တစ်စ တစ်စ တက်လိမ့်မဟေ့ဆိုပြီး မှန်မှန်ပဲ အားထုတ်တယ်။ ဆွမ်းခံပြန်လာလိုက်၊ အားထုတ်လိုက် ဒီလိုချည်းနေတာနဲ့ ခရီးမပေါက်ဘူး (တင်ပါ့ဘုရား)။

တစ်နေ့သ၌ကျတော့ တစ်ခါတည်း ဆွမ်းခံထွက်ပြန်တယ်။ ဆွမ်းခံထွက်တော့ ခုနက သူ့မယ်တော် ကြီးကတော့ ဆွမ်းပြုစုနေတဲ့ ဒကာမကြီးမှာ သမီးတစ်ယောက်ရှိတယ်။ အဲဒါ မယ်တော်ကြီးက သူတောထဲမှာ တောင်သူယာလုပ် သွားမလို့အထွက်၊ ရဟန်းကလဲ သပိတ်ပိုက်ပြီး အိမ်နဲ့ မနီးမဝေးအရောက်၊ သူ့သမီးနဲ့ မအေနဲ့ စကားပြောနေတယ် (မှန်လှပါ)။

ဘုန်းကြီးလာရင်ဘာလောင်းရမှာတုံး

အမေ ဒီနေ့ ဘာလောင်းရမှာတုံး မောင်ဘုန်းကြီးလာရင် ဘာလောင်းရမှာတုံး? အေး … ဟိုနေရာမှာ ထောပတ်ရှိတယ်၊ ဟိုနေရာမှာ ပျားရည်ရှိတယ်။ အဲဒီ ထောပတ်တွေ ပျားရည်တွေနဲ့ ဘယ်လို၊ ဘယ်လိုလုပ်၊ ထောပတ်ကို ဘယ်ဟာနဲ့ ဘယ်ဟာကျော်။ ကောင်းပေ့ဆိုတဲ့ ဆန်ဆိုတာ ဘယ်အနားမှာရှိတယ်၊ အဲဒါကို ငါ့သားလာလို့ရှိရင် လောင်းပါ။

ဒါတွေ သူက ကြားတယ်၊ ရဟန်း အိမ်နားရောက်လာပြီ ဟောဗျာ ကြားတယ်။ နောက်ကျတော့ အမေ ဒါဖြင့် အမေပြန်လာတဲ့ အချိန်ကျတော့ ဒါတွေ သံဃာတော် လောင်းလိုက်တဲ့ အခါ အမေ ပြန်လာတော့ ဘာတွေ စားမလဲ?။

အမေပြန်လာတော့ ဘာနဲ့စားမှာလဲ

အို … မနေ့ကကျန်တဲ့ ဆန်ကွဲထမင်း၊ ပုန်းရည်ကြီးရှိတယ်။ အင်း … အမေ့အတွက် ညစာကို ဘယ့်နှယ်လုပ်ရမှာတုံး။ အိုးကြွင်း အိုးကပ်နဲ့ပဲ စားပါ့မယ်၊ ကိစ္စမရှိပါဘူး။ ငါ့အတွက်ကတော့ အထူးဂရုမစိုက်နဲ့။ ကျန်တဲ့ဟင်းနဲ့ ကျန်တဲ့ဟာလေးနဲ့ပဲ သုံးဆောင် စားသောက်မယ်လို့ဆိုတော့ ရဟန်းက ကြားတယ် (မှန်လှပါ ဘုရား)။

ဒီဆွမ်းသာမည စားလို့မဖြစ်ဘူး

ရဟန်းက ဒီအနားရောက်လာပြီဆိုတော့ ၀ါးနှစ်ရိုက်သုံးရိုက်ကွာဆိုတော့ ကြားတယ်၊ ကြားတော့ သြော် … သူ ကိုယ်တိုင်ကတော့ ဆန်ကွဲထမင်းဟင်းနဲ့ စားမယ်၊ ဆန်ကွဲ ဆန်ညှာတွေ ချက်စားမယ်၊ ကျန်တဲ့ ဟင်းအိုးကပ် ဒါနဲ့ပြီးအောင်လုပ်မယ်၊ ငါ့တော့ သားအမှတ်နဲ့ တစ်ခါတည်း ထောပတ်ချက်လဲပါတယ်၊ ပျားသကာလဲပါတယ်၊ ဒါချက်ပြီးလောင်းလိုက်လို့ မှာနေတာ ကြားတယ် (မှန်ပါ့)။

ဒီဆွမ်း သာမည စားလို့မဖြစ်ဘူး၊ ဒီဆွမ်း ပုထုဇဉ်အဖြစ်နဲ့ စားလို့ရှိရင် အဆိပ်စားမိသလို ဖြစ်လိမ့်မယ် (မှန်လှပါ ဘုရား)။

လေးမဂ်စလုံးမှမရရင်မထတော့ဘူး

ဟိုက သဒ္ဓါက သိပ်ထက်သန်တယ်၊ သဒ္ဓါထက်တယ်ဆိုတော့ ပုထုဇဉ် ရဟန်းအဖြစ်နဲ့ စားလိုက်လို့ ရှိရင် လောဘ၊ ဒေါသ၊ မောဟနဲ့ စားမိလို့ရှိရင်ဖြင့် ကိုယ့်မှာ သံတွေခဲ စားရသလို ငါဒုက္ခကြီး လှလှရချေရဲ့ ဆိုပြီးသကာလ သူ့ကိုယ်သူ စဉ်းစားတယ်၊ သပိတ်ပိုက်ပြီး ဆွမ်းခံလာတဲ့ ဥစ္စာ ဒေါ်သန်းရေ ပြန်ပြီး ကျောင်း ပြန်တယ် (မှန်ပါ့)။

ကျောင်းပြန်ပြီးသကာလ သူ့လိုဏ်ဂူထဲ သူပြန်ဝင်တယ်၊ ဒီနေ့လေးမဂ်စလုံးမှ မရလို့ရှိရင် မစားတော့ ဘူး၊ မထတော့ဘူး၊ ဒီဆွမ်း သာမညနဲ့ စားထိုက်တဲ့ဥစ္စာ မဟုတ်ဘူး။ အရိယာမှ စားထိုက်တဲ့ ဆွမ်းဖြစ်နေ တော့ အရိယာဖြစ်အောင် ကြိုးစားတော့မယ် မထတော့ဘူး၊ အရိယာဖြစ်အောင် ကြိုးစားတယ်။ ဒီလို မလာဘူးလား (လာပါတယ်ဘုရား)၊ မထဘူးဆိုပြီး အဓိဋ္ဌာန်ချလိုက်တယ်။

ဒေါ်အုန်းခင်ရေ မထဘူးတဲ့။ ရိပ်မိကြပလား (ရိပ်မိပါပြီ) ခင်ဗျားတို့ကတော့ မထဘူးဆိုတာ တယ်လာခဲတယ် (မှန်လှပါ ဘုရား)။

ဝီရိယပြင်းထန်တော့ပညာထက်လာတယ်

သြော် … ဒေါ်အုန်းခင်တို့ အားလုံးက မထဘူးဆိုတဲ့ စိတ်ဟာလဲ၊ မရမထဘူးဆိုတဲ့ စိတ်ဟာလဲ ၀ီရိယ ပြင်းထန်တော့ သမာဓိလဲ ထက်လာတယ်၊ ပညာရော (ထက်လာပါတယ်)။

အေး … ဒါကြောင့် ၀ီရိယ အကူအညီရမှ သမာဓိတွေလည်း ပိုမို အားရှိတယ်။

အဲဒီတော့ ခုနက ရဟန်းက တစ်ခါတည်း ပထမ ဒကာစိန် ပြောတဲ့ ဖြစ်ပျက်ကိုရှုတယ် (မှန်ပါ့)၊ သမာဓိတွေကော။ ၀ီရိယ တိုးတက်ပြီး ရှုလိုက်တော့ ဖြစ်ဒုက္ခ ပျက်ဒုက္ခတွေ ရောက်လာတယ်၊ နောက် ဒီထက် တိုးလိုက်တယ် (မှန်ပါ့)။

ဒီထက် တိုးပြီးဥာဏ်နဲ့ သမာဓိနဲ့ ပညာနဲ့ တိုးလိုက်ပြန်ရော။ တိုးလိုက်တဲ့အခါကျတော့ ဟိုက ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခ မဟုတ်တော့ဘူး။

ဝိပရိဏာမ ဒုက္ခသစ္စာ ဆိုတဲ့ ဒုက္ခသစ္စာ လက္ခဏာပေါ်လာတယ်။ ဝေဒနာလေးက ဒုက္ခသစ္စာ လက္ခဏာ ပေါ်လာတယ်။ ဖြစ်ပြီး ပျက်သွားတဲ့ လက္ခဏာလေးပေါ့ (မှန်ပါ့)။

မဂ်ရတယ်ဆိုတာ တခြားမဟုတ်ဘူး

အဲဒီ လက္ခဏာလေးနဲ့ ဥာဏ်နဲ့လဲ တည့်လာရော တစ်ခါတည်း မဂ်ရတယ်၊ မဂ်ရတော့ မဂ်ရတာ ဆိုတာ တခြားမဟုတ်ပါဘူး။ ဟိုဥာဏ်နဲ့ ဒီဥာဏ် တည့်တာ မဂ်ပဲဗျ (မှန်ပါ့)။

ဖျတ်ဆိုလေးပဲ။ ၀ိပရိဏာမ ဒုက္ခတွေလဲ ချုပ်သွားရော တစ်ခါတည်း နိဗ္ဗာန်မြင် ဆိုတော့ ဒုက္ခ၏ အဆုံးဖြစ်တဲ့ နိဗ္ဗာန်ကြီး ပေါ်လာတယ် (မှန်ပါ့)။

ဆက်ပြီး ကြိုးစားတော့ ဆုံးတာ မြင်အောင် ပြန်စရတယ်။ ဝေဒနာ ဖြစ်ပျက်ကနေ ပြန်စတယ်။ ကြိုးစားရင်းပဲ ဆိုပြီး ဆက်ပြီး ကြိုးစားပြန်တော့ ဖြစ်ဒုက္ခ ပျက်ဒုက္ခ တက်လာရော တော်တော်ကြာ ကျတော့ ဒီထက်ပိုပြီး ကြိုးစားလိုက်မယ်ဆိုတော့ ၀ိပရိဏာမဒုက္ခမြင်ပြီး မဂ်ဝင်လာပြီး တစ်ခါတည်း နိဗ္ဗာန်အာရုံပြု လိုက်တာပဲ ၀ိပရိဏာမဒုက္ခ အဆုံးမှာ နိဗ္ဗာန်တွေ့တယ် (မှန်ပါ့)။

နှစ်မဂ်ရပြီ ထပ်ပြီးကြိုးစားဦးမယ်

အဲဒီတွင် သစ္စာလေးပါး ထင်လိုက်ပြန်တယ်၊ နှစ်ခါရှိပြီ မရသေးဘူး ကြိုးစားဦးမယ်၊ လေးမဂ်ရမှ သူဆွမ်းစားမှာကိုးကွ (မှန်ပါ့)။

အမယ်လေး တကယ့် ကိုယ်တော်ပါပဲလို့ (မှန်ပါ့)၊ ဒကာသိုက်ရေ သာဓုတန်းက မနေနဲ့နော် (မှန်လှပါဘုရား)။

သာဓုတန်းက မနေကြနဲ့

သာဓုတန်းကတော့ မနေနဲ့။ ကိုယ်လဲ ဒီအတိုင်း လုပ်ရမယ်။ (မှန်ပါ့) နို့မို့ရင် သာဓုခေါ်ပြီး ပြန်သွားမှာစိုးတယ် (မှန်ပါ့) ဟုတ်လား။ ဒီအထဲ သာဓုခေါ်ပြီး ပြန်မည့်သူ ပါသေးလား (မပါပါဘူးဘုရား၊ ကြိုးစားလုပ်ပါ့မယ်ဘုရား)။

အေး … သာဓုခေါ်ပြီး ပြန်သွားမှာစိုးတယ်။ တချို့ ဒကာ ဒကာမတွေက သူများ တော်တာတွေ တွေ့တော့ဟာ တော်လိုက်တာ သာဓု၊ သာဓု၊ သာဓု ဆိုပြီး ကိုယ်မလုပ်ဘူး ပြောပြတာ (မှန်ပါ့ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒီနေ့ ဘယ်လို ပြန်ကြမှာလဲ (သာဓု မခေါ်ပါဘုရား)၊ သာဓု မခေါ်ဘူး၊ ကိုယ်ကိုယ်တိုင် ကိုယ့်ကို သာများက သာဓုခေါ်အောင် ကျင့မယ်၊ ကိုယ်က သူများကို မခေါ်ဘူး။ ကိုယ့်ကို သူများက ခေါ်ရအောင် ကျင့်မယ်။ ဒီလိုနေမှ ဟန်တော့ မပေါ့် (မှန်ပါ့)။ ခင်ဗျားတို့ သာဓုကိုလဲ ကျုပ်က မုန်းပါတယ် ဟုတ်လား (မှန်ပါ့)။

သူများတွေ မဂ်ဖိုရတယ်ဆိုရင် အင်း … တော်လိုက်တာ၊ မိကောင်းဖခင် သားသမီး ပီလိုက်တာ၊ သံသရာအရေး မျှော်တွေးပြီးသကာလ အင်မတန်မှ အမြော်အမြင်ကြီးပါပေတယ်၊ သာဓု ခေါ်လိုက်တာ တချို့ဖြင့် မဆုံးနိုင်ဘူး (မှန်ပါ့)။

ဒါပြန်တော့မယ်ဆိုတာ သေချာပြီ သူမလုပ်တော့ဘူးဆိုတာ ကတော့ (သေချာပါပြီ) သေချာပလား (သေချာပါပြီဘုရား)၊ ဒီလိုများ ခေါ်ဖူးခဲ့သလား ဒေါ်အုန်းခင် (ခေါ်ဖူးပါတယ်ဘုရား)။

သူများက သာဓုခေါ်ချင်အောင် ကျင့်ပါ

ဒကာ ဒကာမတွေ သူများကို သာဓုခေါ်မလား၊ ကိုယ်ကိုယ်တိုင် သာဓု ခေါ်ထိုက်အောင် လုပ်မလား (ကိုယ်တိုင် သာဓုအခေါ်ခံထိုက်အောင် လုပ်ပါတယ်ဘုရား)၊ အဲဒီကျမှ အမှန်နော် (မှန်ပါ့)။

ဒကာသိုက်ရေ ဘယ်လို လုပ်ကြမှာတုံး (ကိုယ်ကိုယ်တိုင် သာဓု ခေါ်ခံနိုင်အောင် လုပ်ရမယ်ဘုရား)၊ ကိုယ်ကိုယ်တိုင် သာဓု ခေါ်ထိုက်အောင်၊ သူများက ကိုယ့်ကို သာဓုခေါ်ချင်အောင် လုပ်ရမယ်။ သူများကို ကိုယ်ကခေါ်နေရင်ဖြင့် ကိုယ်နောက်ဆုတ်တဲ့ သဘောပဲ သက်ရောက်တယ် (မှန်လှပါဘုရား)။

ဘုန်းကြီးတရား ပြီးတဲ့နောက် လူအများ သာဓု မခေါ်ကြဘူးလားဗျာ။ (အဲဒီကဲ့သို့ ဘုန်းကြီးအတု ယူပြီး သကာလ ဒီအဖြစ်မျိုးဖြစ်အောင် ကြိုးစားပါ့မယ်ဘုရား)။

ကြိုးစား ဒီအတိုင်းပေါ့။ အခု ကိုယ်တော် အတိုင်းပေါ့ဗျာ၊ အခု ကိုယ်တော်အတိုင်း ကြိုးစားရမယ်။

ရဟန္တာဖြစ်သွားပြီ

ဒါနဲ့ပဲ စတုတ္ထမဂ် ကျအောင်ဆိုတော့ မဂ်ကုန်ရောပေါ့ဗျာ။ ဒကာစိန် မဂ်လေးမဂ်ရတယ်။ လေးမဂ်ရ တဲ့အခါကျတော့ သူ မနက်က ဆွမ်းခံကြွတဲ့အချိန်။ ခုနစ်နာရီက တစ်ခါတည်း သူဂူပေါက်ပိတ်ပြီး အားထုတ် နေတာ လိုဏ်ဂူပေါက် ဖွင့်လိုက်တဲ့အခါကျတော့ ရှစ်နာရီလောက်ရှိပြီ၊ တစ်နာရီနဲ့ လေးမဂ်ရတယ်။ တစ်နာရီ နဲ့ လေးမဂ်ရတော့ သူ့ဂူဒေါင့်မှာ ပေါက်နေတဲ့ သစ်ပင်စောင့်နတ်က သိတယ်၊ ဒီကိုယ်တော် အတော်ခရီး ပေါက်ပြီ၊ အတော်ခရီးပေါက်ပြီ၊ ရဟန္တာ ဖြစ်သွားပြီဆိုပြီး သူက ဂါထာလေး စပ်တယ်။

သစ်ပင်စောင့်နတ်က ရှိခိုးတယ်

ပုရိသာဇည - ယောက်ျားပညာရှိ၊ တေ - အရှင်မြတ်အား နမော - ရှိခိုးပါ၏။ နတ်က ရှိခိုးလိုက်တယ်။ ပုရိသာဇည ယောက်ျားမြတ်၊ တေ - အရှင်မြတ်အား နမော - ရှိခိုးခြင်းသည်။ အတ္ထု - ဖြစ်ပါစေသတည်း အရှင်ဘုရား။ သူက နှစ်ဦးနဲ့ ရှိခိုးရမှာကိုး။

ယဿ - အကြင်အရှင်ဘုရား၏ တေအာသ၀ါ - ထို အာသဝေါတရားတို့သည်၊ ခီဏာ - ကုန်ပါပြီ ဘုရား။ အရှင်ဘုရား အာသဝေါ ကုန်သွားပြီ။ သဘောကျပလား (ကျပါပြီ)။

မြတ်သောအလှူကို ခံထိုက်ပြီ

သူ့နတ်ကို ခေါ်လိုက်တယ်။ မာရိသ - အချင်း မိတ်ဆွေနတ်တို့ ယခုကြွလာတဲ့ ယခုအားထုတ်မှု ပြီးဆုံးတဲ့ ကိုယ်တော်သည် ဒက္ခိဏေယျော မြတ်သော အလှူကို ခံထိုက်သည် အသိဖြစ်၏၀ါ - ဖြစ်ပြီ။ အခုမှ မြတ်သော အလှူကို ခံထိုက်တယ် (မှန်ပါ့ဘုရား)။

အခုမှ အလှူခံထိုက်တယ် အို ဒကာမကြီးက သူကတော့ဖြင့် တော်အောင်စားပြီး။ အထက်ပုဂ္ဂိုလ်ကို ဒီလိုလှူမယ်ဆိုတာ အခုမှ အလှူခံထိုက်တယ်။ နတ်က နတ်ကပြောတယ် (မှန်ပါ့)၊ ဂူဒေါင့်မှာ ပေါက်နေတဲ့ သစ်ပင်စောင့်နတ်က တစ်ခါတည်း ထွက်လာတယ်။ အရှင်ဘုရား ဆွမ်းခံချိန် ရှိသေး တယ် ကြွပါဘုရားလို့ လျှောက်တယ် (မှန်ပါ့ဘုရား)။

အရိယာ၏ထူးခြားချက်

ဒကာ ဒကာမတွေ ယနေ့ည ပြောရမယ့် တရားက ထူးလဲထူးပါပေတယ်။ ဘယ်လို ထူးသလဲဆို တော့ အသားက ထန်းသီးမှည့်လို တက်လာတယ်။ အရိယ ဖြစ်တဲ့ ပုဂ္ဂိုလ် (မှန်ပါ့) ထန်းသီးမှည့်ဆိုတဲ့ ဥစ္စာသည် ထန်းသီးမှည့်တော့ ဒကာသိုက်တို့ မြင်ဖူးပါလိမ့်မယ်။ ထိပ်နားက ၀ါနေတယ်။ အေး … ထန်းသီးမှည့် ပမာကဲ့သို့ အသားအရေတွေ ၀ါကျင့်ကျင့် ဖြစ်လာတယ်။ ရိပ်မိပလား (ရိပ်မိပါပြီ)။

အသားအရေကထန်းသီးမှည့်ပလာ

အရိယာဖြစ်လာလို့ရှိရင်ဖြင့် ထန်းသီးမှည့်ကဲ့သို့ ၀ါကျင့်ကျင့် ဖြစ်လာတယ်။ စက္ခု၊ သောတ၊ ဃာန၊ ဇိဝှာ၊ ကာယတို့ဟာ ငြိမ်နေတယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ)။ စက္ခု၊ သောတ၊ ဃာန၊ ဇိဝှာ၊ ကာယတို့က ဘာဖြစ်သလဲ (ငြိမ်နေပါတယ်)၊ ငြိမ်ပြီး အသားအရေကတော့ ဘာဖြစ်သလဲ (ထန်းသီးမှည့်ကဲ့သို့ ၀ါကျင့်ကျင့် ဖြစ်ပါတယ်ဘုရား)၊ ထန်းသီးမှည့် ပမာကဲ့သို့ ဖြစ်တယ်။

ဘယ်လိုပဲ ဟိုက ချွတ်ချွတ်၊ ဒီက ချွတ်ချွတ်သူက ခြေလှမ်းမပျက်ဘူး။ ခပ်ဖြေးဖြေး ခပ်မှန်မှန် သွားလေ့ရှိတယ်။ ရိပ်မိပလား (ရိပ်မိပါပြီဘုရား)။

အသားအရေက ထန်းသီးမှည့်ပလာကဲ့သို့ အခုဖြူနေတဲ့ ပုဂ္ဂိုလ်သည် ၀ါကျင့်ကျင့် လာရတော့မယ်။ မည်းတဲ့ပုဂ္ဂိုလ်သည် ရဟန္တာဖြစ်လာတော့ မည်းပေမယ့်လဲ မည်းပြီးသကာလ သူက ပြေပြေပြစ်ပြစ်နဲ့ ကြည့်ကောင်းတဲ့ အဓိပ္ပါယ် ရောက်ရမယ်။ ရိပ်မိပလား (ရိပ်မိပါပြီဘုရား)။ အဲဒီကဲ့သို့ စက္ခု၊ သောတ၊ ဃာန၊ ဇိဝှာ၊ ကာယ၊ မျက်လုံး၊ နား၊ နှာခေါင်း၊ လျှာ ဒါတွေကလည်း အတော်တည်ငြိမ်ပြီး သကာလ လာတယ်။

အဲဒီလို တည်ငြိမ်ပြီး နေရာက ထွက်ကြည့်လိုက်တဲ့အခါ စောသေးတယ်လို့ နေက အစောချည်းရှိ သေးတာပဲဆိုပြီး သကာလ သပိတ်၊ ပရိက္ခရာတွေကိုလဲပြင် တန်းပေါ်က သင်္ကန်းကို ကပျာကယာယူပြီး  ရုံပြီး ဂူပေါက်ထွက်လာတယ်။

ရဟန်းဣနြေ္ဒတည်ငြိမ်တယ်

သမီးကလည်း မောင်လာခဲတယ်။ ယနေ့ နာရီ နောက်ကျတယ်ဆိုပြီး ပြူတင်းပေါက်က လာလမ်း ကို ထွက်မျှော်တော့ သူက အင်း ခါတိုင်းလာပုံနဲ့လည်း မတူဘူး ကလေးမလေးက၊ ရဟန်းဣနြေ္ဒတွေလည်း သိပ်ရတယ်၊ အသားအရေတွေလည်း ပြောင်းလာတယ်။ အင်း - ငါ၏ မောင်တော်တော့ဖြင့် တရားထူး တရားမြတ်တွေ ရပြီး ရနေပြီလား? မရဘူးလား? သူတော့ ဘယ်သိမလဲ (မှန်ပါ့)။

ခါတိုင်းနဲ့ မတူတာတော့ သိတယ်။ ခါတိုင်းနဲ့ မတူတာတော့ သူသိတယ်။ အဲဒီကဲ့သို့ လာတာနဲ့ တစ်ခါတည်း ဆွမ်းလောင်းတယ်။ ကလေးမလေးက ဆွမ်းလောင်းပြီး အမေမှာခဲ့တဲ့အတိုင်း ကြော်လှော်ပြီး သကာလ ဆွမ်းလောင်းတဲ့အခါ ဟိုကလဲ ဆုပေးတယ် ဟုတ်လား (မှန်ပါ့)။

ချမ်းသာခြင်းဖြစ်စေသတည်း

“သုခိတေဟောတု”။ တေ - သင့်အား၊ သုခိ - ချမ်းသာခြင်းသည်၊ ဟောတု - ဖြစ်ပါစေသတည်း။ ချမ်းသာခြင်းဖြစ်စေတည်းဆိုပြီး ကြွသွားတာပဲ သူ့ဂူသူ ပြန်ခဲ့တာပဲ။

သူ့ဂူသူ ပြန်သွားတဲ့ အခါကျတော့ အမေကြီးကလဲ ဆယ်နာရီ လောက်ကျတော့ သူတောထဲက ယူသင့်တာယူ၊ ခုတ်သင့်တာခုတ်ပြီး သကာလ တောသူတောင်သားအတိုင်း ပြန်လာတာပေါ့ဗျာ (မှန်ပါ့)။

ငါ့သားကျန်းကျန်းမာမာရှိရဲ့လား

ပြန်လာပြီး သူက ဒိပြင်ဟာ မမေးဘူး၊ ဟေ့ ငါ့သားကြွလာသလား? ကြွပါတယ်၊ ကြွလာတော့ လောင်းလိုက်ကဲ့လား? လောင်းပါတယ်၊ ဘာများ ပြောသေးသလဲ? ဘာမှ မပြောပါဘူး။ သူ ဘယ့်နှယ်နေသတုံး ကျန်းကျန်းမာမာ ရှိရဲ့လား?။

အမလေး ခါတိုင်းလို မဟုတ်ဘူး၊ ခါတိုင်းနဲ့ မတူဘူး။

မျက်လုံးတွေကလည်း အင်မတန် တည်ကြည်တယ်၊ နားတွေကလဲ အင်မတန် တည်ကြည်တယ်။ အသားအရေကလည်း ထန်းသီးမှည့် ပမာကဲ့သို့ပဲ တစ်ခါတည်း အင်မတန် ပြေပြေပြစ်ပြစ်ရှိတယ်၊ လှုပ်ရှားခြင်း ဘာမှမရှိဘူး။

ငါ့သားရဟန္တာဖြစ်ပြီ

ဒကာမကြီးက ရိပ်မိတယ်။ ဟာ ဒါဖြင့် ငါ့သား ရဟန္တာဖြစ်ပြီ သာသနာမြဲပြီ၊ ဘာမှ စိုးရိမ်စရာ မရှိတော့ဘူး ဆိုပြီး ဒကာမကြီးဟာ အင်မတန် ၀မ်းသာသွားတယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

အဲဒီတော့ အခုနက ပုဂ္ဂိုလ်မှာ ဒီဒကာမကြီးတွေရဲ့ ပြောဆိုသံ ကြားသဖြင့် ခုနက လှူတဲ့ ဆန်ကွဲထမင်း၊ ပုန်းရည်ဟင်းနဲ့ အိုးကပ် ဖင်ကပ်နဲ့စားပြီး ငါ့သား လာလို့ရှိရင် ထောပတ်၊ ဆီဦး၊ ပျားသကာလတွေ ဘယ်နေရာမှာရှိတယ်။ ငါဆန်ကွဲစားမယ်။ သူ့ကို ကောင်းပေဆိုတဲ့ ဆန့်ချက်ပြုတ်ပြီး ယူလောင်းဆိုတော့ ငါ သာမညနဲ့ မစားထိုက်ဘူး။ အရိယာဖြစ်မှ စားထိုက်တယ်ဆိုပြီး တစ်နာရီပဲ ကြိုးစားလိုက်တာ မောင်ထွန်းလှိုင်၊ တစ်နာရီနဲ့ပြီးတယ် (မှန်ပါ့)၊ ၀ီရိယ ပြင်းထန်တာ ရိပ်မိပလား (ရိပ်မိပါပြီ)။

အဲဒီတော့ ဒကာ - ဒကာမတို့ ခင်ဗျားတို့ ၀ီရိယ ပြင်းထန်ရင် သမာဓိ အားရှိတယ် ဆိုတာကော ယုံကြည်ပြီလား (ယုံကြည်ပါပြီဘုရား)။ ပညာထက်မြက်မယ် ဆိုတာကော (ယုံကြည်ပါပြီဘုရား)။

လယ်မြေကောင်း

အေး … အခု ကိုယ်တော်က ကဿကဂူမှာ နေတော့ မဟာမိတ္တရဟန်း (မှန်ပါ့)၊ မဟာမိတ္တရဟန်း ရိပ်မိပလား (ရိပ်မိပါပြီ)။ ဂူက ကဿကဂူ၊ အားထုတ်တဲ့ပုဂ္ဂိုလ်က မဟာမိတ္တရဟန်း (မှန်ပါ့ဘုရား)။

ကြည့်စမ်း။ သူများ ဆွမ်း၊ ကွမ်းတွေကို တော်အောင်တော့ မစားဘူး။ ဒကာ - ဒကာမတွေ လယ်ကောင်း၊ မြေကောင်း မှတ်ပြီး ဒီအပေါ်မှာ မျိုးစေ့စိုက်တယ်။ လယ်မကောင်းရင် မစားသေးဘူးကွ၊ အရိယာလယ်ဖြစ်အောင် လုပ်တယ်။ သူ့ခန္ဓာကိုယ် လယ်ကောင်း လုပ်ပစ်လိုက်တယ်၊ ကိလေသာ အညစ် အကြေး မရှိတဲ့ လယ်ဖြစ်အောင် (တင်ပါ့)။

ဒီလမ်းကောင်းမှာ ဒကာ ဒကာမတွေ မျိုးစေ့စိုက်လိုပ်ရလို့ရှိရင်ဖြင့် လူ၊ နတ်၊ နိဗ္ဗာန် သုံးတန်သော ချမ်းသာတည်းဟူသော အပင်တွေ ပေါက်ရော ဒီလိုမှ ငါစားတော့မယ်ဆိုပြီး ဆုံးဖြတ်ချက် ချလိုက်တယ်၊ ဘယ်လောက် ကောင်းလဲ (မှန်ပါ့)။

မင်းတို့လည်း ဆုံးဖြတ်ချက်ချရင်ရတာပဲ

မင်းတို့လဲ ဆုံးဖြတ်ချက် ချရတာပဲ၊ မင်းတို့လဲ ဆုံးဖြတ်ချက် ချရင် ရတာပဲ၊ ကိုယ့်အတန်းနဲ့ကိုယ် ရတာပဲ။

မင်းတို့လည်း သားတွေ မယားတွေက ရှိကြတယ်။ ဒါတွေက ချက်ပြီး ကျွေးတယ်။ သြော် … သူတို့ သဒ္ဓါတရားဟာလဲ မသေးလှဘူး၊ သူတို့က သဒ္ဓါတရားနဲ့ ကျွေးတော့ ကိုယ်က လောဘနဲ့ စားလို့ရှိရင်ဖြင့် အပါယ်မီး ထတောက်ရုံပဲရှိတယ် လောဘ၊ ဒေါသ၊ မောဟ ငြိမ်းအောင် လုပ်ပြီး စားလိုက်မယ်ဆို ဖြစ်တာပဲ မဟုတ်ဘူးလား (ဟုတ်ပါတယ်)။

ဒကာသိုက် မဖြစ်ဘူးလား (ဖြစ်ပါတယ်)၊ ဒီလိုစားချင်တဲ့စိတ် မပေါ်ဘူးလား၊ ဒေါ်ရွှေ ချက်ကျွေးတာ ကို (မှန်ပါ့)၊ ဒေါ်ရွှေကလည်း ထို့အတူပဲ ငါ့အိမ်မှာ ညီမလေးတွေ ချက်ပြုတ်ကျွေးနေတာ သူတို့က သဒ္ဓါတရားနဲ့ ဟုတ်လား၊ ဒါလေး စားပါဦး၊ သောက်ပါဦး၊ ဒါလေးဟာ အတော်ကို ရှာကြံပြီး ချက်ထားတာ ဆိုတာ မပါဘူးလား (ပါပါတယ်ဘုရား)။

သို့သော်လဲ လောဘ ဒေါသနဲ့ စားလို့ရှိရင် ကောင်းပါ့မလား (မကောင်းပါဘူး)၊ အခုတော့ ခင်ဗျားတို့ က ကိုယ့်ပစ္စည်းနဲ့ ကိုယ်ချက်တာ ဘာကျေးဇူးတင်စရာ ရှိသလဲ၊ ဒီလို လာသေးတာဗျ၊ ခင်ဗျားတို့က (မှန်ပါ့) ခုနကဘက်ကို မသွားဘူး။

ခုနက ကိုယ်တော်ကတော့ ပြင်လိုက်တာနဲ့ပဲ အားလုံး ဒကာ ဒကာမတို့ သူကိုယ်တိုင် ရဟန္တာဖြစ်သွားတယ်ဆိုတော့ မည်မျှလောက် အဖိုးတန်တယ်ဆိုတာ ပြောဖို့ လိုသေးသလား (မလိုပါဘုရား)။

သူ့ဟာသူ ၀ီရိယပြင်းပြတာ

သူ့ကို သူများ တိုက်တွန်းတာလား။ သူ့ဟာသူ ၀ီရိယ ပြင်းပြတာလား (သူ့ဟာသူ ၀ီရိယ ပြင်းပြတာပါဘုရား)။ အင်း သူ့ဟာသူ ၀ီရိယပြင်းပြပြီး သကာလ လာတဲ့အတွက် (မှန်ပါ့) ပြင်းပြတာကလဲ တခြားကြောင့် မဟုတ်ဘူး၊ ဒကာမကြီးတို့ ပြောသံဆိုသံနဲ့ တကယ့် သက္ကစ္စနဲ့ အင်မတန် ရည်ရွယ်ချက် ကောင်းနဲ့တွေ့တယ်။

သူတော်ရုံ စားပြီးသကာလ သူ့သား ခရီးပေါက်ဖို့အရေးကိုသာ အားပေးနေတယ် ဆိုတာက မသေချာဘူးလား (သေချာပါတယ်ဘုရား)။

အရိယာအဖြစ်နဲ့ စားလိုက်မှသာလျှင် စားထိုက်တဲ့အဖြစ်ကို သူ့ဥာဏ်ထဲမှာ ဆုံးဖြတ်ချက် ချလိုက်တာနဲ့ ဒီဂူထဲက မထတော့ဘူး။ မဂ်လေးတန်မှ မရ၊ မထဘူးကွာ သေပစေဆိုတော့ ရတာပဲ ဟုတ်ပလား (မှန်ပါ့)။

အဲဒီတော့ တရားကလဲ အမှန်ပဲ၊ ၀ီရိယကလဲ ပြင်းပြမယ်၊ အဓိဋ္ဌာန်ချက်အတိုင်းပဲ လုပ်မယ်ဆိုရင် ဒီဒကာ ဒကာမတွေလဲပဲ ရမယ် (မှန်ပါ့)၊ စမ်းလဲ ကြည့်ကြပါဦး (မှန်လှပါဘုရား)။

မစမ်းခင်က ကြောက်နေလို့တော့ မဖြစ်ဘူး၊ သေချာစမ်းရင် အသေအချာဖြစ်မယ်။ ဟုတ်ဖူးလား  ဖြစ်ဖို့ရာ အကြောင်းကို ခင်ဗျားတို့ကို ခဏခဏ ပြောတယ် … (မှန်လှပါဘုရား)၊ မပြောဘူးလား … (ပြောပါတယ်ဘုရား)။

သူတော်ကောင်းနဲ့ ပေါင်းသင်းခြင်း၊ တရားနာခြင်း၊ နှလုံးသွင်းကောင်းခြင်း၊ ဟုတ်ပြီလား၊ နောက်ပြီး တော့ ဟုတ်တိုင်းမှန်စွာ အချိန်များများရအောင် ကျင့်ခြင်း (မှန်ပါဘုရား)။ ဤအင်္ဂါလေးပါးနှင့် ပြည့်စုံရင် သောတာပန် တည်ရပါတယ်။ အင်္ဂုတ္တိုရ် ပါဠိတော်ကလာတယ် … (မှန်လှပါဘုရား)။ ရှင်းပြီလား … (ရှင်းပါ တယ်ဘုရား)။

တရားနာခြင်းရယ်၊ ဟုတ်ပြီလား၊ သူတော်ကောင်းနဲ့ ပေါင်းသင်းခြင်း၊ နှလုံးသွင်းကောင်းခြင်း၊ တရားအထိုင် မှန်ကန်စွာကျင့်ခြင်း။ ဤအင်္ဂါလေးပါးအတိုင်း ပြည့်စုံရင် ဘာဖြစ်ရမတုံး … (သောတာပန် တည်ပါတယ်ဘုရား)။

သောတာပန်တည်ရမယ်ဆိုတော့ ခင်ဗျားတို့အတွက် စဉ်းစားလိုက်တော့ တရားနာခြင်းလည်း ရှိတယ်၊ ဆရာကောင်းသမားကောင်းနဲ့ ပေါင်းသင်းခြင်းကော … (ရှိပါတယ်ဘုရား)၊ ဒီလို ဆရာကောင်း သမားကောင်းနဲ့ ပေါင်းသင်းခြင်းကလည်း တစ်နံပါတ် ပြည့်စုံတယ်၊ တရားနာခြင်း နှစ်နံပါတ် ပြည့်စုံတယ်။ ခန္ဓာကိုယ်ထဲမှာ အနိစ္စတွေ ရှိနေတယ်ဆိုတာ ခင်ဗျားတို့ မြင်တဲ့ဥာဏ်ကော မမှန်ဘူးလား … (မှန်ပါတယ် ဘုရား)။ အဲဒါ နှလုံးသွင်းကောင်းခြင်း အဲ့ဒါလေးကို ထပ်ပြန်တလဲလဲ အနိစ္စတွေနဲ့ချည့် ဥာဏ်နဲ့တွဲနေ အောင် လုပ်ခြင်းဟာ စတုတ္ထ အလုပ် … (မှန်လှပါဘုရား)။

အနိစ္စနဲ့ ဥာဏ်နဲ့ မခွဲအောင် တွဲနေလို့ရှိရင် ဒါ စတုတ္ထအချက် … (မှန်လှပါဘုရား)။ အဲဒီအချက် ညီညွတ်လို့ရှိရင် သောတာပန် တည်ရမယ်လို့ဆိုတော့ ခင်ဗျားတို့ ဘာလိုနေတယ်ဆိုတာ စတုတ္ထအချက် ကလေးလိုနေတာ … (မှန်ပါဘုရား)။ ရိပ်မိပြီလား … (ရိပ်မိပါပြီဘုရား)။ ဒေါ်အုန်းခင် ဘာလိုတယ် ထင်သတုံး စတုတ္ထအချက် လိုပါတယ်ဘုရား။

အဲ့ဒီ စတုတ္ထအချက်ကလေးကိုသာ အားတက်ပြီး ဘုန်းကြီးတို့ ဒကာ ဒကာမတွေက တကယ်တမ်း ကြိုးစားလိုက်မယ်ဆိုလို့ရှိရင်ဖြင့် သောတာပန်တည်တဲ့ အင်္ဂါမှာ ဘုရားကိုယ်တော်မြတ်ကြီး ဟောတာ လေးချက်တောင် ဟောသောကြောင့် လေးချက်နဲ့ညီညွတ်ရင် ရရမယ်ဆိုသဖြင့် ခင်ဗျားတို့အတွက်ကော စိုးရိမ်စရာ ရှိရဲ့လား … (မရှိတော့ပါဘူးဘုရား)၊ မရှိဘူးနော်။

ဒါကြောင့် အားလုံး ဒကာဒကာမတွေ …

ဒို့သည်ပါရမီထူး၊ ဘုန်းကံထူးတွေ

ဒို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ပါရမီထူး ဘုန်းထူးကံထူးတွေပလား၊ ဒီပါရမီထူး ဘုန်းထူး ကံထူးတွေကို သားရေး သမီးရေး စီးပွားရေးတွေက အလွဲသုံးစားနဲ့ အချိန်ဖြုန်းလိုက်တဲ့အတွက် သောတာပန် ဖြစ်မည့် ပုဂ္ဂိုလ်တွေတောင်မှ အရှုံးကြီး ရှုံးရတော့မှာပါလားလို့ ခင်ဗျားတို့ မလုပ်တဲ့ ပုဂ္ဂိုလ်တွေ မျက်ရည်ကျဖို့တောင် ကောင်းတယ် (မှန်လှပါဘုရား)၊ ဟုတ်ဘူးလား (ဟုတ်ပါတယ်)။

ကိစ္စပြီးရမည့်ဘ၀ကြီး

ကိစ္စပြီးရမည့် ဘ၀ကြီး အင်္ဂါစုံနေတာကိုး။ မစုံဘူးလား (စုံပါတယ်ဘုရား)၊ အင်္ဂါစုံပြီးသကာလ ဘ၀က တောင်းခံခဲ့တဲ့ဆု၊ အားထုတ်ခဲ့တဲ့ သတ္တိတွေက ဒီမှာ စုံပြီးတော့ အကျိုးမပေးသေးဘူးလား (ပေးပါတယ်ဘုရား)။ အဲဒီအကျိုးပေးကြီးထဲမှာ ခင်ဗျားတို့က အကောင်းအကျိုးပေးတဲ့ အထဲက အလွဲအသုံး ချနေလို့ခက်တယ်။ သဘောကျပလား (ကျပါပြီဘုရား)။

အကျိုးပေးကတော့ မစုံဘူးလားဗျာ (စုံပါတယ်) ဆရာကောင်းနဲ့ ပေါင်းခြင်းကော၊ တရားနာခြင်း ကော၊ အနိစ္စလေးတွေ ဆရာသမား ပြောထားတဲ့ ခန္ဓာကိုယ်ထဲမှာ ဝေဒနာအနိစ္စလေးတွေ ဖြစ်ပျက်ကလေး တွေ မမြင်ကြဘူးလားဗျာ (မြင်ပါတယ်)။

ထပ်ပြန်တလဲလဲ ပွားမှုကလေးတွေ လိုတယ်။ အဲဒါတွေ ဘာဖြစ်လို့ မပွားနိုင်ပါလိမ့်မတုံးလို့ မေးတဲ့ အခါ သားရေး သမီးရေး စီးပွားရေး ရှုပ်လို့ (မှန်ပါ့)။

တောင်တက်ရတဲ့အကျိုး နပ်အောင်လုပ်ပါ


အဲဒီတော့ ခင်ဗျားတို့ နောက်တုန်းက ဒီတောင်ရောက်အောင် တက်မယ်ဆိုပြီး ဒီတောင်တက်ပြီးခါမှ ဒီတောင်ပေါ်ကျမှ ကိုယ်အလိုရှိတဲ့ သစ်သီးတွေကို ခူးပြီး ဆွတ်ပြီး မစားရလို့ ရှိရင်လဲ တောင်တက်ကျိုး နပ်ပါ့မလား (မနပ်ပါဘူးဘုရား)။

ဒီမှာလဲ ခင်ဗျားတို့ အပါယ်ရောက်နေရာက လူ့ပြည်တောင်ကြီး တက်လာကြတယ်။ တိရိစ္ဆာန်ပြည် က လူ့ပြည်တောင်ကြီး တက်လာကြပြီးသကာလ နိဗ္ဗာန်မဂ်ဖိုလ်တည်းဟူသော အသီးတွေကို ဆွတ်မဟဲ့၊ စားမဟဲ့၊ ခူးမဟဲ့ဆိုပြီး တက်လာတဲ့ ရည်ရွယ်ချက်ရှိတယ် (မှန်ပါ့)။

ပြင်ချိန်သိပ်မရှိတော့ဘူး

ဒီတောင်ပေါ် ရောက်မှ ခပ်ငိုင်ငိုင်နဲ့ ခပ်မှိုင်မှိုင် လုပ်နေတော့ မတူရေ တော်ပါ့မလား (မတော်ပါ ဘုရား) ဒီတစ်ခါ ဘယ့်နှယ်လဲ၊ ဘာလုပ်ကြမလဲ။ ပြင်ကြရအုံးမယ်။ ဟုတ်ပလား။ ပြင်ချိန်ကလဲ ဘုန်းကြီးက ပြောချင်တယ်။ ဒေါ်အုန်းခင် ခင်ဗျားတို့က နည်းနည်းကျန်တယ်။ သိပ်ပြင်ချိန် မရှိတော့ဘူး။

ဘာကြောင့်လဲ။ ပြင်ရင်းမတ္တနဲ့ အဖျက်အဆီးတွေကများတယ်။ ဒီက ပြင်ရင် ဟိုက ပျက်တတ်တယ် ဟုတ်လား (ဟုတ်ပါတယ်ဘုရား)။

ကပျာကယာပြင်ပါတော့

ဒကာစိန်တို့ အတွက်ပေါ့ဗျာ။ ဒီကပြင်ရင် ဟိုကပျက်တော့တာပဲဆိုတာ သဘောကျပလား (ကျပါပြီ) အဲဒီတော့ ခင်ဗျားတို့ ပြင်ချိန် သိပ်မရှိတော့တဲ့အတွက် ကပျာကယာ ပြင်ပြီးတော့ အခုန ကိုယ်တော်လို တစ်နာရီနဲ့ အပြီးလုပ်မှ ခင်ဗျားတို့ ခန္ဓာကိုယ်နဲ့ ခင်ဗျားတို့ နေရာကျမယ် ဟုတ်ပလား (မှန်လှပါဘုရား)။

ဒီထက် ရက်ပိုသွားလို့ ဒီ့ထက် ရက်ရှည်သွားလို့ရှိရင်ဖြင့် မရဏမင်းကလဲ ခင်ဗျားတို့ကို မင်းတို့က အရွယ်ကောင်းတုန်းက လုပ်ခဲ့ကြတာ မဟုတ်ဘူး၊ ခုမှ ပြာလောင်ခတ်ရမလားဆိုပြီး ခင်ဗျားတို့ ခေါင်းဖြတ်၊ အသက် သတ်မယ် (မှန်ပါ့)။

အဲဒီတော့ မရဏမင်းကလည်း ခင်ဗျားတို့အပေါ်မှာ သူကနိုင်တုန်းရှိတယ်။ ခင်ဗျားတို့က မဂ်ဥာဏ် ဖိုလ်ဥာဏ်မရတော့ သူ့တော်လှန်နိုင်တဲ့အရေးက ဝေးတယ် … (ဝေးပါတယ်ဘုရား)။

ခုတော့ဖြင့် … ကိုင်း … မင်းမလာခင် တို့ကဦးအောင်မင်းကို ပယ်နိုင်တဲ့ အခြေအနေရှိအောင် ဆိုပြီး သကာလ တကယ်တမ်း သမာဓိကို သမာဓိညံ့မယ်ဆိုရင် ၀ီရိယ ကူကူပြီးသကာလ တစ်ခါတည်းပေးလို့ … (မှန်လှပါဘုရား)၊ ဒီတစ်ခါ ဒီထက် တည်ကြည်အောင်လုပ်မယ်။ ဒီတစ်ခါ နောက်ဒီထက် တည်ကြည်အောင် လုပ်မယ် ဆိုတော့ ၀ီရိယ နဲ့ ပင့်ပင့်ပေးလိုက်ကွာ … (မှန်လှပါဘုရား)။ ရိပ်မိပြီလား … (ရိပ်မိပါပြီဘုရား)။

ဒီပန်းစီး မမနိုင်ဘူး ဆိုတဲ့အခါကျတော့ … အိုး …. နောက်က ပုဂ္ဂိုလ်က မင်းက လေးလေးနဲ့ ဒါမ မနိုင်ဘူးဆိုတော့ မင်း ပျင်းဖျင်းလွန်းတယ် ဒကာစိန် ဟိုဘက်က သိပ်ကုန်းမလိုက်တဲ့အခါကျတော့ ပါသွားတာပေါ့ … (မှန်လှပါဘုရား)။ နဂိုကတော့ သူမမနိုင်ဘူး ညည်းနေတာ … (မှန်လှပါဘုရား)။ ဟုတ်ပြီ လား။

နောက်ကျတော့ မင်းဒါကြီး ရှက်စရာကောင်းတယ်ကွာ အားထုတ်ကွာ … (မှန်လှပါဘုရား)။ ဆိုတော့ ဒကာစိန် ပါမသွားပေဘူးလား … (ပါသွားပါတယ်ဘုရား)။

သြော် … ဒါဖြင့် ခုနတုန်းက မတုန်းက ဒီ သမာဓိတွေ ဘာတွေနဲ့ ကိုင်ထားတာပါပဲ … (မှန်လှပါဘုရား)။

အားထုတ်မှုလိုနေတယ်

သို့သော် ဘာလိုနေသတုံးဆိုတော့ အားထုတ်မှုလိုနေတယ်။ ၀ီရိယပြင်းပြမှု လိုနေတယ်။ အခုလဲ ဒကာ ဒကာမတို့ ဘာလေးလိုနေသလဲဆိုတော့ ဒေါ်အုန်းခင်တို့ ရိပ်မိလောက်ပါပြီ။ ဘာလို နေသလဲ (၀ီရိယ လိုနေပါတယ်)၊ ၀ီရိယလိုနေပါတယ်ဆိုတာ ဟုတ်ပလား (မှန်ပါ့)။

အဲဒီတော့ ၀ီရိယ လိုနေတယ်ဆိုတော့ ၀ီရိယလေးကို အားကိုးလိုက်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ သတိမှာလဲ ပိုမှာပဲ၊ သမာဓိမှာလဲ ပိုမှာပဲ။ ပညာမှာရော (ပိုမှာပါဘုရား)။

ရ ထားတဲ့အခွင့်အရေး မယူပဲမနေပါနဲ့

အဲဒီတော့ ဒီလို ထားလိုက်ကြပါ။ ၀ီရိယအပေါ် ထိန်းနိုင်တဲ့၊ ကိုင်နိုင်တဲ့လူ၊ ၀ီရိယရှိတုန်း ဘုန်းပိုင် ကံပိုင်တဲ့လူ၊ ဒီရထားတဲ့ အခွင့်အရေးကို မယူဘဲ မနေပါနဲ့။ ၀ီရိယ အားကြီးတဲ့ ပုဂ္ဂိုလ် ဘယ့်နှယ်ကြောင့် မဂ်ဖိုလ်မရဘဲ ရှိရမလဲလို့ ကြိမ်းလိုက်ပါ။ ဟုတ်ပလား (မှန်ပါ့)၊ ကြိမ်းပြီး တကယ်တမ်း ကြိုးစား (မှန်လှပါဘုရား)။

ကြိမ်းပြီး ထိုင်နေလို့မဖြစ်ဘူး။ ထိုင်နေလို့ မဖြစ်သေးဘူး တကယ်တမ်း ကြိုးစားမှ ခရီးပေါက်မယ်။ ရှင်းပလား (ရှင်းပါပြီဘုရား)။

ခင်ဗျားတို့က ကျုပ်တို့တော့ ဆေးဝါးက တစ်မျိုး၊ ရောဂါထူတာက တစ်မျိုး၊ ပြောပဲ မပြောချင်ပါဘူး၊ ဒါ … သူလျှော့ပြီ (မှန်ပါ့) အဲဒါ လူကြီး ပုဂ္ဂိုလ်ကြီးတွေနော်။ လူကြီး လူကျယ်တွေ (မှန်ပါ့)။

အသက် ကလေးကလည်းကြီးလာပြီ။ ဘုန်းကြီးနဲ့ တွေ့ရတာ ရောဂါထူတဲ့အချိန်မှာ လာတွေ့ရတော့ တပည့်တော်တို့ နာလိုက်တာ။ အဲဒါ ဒကာ ဒကာမတို့ မြို့သုံးပေါ့ဗျာ။ စင်စစ်မတော့ မလုပ်ဘူး ပြောတာ။ ရိပ်မိပလား (ရိပ်မိပါပြီ)။

မြို့သုံးကယဉ်သလိုလိုနဲ့ နောက်ဆုတ်တယ်

ကိုင်း … ဒီအသွားတွေလဲ မလာခဲ့နဲ့၊ ဒီမြို့သုံးတွေက ကိုယ့်ဟာကိုယ် နောက်ဆုတ်အသွား (မှန်ပါ့)၊ အဲဒီမြို့သုံးမျိုးသုံးချင်သလား။ (မသုံးချင်ပါဘုရား)၊ အဲဒီမြို့သုံး အသုံးတွေ ဖြုတ်မှ မြို့သုံးက ယဉ်သလိုလိုနဲ့ နောက်ဆုတ်တာ (မှန်လှပါဘုရား)။

ကဲ … ဒါဖြင့် ဒကာ ဒကာမတို့ အသက်အရွယ်ကလဲကြီးတယ်။ ဒကာစိန် လောကီမှာတော့ နွားပျိုသန်လှ နွားအိုပေါင် ကျိုးပေါ့ကွာ တွေ့လိုက်မယ်ဟေ့ မပြောဘူးလား (ပြောဖူးပါတယ်)၊ အဲဒီတော့ နွားအိုတွက ဘာလုပ်မလဲ? ဒေါ်အုန်းခင်  ဘာလုပ်ရမှာလဲ၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဒီအတိုင်း တွေးရမယ်၊ ဒီလို မတွေးလို့ ဖြစ်ပါ့မလား (မဖြစ်ပါဘူးဘုရား) မဖြစ်ဘူး။

အဲ … မတူတို့တွေ မရီတို့ သူတွေကျတော့ ဟေ့မင်းတို့ ခန္ဓာကိုယ်ကြီးက လူအစဉ်ထားပြီးသကာလ ဟိုလူ တစ်ချက်ပစ်၊ ဒီလူ သေနတ်နဲ့ တစ်ချက်ပစ်တယ်ဆိုတော့ ဒို့တော့ ချော်စရာကို မရှိဘူး။ ခန္ဓာကိုယ် ကြီးတယ်။ သဘောကျပလား (ကျပါပြီ)။

မာရ်နတ်မင်းက ၉၆-ပါးသော လက်နက် တစ်ခုခုနဲ့ ကိုင်ပစ်လို့ရှိရင် တို့ အရင် ထိမယ်ဆိုတာ ပြောဖို့ လိုသေးလား။ ဘာဖြစ်လို့လဲ အို … ခန္ဓာကိုယ် အထည်ကြီးတယ်။ ဟုတ်ပလား (မှန်ပါ့)။

အင်း … ဒီအထဲတို့ အသေလွယ်ဆုံးပါလား .. . (မှန်လှပါဘုရား)။ မြန်မြန် လုပ်လိုက်မှ ရိပ်မိပြီလား … (ရိပ်မိပါပြီဘုရား)။ ရှင်းပြီမို့လား … (ရှင်းပါပြီဘုရား)။

ခုနက နွားပျိုထဲ ပါသွားပြီ … (မှန်လှပါဘုရား)။ နွားအိုတွေကော မပါသေးဘူးလား … (ပါပါတယ် ဘုရား)။ ဆင်ခြေများလဲ နေဦးမှာလား … (မလဲပါဘူးဘုရား)။ မလဲဘူး။

ဒီဆင်ခြေက ဒေါ်ခန့် လဲချင်လည်း လဲတတ်တယ်။ ကျုပ်တို့ကတော့ဖြင့် အားအင်ဗလကလည်း ခပ်ချိချိနဲ့နဲ့ ဟုတ်လား၊ ထိုင်တယ်ဆိုရင် ကိုယ့်အရိုးနဲ့ ကိုယ်က အင်မတန်နာတယ်။ ထိုင်တာတောင် နေရာ ရွေးရသေးသလိုလို၊ ဒီလိုဟာတွေက မများဘူးလား … (များပါတယ်ဘုရား)။

အပြီးသတ်တော့ မလုပ်ချင်လို့ပဲ … (မှန်လှပါဘုရား)။ အဲ့ဒီတော့ ဒီလို ပုဂ္ဂိုလ်တွေကလည်း ဒီလို အားပေးရမယ်တဲ့ ကိုင်း … ၀ီရိယစိုက်တယ်။  ၀ီရိယဆိုတာသည်ကားလို့ဆိုရင် တစ်ခါတည်း … ဒကာ ဒကာမတို့ သတိကိုလည်း အားပေး၊ သမာဓိကိုလည်း အားပေး၊ ပညာကိုလည်း အားပေးတော့ သူက အားမပေးနိုင်တဲ့ တရားကို ရှိသေးရဲ့လား … (မရှိပါဘူးဘုရား)။

မရှိတော့ကို တဲ့ တို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် သူများက လဲတယ်ဆိုလို့ရှိရင်ဖြင့် အနည်းငယ် လောက်သာ၊ သူတို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် အသားအရေလေး ရှိသေးလို့ သူက တစ်လစားလို့ရှိရင် အသားအရည်က ဆင်ပိန် ကျွဲ … (မှန်ပါ့)။

တို့ကတော့ဖြင့် တစ်ခါတည်း ထိတ်ခနဲ သေဖို့ရာကများတယ် … (မှန်ပါ့ဘုရား)။ အားကအရင် ပြတ်မယ်။ မြန်မြန်ကြိုးစားရမယ် … (မှန်ပါ့ဘုရား)။

လူပိန်ကျတော့ အားအင်ပြတ်မှာစိုးတာနဲ့ … (မြန်မြန်ကြိုးစားရမှာပါဘုရား)။ ရိပ်မိပြီလား … (ရိပ်မိပါပြီဘုရား)။ ပိန်လည်း မလွတ်ဘူး၊ ၀လည်းမလွတ်ဘူး၊ ပျိုလည်းမလွတ်ဘူး။

ဒေါ်အုန်းခင် ရေ … သေခြင်း တရားက ဒီလိုပဲ ပါကြတာပဲ။ အဲဒီတော့ ဘယ်သူ့ လျော့ဈေးပေးနေဖို့ လိုသေးသတုံး … (မလိုပါဘူးဘုရား)။

အဲ့ဒီတော့ လိုရာမရောက်သေးသရွေ့ ကာလပတ်လုံး လူပိန်ကလည်း ဒီအတိုင်း အားထုတ်ရမယ်။ လူဝတွေကကော … (ဒီအတိုင်း အားထုတ်ရမှာပါဘုရား)။ အားထုတ်ရမှာချည်းပဲ၊ ဒီ ၀ီရိယ ပြင်းပြဖို့ အရေးကို တစ်ခါတည်း ခင်ဗျားတို့ ခုပြောတဲ့ သုံးနည်းနဲ့သာ မှတ်ပြီးသကာလ မြန်မြန်ကြိုးစားလိုက်ပါ … (မှန်လှပါဘုရား)။

မကြိုးစားသင့်ဘူးလား … (ကြိုးစားသင့်ပါတယ်ဘုရား)။ ကိုင်း … ဒီထက် ကြိုးစားစေချင်လို့ တိုက်တွန်းနည်းတစ်မျိုး ပြောပါဦးမယ်။

ခင်ဗျားတို့ ကံကောင်းလို့ အသက်ရှည်နေတာဆိုတာ လူတိုင်းပါးစပ်မှာ နှုတ်တတ်နေယ် … (မှန်လှပါဘုရား)။ ကံကောင်းလို့ အသက်ရှည်နေကြတာဘုရား နော် ဆိုတာ လူတိုင်းပါးစပ်မှာ နှုတ်တက် နေတယ် … (မှန်လှပါဘုရား)။

ခင်ဗျားတို့ကံက ဘယ်တုန်းကတုံးလို့ မေးတော့ လွန်ခဲ့တဲ့ နောက်ဘ၀ကပေါ့ဘုရား … (မှန်ပါ့ဘုရား)။ နောက်ဘ၀ ကံတခု အစိတ်သား ကျန်တော့လား၊ ငါးဆယ်သား ကျန်တော့လား၊ တစ်မတ် သားလောက်ကျန်တော့လား လို့ ခင်ဗျားတို့ သိသလား … (မသိပါဘူးဘုရား)။

မသိတော့ သူဖြောင့်နေသေးရင် ခင်ဗျားတို့ သွားနိုင်၊ လာနိုင်ဦးမှာပဲ … (မှန်လှပါ့ဘုရား)။ သူကလည်း တစ်မတ်သားက ညက ကုန်တော့ကို အိပ်တဲ့နေရာက မထနိုင်ဘူး၊ ည ကုန်သွားလို့ရှိရင်၊ အိပ်တဲ့ နေရာက ထနိုင်သေးရဲ့လား … (မထနိုင်ပါဘူးဘုရား)။

သူကုန်သွားတာနဲ့ ဒီလူမှာ ဘိုင်းဘိုင်းမလဲဘူးလား … (လဲပါတယ်ဘုရား)။ သူက ထမင်းစားရင်း ကုန်သွားတော့ ထမင်း ပထမတစ်လုပ် ထည့်ရသေးတယ်။ နောက်တစ်လုပ်မှာ သူ့ကံ ကုန်သွားတော့ ပန်းကန်ပြားထဲက ဟာတွေနဲ့ ဒီအတိုင်း ဒီနေရာ သေပွဲဝင်လိုက်ရတယ် … (မှန်လှပါဘုရား)။

ထမင်းစားရင်းနဲ့ ကျန်တဲ့ ပန်းကန်ပြားထဲလည်း ထမင်းက တစ်ခြား၊ သေတဲ့လူကတစ်ခြား၊ ဒီလို ကော မဖြစ်နိုင်ဘူးလား (ဖြစ်ပါတယ်ဘုရား)။

ခင်ဗျားတို့ အသက်ရှင်နေကြတာက အတိတ်ကံကြောင့် အသက်ရှင်နေတာ၊ အတိတ်က အစိတ်သား ရှိတော့လား၊ ငါးဆယ်သားရှိတော့လား၊ တစ်မတ်သား၊ တစ်ပဲသား ရှိတော့လား၊ ကုန်လုပြီလား ဆိုတာ ခင်ဗျားတို့ သိရဲ့လား … (မသိပါဘူးဘုရား)။

မသိတော့ ဒီလေို တွက်ရတယ်၊ ဒီလိုတွက်ရတယ် အင်း … ဖဿ လာတာ အတော်ကြာပြီ၊ ကုန်လု ပြီ၊ မကြာသေးဘူးလား … (ကြာပါပြီဘုရား)၊။ (၇၀) ရှိတဲ့ ပုဂ္ဂိုလ်၊ (၇၀) လုံး ဖဿ လာရတဲ့အခါကျတော့ ကုန်လုပြီဆိုတာ တွက်ဖို့ မလိုတော့ဘူး၊ ကုန်လုပြီဆိုတာ သေချာတယ်။ ဟုတ်လား … (မှန်လှပါဘုရား)။

ဥပမာ (၄၀)၊ (၅၀) ရှိတဲ့ ပုဂ္ဂိုလ်တွေကော၊ (၄၀)၊ (၅၀) တန် ဖဿ နေရတော့ တို့လို (၄၀)၊ (၅၀) တွေ ကံကုန်သွားတာတွေ အများကြီးပဲ၊ တို့လည်း ဘယ်လောက်ရှိတယ်လို့ မသိဘူး၊ ကုန်လုပြီ ထင်ပါရဲ့၊ မြန်မြန်လုပ်လိုက်မှ … (မှန်လှပါဘုရား)။ ရိပ်မိပြီလား … (ရိပ်မိပါပြီဘုရား)။

အဲ့ဒါ ခင်ဗျားတို့သည် ရှေ့တစ်လှမ်းသွားရင်း ကံကုန်သွားရင်သေတယ် ဒေါ်အုန်းခင်ရ (မှန်ပါ့)။ နောက်တစ်လှမ်း ကံကုန်သွားရင် ရှေ့တစ်လှမ်းဆက် လှမ်းနိုင်သေးရဲ့လား … (မလှမ်းနိုင်ပါဘူးဘုရား)။ တစ်ခါတည်း ပို့လိုက်တယ်။ မလဲသေးဘူးလား … (လဲပါတယ်ဘုရား)။

အဲ့ဒီလောက် သေခြင်းတရားက ခင်ဗျားတို့မှာ နောက်ကံ ကံ ခင်ဗျားတို့က မြင်ရတာ မဟုတ်ဘဲနဲ့ အတင့်ရဲပြီးသကာလ၊ ဟုတ်လား လောကုတ္တရာအလုပ် ဖြေးဖြေးမှ လုပ်မယ်ဆိုပြီး အတင့်ရဲမနေလိုက်ပါနဲ့  … (မှန်လှပါဘုရား)။

အတင့်ရဲရင် သေလွဲဦးမယ် … (မှန်လှပါဘုရား)။ ရိပ်မိပြိလား … (ရိပ်မိပါပြီဘုရား)။ အတင့်ရဲနေ လိုက်ရင် ဘယ်နှယ့်ဆိုကြမတုံး … (အသေပွဲဦးမှာပါဘုရား)။

အသေပွဲဦးမယ် ဆိုတာကတော့ ခင်ဗျားတို့ကလည်း သေမလို့လာတဲ့အထဲမှာ ပွဲလေးခံရုံ ကျန်တော့တယ်၊ ပစ္စည်းက အလှူပေးဖို့ ပြည့်စုံကုန်ပြီဘုရား၊ ရက်ကန့်သတ်ဖို့ လိုတော့တယ်၊ ခင်ဗျားတို့မှာလဲ သေစရာတွေက ဘယ့်နှယ့်တုံး … (ရှိပါတယ်ဘုရား)။ ပြည့်စုံနေပြီ၊ ရက်ကလေးလိုတော့ တယ် … (မှန်လှပါဘုရား)။ ရိပ်မိပြီလား … (ရိပ်မိပါပြီဘုရား)။

အဲ့ဒီတော့ ရက်ကလေးလိုတော့တယ်လို့ ဆိုတာလည်း ဒေါ်အုန်းခင် ရိပ်မိပြီလား … (ရိပ်မိပါပြီ ဘုရား)။ ရက်ကလေးလိုတဲ့ ပုဂ္ဂိုလ်က ဒီရက်အတွင်း ပျော်ပါရစေဦးလို့ ဆိုချင်သေးသလား … (မဆိုချင်ပါဘူးဘုရား)။

မဆိုချင်ပါနဲ့ အသေလွတ်ရာကို ဒီရက်အတွင်း ရှာပါတော့မယ်လို့ ဒကာစိန် ရှာလိုက်ဖို့ကောင်းတယ် … (မှန်လှပါဘုရား)။ ဟုတ်ပြီလား။ ခင်ဗျားတို့ ခန္ဓာကိုယ်က နှုတ်တက်နေပြီဆိုတာ ရိပ်မိပြီလား … (ရိပ်မိပါ ပြီဘုရား)။

နှုတ်တက်တာပေါ့ဗျ၊ တော်ကြာ ခေါင်းကိုက်ပြ၊ တော်ကြာ လည်နာပြ၊ ရင်နာပြလိုက်၊ လေထိုးပြလိုက်၊ မူးပြလိုက်၊ ဝေပြလိုက်၊ ထိုးထိုးပြီးပြလိုက်၊ ဟိုကထိုးသလိုလို ဒီကထိုးသလိုလို ချချင်တဲ့ နေရာ ခြေချလိုက်တဲ့အခါ ဒီကထိုးသလိုလို ချချင်တဲ့နေရာ ခြေချလိုက်တဲ့အခါ ဟိုဘက်ချော်ကျသလိုလို ဟုတ်ဖူးလား … (မှန်ပါ့ဘုရား)။ ခန္ဓာကိုယ်ကြီးက အတိမ်းအစောင်းခံသလား … (မခံပါဘူးဘုရား)။

မခံတော့ ခင်ဗျားတို့ အဲ့ဒါ မရဏမင်းက လက်နက်စမ်းတာ … (မှန်လှပါဘုရား)။ ဟိုဟာကလေးနဲ့ ပစ်စမ်းလိုက်၊ ဒီဟာလေးနဲ့ ပစ်စမ်းလိုက်၊ မင်းတို့ ခိုကိုးရာ ရှာရင်ရှာ၊ မရှာရင် ဗိုင်းဗိုင်းလဲအောင် ပစ်လိုက်မယ်ဆိုတော့ ခိုကိုးရာရှာဖို့ နို့တစ် Notice ပေးနေကြတာ … (မှန်လှပါဘုရား)။

ဒေါ်အုန်းခင် ဘာတုံး … (ခိုကိုးရာရှာဖို့ နို့တစ် Notice  ပေးနေတာပါဘုရား)။ ခိုကိုးရာရှာဖို့ နို့တစ် Notice ပေးနေပြီ ဒကာ ဒကာမတို့၊ ဒီထဲတရားနာတဲ့ ဒကာဒကာမတွေကော တရားဟောတဲ့ ဘုန်းကြီးကော အတူတူပဲ  … (မှန်ပါဘုရား)။ နို့တစ် Notice ရပြီးသားတွေ၊ မရသေးဘူးလား … (ရပါတယ်ဘုရား)။

ဆံဖြူတဲ့ လူဟာလည်း မင်းသေတော့မယ် ပြောတာပဲ၊ သွားကြိုးတဲ့ ပုဂ္ဂိုလ်ကော … (သေတော့မှာပါ ဘုရား)။ အရေတွန့်လိပ်တဲ့ ပုဂ္ဂိုလ်ကော … (မင်းသေရမှာပါဘုရား)။ မင်းသေတော့မယ် ပြောတဲ့ ပုဂ္ဂိုလ်ချည့် ပဲ ဆိုတာ သေဘောကျပြီလား … (ကျပါတယ်ဘုရား)။

ထမင်းကလေး အစားပျက်လာရင်ကော … မင်းသေတော့မယ် ပါဘုရား)။ ခေါင်းကလေး ကိုက်လာရင်ကော … (မင်းသေတော့မယ် ပါဘုရား)။ အေး … ဒါ မရဏမင်းက လက်နက်စမ်းပြီး သကာလ မင်း သတိထား၊ မင်းသတိထား ဟုတ်လား … (မှန်ပါ့)။

သားရေး၊ သမီးရေး စီးပွားရေး မင်းအရေးကြီးနေတာ သုံးစရာ ရှာရင်ရှာ၊ မရှာရင် နောက် ဆရာလဲ ပစ်မယ်။

ခင်ဗျားတို့ လူစားမဆိုနဲ့။ ဘုရားတောင် မှန်အောင် ပစ်နိုင်တယ်။ သဘောကျပလား (ကျပါပြီ)၊ ဘုရားတောင် ခန္ဓာရှိတုန်းကျတော့ သူ့လက်တွင်းမှာ ခေါင်းစင်းသေရတယ်။ ဒကာစိန်ရေ ရိပ်မိပလား (ရိပ်မိပါတယ်)။

ဝေဒနာနုပဿနာ ရှုဖြစ်အောင်ရှုပါ

ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ ဝေဒနာဖြစ်ပျက်ကို မရှုရင် မဖြစ်ဘူးဆိုတဲ့ အဓိပ္ပါယ် ရောက်ပြီလား (ရောက်ပါပြီဘုရား)၊ သေသေချာချာ ရောက်တယ် (မှန်ပါ့)။ ဒါကြောင့် ဒကာ ဒကာမတို့ အခုလူသစ်တွေလည်းပါတော့ ဝေဒနာ ကလေးဟာ ထွက်ထွက်ပြီးသကာလ နေတော့ ဘယ်နေရာ ဘာရှိတယ်ဆိုတာ ဒေါ်အုန်းခင် တွေ့ရတယ်။

ကဲ - ဒါဖြင့် ဒကာ ဒကာမတို့ မျက်လုံးမှာ ဘာဝေဒနာပေါ်တယ် (ဥပေက္ခာ ဝေဒနာပါဘုရား)၊ နား၊ နှာခေါင်း၊ လျှာမှာ (ဥပေက္ခ ဝေဒနာပါဘုရား)၊ ပေါ်တဲ့စိတ်ကလေး ဥပေက္ခာသာမှတ်လိုက်။ ကိုယ်ပေါ်ကျတော့ သုခ၊ ဒုက္ခ ဝေဒနာ။ ဟဒယ ၀တ္ထု ပေါ်ကျတော့ (သုခ၊ ဒုက္ခ၊ ဥပေက္ခ ဝေဒနာပါဘုရား)။ အေး … နားမလည်တဲ့ ဒကာ ဒကာမတွေ ဟဒယ၀တ္ထုဆိုတာ ၀မ်းထဲမှာပေါ်တာ တစ်ကိုယ်လုံးမှာ သုခ ဒုက္ခချည်းပေါ့ဗျာ။ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

သောဝေဒနာ ပရိညာယ တဲ့ သော - ပုဂ္ဂိုလ်သည်။ ဝေဒနာ - ဝေဒနာကို။ ပရိညာယ ပိုင်းခြား၍ သိ၏။ သံယုတ် ပါဠိတော်မှာ ဘုရားဟောတော်မူပါတယ်။ ဝေဒနာ ပိုင်းခြားလိုက်တာပဲ (မှန်ပါ့)။

ဝေဒနာကိုရှေးဦးစွာပိုင်းခြားရမယ်

သူ့နေရာ သူသိပြီ မဟုတ်ဘူး။ ဝေဒနာတွေ ရောနေသေးလား (မရောပါဘုရား)၊ မရောပါဘူး။ ကိုယ်ပေါ်မှာ သုခ၊ ဒုက္ခ ဆိုငြားသော်လဲ သုခပေါ်ရင် ဒုက္ခမပေါ်ဘူး။ ဒုက္ခပေါ်ရင် (သုခ မပေါ်ပါဘုရား)။

ဟဒယ၀တ္ထုပေါ်မှာ သုခ၊ ဒုက္ခ၊ ဥပေက္ခာ ပေါ်နိုင်တယ် ပြောတာပဲ။ ပေါ်တာကတော့ တစ်ခုပဲရှိ တယ်။ သုံးခုပြိုင် ပေါ်နိုင်ရဲ့လား (မပေါ်နိုင်ပါဘုရား) ဘုရားသခင်ကိုယ်တော်မြတ်က သော ဝေဒနာ ပရိညာယ သော ယောဂီပုဂ္ဂိုလ်သည်။ ဝေဒနာ ဝေဒနာကို ပရိညာယ ရှေးဦးစွာ ပိုင်းခြားရမယ်။

ဘာနဲ့ပိုင်းခြားရမှာတုံး

ဒါ့ကြောင့် အခုပြောလိုက်တဲ့ တရားလေးဟာလဲ ဒကာ ဒကာမတို့ ဘယ်နေရာမှာ ဘယ်ဝေဒနာ ရှိတယ်လို့ ဝေဒနာ ပိုင်းခြားလိုက်တယ် (မှန်ပါ့) အဲဒီတော့ သောဝေဒနာပရိညာယ ဆိုတာ ဝေဒနာကို ပိုင်းခြားပါ။ ဘာနဲ့ပိုင်းခြားရမတုံးဆိုတော့ သမာဟိတော သမ္ပဇာနော သမာဓိ ပညာနဲ့ ပိုင်းခြားရမယ် (မှန်ပါ့)။

ဝေဒနာပေါ်ဆိုတာ အဲဒီဝေဒနာကို သမာဓိက တင်ပြမှ၊ ပညာက သြော် ဒီမှာ ဒုက္ခ၊ သြော် ဒီမှာ ဥပေက္ခာ၊ သြော် ဒီမှာ သုခ၊ သမာဓိ ပညာက ညွှန်ပြမှာ (မှန်ပါ့) နို့မို့ရင် ဝေဒနာက ပိုင်းခြားတယ် ဆိုငြား သော်လည်း ကံမှတ်ဖြစ်မယ်။ ကံမှတ် မလုပ်ကြပါနဲ့။ သမာဓိပညာနဲ့ အခုမျက်လုံး ပေါ်တယ်ဆို။ သမာဓိက အဲဒီမျက်လုံးညွှန်တော့ ပညာက အဲဒီ ကြည့်ပြီး သြော် - ဟောဒါ ဝေဒနာပါလားလို့ မြန်မြန်လုပ်ပါ။ သဘောကျပလား (ကျပါပြီဘုရား)။

သမာဓိနဲ့ ပညာနဲ့တွဲလွှတ်စမ်းပါ


အဲဒီတော့ သမာဟိတော သမ္ပဇာနော တဲ့။ သမာဓိနဲ့ ပညာနဲ့ တွဲတွဲလွှတ်စမ်းပါ။ ဘုရား၏ တပည့်သားတွေ ဖြစ်ခဲ့လို့ရှိရင်ဖြင့် သမာဓိနဲ့ ပညာတွဲတွဲလွှတ်စမ်းပါ။ ဝေဒနာ ပေါ်တဲ့နေရာကို သဘောကျပလား (ကျပါပြီဘုရား)။

ဝေဒနာပေါ်တဲ့နေရာ ဘယ်သူ့တွဲ လွှတ်ရမလဲ (သမာဓိနဲ့ ပညာတွဲလွှတ်ရပါမယ်)၊ အေး သမာဓိနဲ့ ပညာ တွဲလွှတ်ရမယ် မျက်လုံးထဲ ဘာဝေဒနာပေါ်တယ် (ဥပေက္ခာဝေဒနာ ပေါ်ပါတယ်)၊ မြင်တဲ့အချိန်မှာ ပေါ်တယ်။ အဲဒါ ဘာပါလိမ့်မတုံးလို့ သမာဓိ ပညာကမေးတာ သဘောကျပလား (ကျပါပြီဘုရား)။

သမာဓိနဲ့ ပညာနဲ့ နှစ်ခုပေါင်းပြီး မေးလိုက်လို့ရှိရင် သြော် ဒါလေးဟာ မျက်လုံးထဲမှာ တစ်ခြား မဟုတ်ပါလား၊ ဝေဒနာပါလား အေး … ငါ သူပြုတ်သွားပါပြီတဲ့ ဒီနေရာမှာ ဥပေက္ခာဝေဒနာပါလား၊ ဥပေက္ခာ ဝေဒနာလေးပါလားဆိုတော့ ငါ မပြုတ်လို့ ခံနိုင်သေးရဲ့လား (မခံနိုင်တော့ပါဘုရား)။

“သတော ဗုဒ္ဓဿ သာဝကော ဝေဒနာစ ပဇာနာတိ၊ ဝေဒနာ နဉ္စ သမ္ဘ၀ံ။” ဝေဒနာကို သူ့နေရာနဲ့သူ၊ သူ့နေရာနဲ့သူ ပေါ်တိုင်း ပေါ်တိုင်း ကြည့်ပေးရမယ်။ ရှင်းပလား (ရှင်းပါပြီဘုရား)။

ဝေဒနာရဲ့ ဖြစ်ကြောင်းကိုသိပါ


ဝေဒနာနဉ္စ သမ္ဘ၀ံတဲ့။ ဝေဒနာ ဖြစ်ကြောင်းလေးလဲ ကြည့်လိုက်ပါဦး။ ဝေဒနာသိတယ် ဆိုကတည်းက ဒိဋ္ဌိကွာပြီ၊ ဝေဒနာဖြစ်ကြောင်းသိတော့ ဒကာ - ဒကာမတို့ တစ်ခုခုနဲ့ မထိဘဲနဲ့ဖြင့် နာတယ်။ ကောင်းတယ်ဆိုတာ လာပါ့မလား (မလာပါဘူး)။

လျှာလယ်မှာ ဟင်းလေးနဲ့ မဘိဘဲနဲ့ ကောင်းတယ်ဆိုတာ မလာဘူး လျှာလယ်မှာ ပေါ်နိုင်ပါ့မလား (မပေါ်နိုင်ပါဘုရား)။ အစပ်ကလေးနဲ့ မထိဘဲနဲ့ စပ်တဲ့ဝေဒနာ ပေါ်နိုင်ပါ့မလား (မပေါ်နိုင်ပါဘူး ဘုရား)။

ဖဿကြောင့် ဝေဒနာဖြစ်တယ်

အဲဒီတော့ ထိလို့ ပေါ်တယ်ဆိုတော့ ဝေဒနာ နဉ္စသမ္ဘ၀ံ။ ဝေဒနာ နဉ္စ - ဝေဒနာ၏ သမ္ဘ၀ံ ဖြစ်ကြောင်း ကို ပရိဇာနာတိ - သိရမယ် ဆိုထားတယ်။ ဖဿပစ္စယာ ဝေဒနာလဲ သိတယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ပထမ ဝေဒနာသိ၊ နောက် ဝေဒနာ ဖြစ်ကြောင်းသိ (မှန်ပါ့)၊ ဝေဒနာ ဘယ်သူ့ကြောင့်ဖြစ်သလဲ (ဖဿကြောင့်ဖြစ်ပါတယ်) ဖဿကြောင့် ဝေဒနာဖြစ်တယ်ဆိုတာလဲ ရှင်းမနေဘူးလား (ရှင်းပါတယ်)။

အေး ဒါကြောင့် ခင်ဗျားတို့ သူခဲနဲ့မထိဘဲနဲ့ ခြေဖ၀ါးပေါ်မှာ သူမနာပါဘူး၊ ခဲနဲ့ ခြေထောက်နဲ့ ဆက်သွယ်ပေးလိုက်တာက ဖဿ၊ ပေါ်လာတဲ့ နာလုံးလေးက ဝေဒနာ။ ဆက်သွယ်ပေးတာက ဘယ်သူတုံး (ဖဿပါ)။ အေး - နာလာတာက (ဝေဒနာပါ)၊ ဒါဖြင့် ထိတာနဲ့နာတာ တစ်ချက်တည်းပဲ (မှန်ပါ့)၊ ထိတာနဲ့ နာတာ တစ်ချက်တည်းပဲဆိုတာ သိသဖြင့် ထိလို့ နာတာကဖြင့် ဖဿပစ္စယာ ဝေဒနာ (မှန်ပါ့)။

ဖဿချုပ်ရင်ဝေဒနာချုပ်တယ်

ဖဿနိရောဓော ဝေဒနာနိရောဓော။ သဘောကျပလား (ကျပါပြီဘုရား)၊ ဖဿ ချုပ်ရင်ကော (ဝေဒနာချုပ်ပါတယ်ဘုရား)။ အဲဒီကဲ့သို့ အစောကြီးက ဒကာ ဒကာမတွေ နှလုံးသွင်းထားလိုက်ပါဦး။ ဟုတ်လား (မှန်ပါ့ဘုရား)။

ဧတာ - ဤတရားတို့သည် နိရုဇ္ဈန္တိ - ချုပ်ကုန်၏ ။ ဆုံးအောင် လုပ်လိုက်ရမယ်။ ဒကာ ဒကာမတို့ ဒီဝေဒနာ ကလေးကို ဖြစ်ပျက်တွေ့ပြီ ဆိုကြပါစို့၊ ဖြစ်ပျက်တွေက နောက်ကျတော့ ဒကာ ဒကာမတို့ ဖြစ်ပျက်ကနေပြီး လျှောက်ကြည့်နေရင်းနဲ့ တွေ့ရတာလဲ ဒုက္ခလို့ ဥာဏ်သည် မပြောင်းဘူးလား (ပြောင်းပါတယ်)။

နောက်ကျတော့ သူ့ထက်ပြောင်းပြီး သြော် - ဖြစ်ပျက်ဆိုတာ ၀ိပရိဏာမဒုက္ခကြီးပါလားလို့ မသိပေဘူးလား (သိပါတယ်ဘုရား)၊ သိလည်း သိပြီးရော ဒီဝေဒနာကလေးဟာ ဒေါ်သန်းရေ ချုပ်သွားတယ် (မှန်ပါ့ဘုရား)။

ဒုက္ခသစ္စာချုပ်တော့ သုခပေါ်ရတယ်

အဲဒီ ဝေဒနာလေး ချုပ်သွားတော့ ဝေဒနာဟာ ဒုက္ခသစ္စာ မဟုတ်ဘူးလား (ဟုတ်ပါတယ်)၊ ဝေဒနာ ဟာ ဒုက္ခသစ္စာလေး ဒုက္ခသစ္စာလေး ချုပ်သွားတော့ ဒီနေရာမှာ သုခပေါ်ရတယ်၊ မပေါ်ပေဘူးလား (ပေါ်ပါတယ်)၊ အေး - သုခပေါ်ရတယ်။

အဲတော့ ဒုက္ခချုပ်ချင်လို့ ချုပ်ရတာလား မေးတဲ့အခါကျတော့ ဟိုက ဥာဏ်က ထက်ထက်၊ ထက်ထက်လာတော့ ၀ိပရိဏာမဒုက္ခကြီးသည် မချုပ်ရပေဘူးလား (ချုပ်ရပါတယ်ဘုရား)။

ဝိပရိဏာမ ဖြစ်ပြီးသကာလ ချုပ်သွားတဲ့အခါကျတော့ ဒီက ချုပ်သွားတာက ဒုက္ခသစ္စာ၊ မြင်တာက မဂ္ဂသစ္စာ၊ အေး - ဒီချုပ်သွားတဲ့ အဆုံးလေးက (နိရောဓသစ္စပါဘုရား)၊ ဖြစ်ပျက် အဆုံးလေးက ဒုက္ခဿ အန္တံ ကရဿတိ (မှန်ပါ့)။

နိရောဓသစ္စာနဲ့ ဥာဏ်နဲ့သာကျန်မယ်

ဒုက္ခ၏ အဆုံးလေးက ဘာတဲ့ (နိရောဓသစ္စာပါဘုရား)။ အဲဒီ နိရောဓသစ္စာနဲ့ ဥာဏ်နဲ့ တင်ကျန်နေရမယ် (မှန်ပါ့)၊ သမုဒယ သစ္စာကတော့ ဒကာ ဒကာမတို့ ဒါပေါ်ကတည်းက သူသေ နေတာ (မှန်ပါ့)၊ သူ့အတွက် ဘာကလေးများ လိုနေသေးလဲ (မလိုပါဘူး)၊ ဆုတောင်းဖို့ကော လိုသေးလား (မလိုပါ ဘူး) မဂ်ပေါ်ဖို့သာ လိုတယ် (မှန်ပါ့)။

အေး - ဒါကြောင့် ဒုက္ခ၏အဆုံးမြင်အောင်ကြည့်ကြစမ်းပါ။ ဒုက္ခမြင်ရင် ဒုက္ခ၏အဆုံးတွေ့မှာပဲ (မှန်ပါ့)။

ပုရွက်ဆိတ်တန်း ဥပမာ


လောကီဥပမာ ဘုန်းကြီး ပြောလိုက်ပါ့မယ်၊ ခင်ဗျားတို့ ပုရွက်ဆိပ်တန်းကြီးဟာ လမ်းပေါ်မှာ တန်းနေတယ် ဒကာစိန် (မှန်ပါ့)၊ သို့သော် သူ့တွင်းထဲ ၀င်တယ် (မှန်ပါ့)၊ ဒကာစိန် ဘေးကနေ မပြောင်းနဲ့။

ပုရွက်ဆိတ်တန်းကြီး ကြည့်နေ ကြည့်နေတဲ့အခါကျလို့ရှိရင် ပုရွက်ဆိတ်တန်းကြီးဟာ နောက်ဆုံးပိတ် အခါကျတော့၊ တွင်း ထဲဝင်သွားတော့ ပုရွက်ဆိတ်တန်းကြီး မြင်ရသေးရဲ့လား (မမြင်ရတော့ပါ)။

ဘာပြုလို့တုံး (ဆုံးသွားလို့ပါဘုရား)။ မဆုံးခင်ကတော့ ပုရွက်ဆိတ်တန်းကြီး မြင်ရတယ်၊ ဆုံးသွားတော့ (မမြင်ရတော့ပါဘုရား)။

ဒီမှာလည်း ထိုနည်းတူပဲ ပထမတုန်းကတော့ ၀ိပရိဏာမ ဒုက္ခတွေ မြင်မြင် မြင်မြင်နေတာပဲ။ နောက် ဒီဒုက္ခတွေ ဆုံးသွားတော့ အေး ဒီနေရာ ပုရွတ်ဆိတ် မရှိတော့ဘူးလို့ မမြင်ဘူးလား (မှန်ပါ့)၊ ပုရွက်ဆိတ်အရှည် ကုန်ဆုံးသွားတော့ ပုရွက်ဆိတ်မရှိတာ တွေ့ရတယ်။ ဒီမှာလဲဒုက္ခတွေ အကုန်ဆုံးသွား တော့ ဒုက္ခမရှိတာ တွေ့ရတယ်။ သဘောကျပလား (ကျပါပြီဘုရား)။

ဒုက္ခမရှိတာနိဗ္ဗာန်

ဒုက္ခတွေ ဆုံးသွားတော့ ဘာတွေ့သလဲ (ဒုက္ခမရှိတာ တွေ့ပါတယ်ဘုရား)၊ ဒုက္ခမရှိတာ တွေ့တယ်တဲ့၊ ကိုင်း - ဒုက္ခမရှိတာ နိဗ္ဗာန်၊ နိရောဓသစ္စာ၊ မရှိမှန်း သိတာက မဂ္ဂသစ္စာ၊ အေး - အဲဒါ ဒုက္ခအဆုံးမှာမှ တွေ့တယ် (မှန်ပါ့ဘုရား)။

အဲဒီ ဒုက္ခအဆုံး ရောက်အောင် ရှုကြလို့ရှိရင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် ဒုက္ခအဆုံး နိရောဓသစ္စာ၊ သဘောကျပလား (ကျပါပြီ)၊ ဒုက္ခအဆုံး မြင်တာက မဂ္ဂသစ္စာ၊ ဒုက္ခအဆုံးမြင်တာက (မဂ္ဂသစ္စာပါဘုရား)၊ မဂ္ဂသစ္စာပါ သဘောကျပလား (ကျပါပြီ)။

သမုဒယ၏ အရှိန်ကုန်လို့ဒုက္ခဆုံးတာ


မဂ္ဂသစ္စာလာတာသည် ဒုက္ခအဆုံး (မှန်ပါ့)၊ ဆုံးချင်တိုင်း ဆုံးရတာလားလို့ မေးတဲ့အခါကျတော့ သမုဒယ၏ အရှိန်အစော် အာနုဘော် ကုန်လို့ (မှန်ပါ့)၊ သမုဒယချုပ်လို့ သူချုပ်တာ (မှန်ပါ့)။

ခန္ဓာကိုယ်ထဲမှာ သမုဒယကြီး ချုပ်လိုက်တော့ ဟိုမှာလဲ တစ်ခါတည်း ဒုက္ခအဆုံးကလေး ပေါ်လာတယ်၊ ဒါလေးသေသေချာချာ မှတ်လိုက်စမ်းပါ။ ဒကာသိုက် (မှန်လှပါဘုရား)။

မဂ် တစ်ပြိုင်တည်း ပေါ်တယ်

ဒါလေး သေသေချာချာ မှတ်လိုက်စမ်းပါ၊ ဒေါ်အုန်းခင် ဒါလေး သေသေချာချာ မှတ်ပါဆိုတာ တခြားမဟုတ်ဘူး၊ ဒီဒုက္ခ ဆုံးတဲ့အချိန်နဲ့ ဒီက သမုဒယ ချုပ်တဲ့အချိန်နဲ့ မဂ်ပေါ်တဲ့ အချိန်နဲ့ တစ်ပြိုင်တည်းပဲ (မှန်ပါ့)။

ဒါဖြင့် ဒုက္ခရယ် ဒုက္ခအဆုံးရယ် ကိလေသာ သေတာရယ် မဂ်ပေါ်တာရယ် တစ်ပြိုင်တည်း (မှန်ပါ့)၊ တစ်ပြိုင်တည်းနော် ရိပ်မိပလား (ရိပ်မိပါပြီဘုရား)။

အဲဒါ ခင်ဗျားတို့ အားထုတ်ကြည့်ပါ၊ အားထုတ်ကြည့်လိုက်တဲ့အခါကျတော့ ၀ိပရိဏာမ ဒုက္ခ ရအောင်သာ အားထုတ်လို့ရှိရင်ဖြင့် ခင်ဗျားတို့ ဒုက္ခအဆုံး တွေ့လိမ့်မယ်၊ ဒုက္ခလည်း တွေ့မယ်၊ ဒုက္ခအဆုံး လည်း တွေ့မယ် (မှန်ပါ)။

အပူဓာတ်ငြိမ်းသွားတယ်

ဒုက္ခက ဒုက္ခသစ္စာ၊ အဆုံးက နိရောဓသစ္စာ ဟုတ်လား၊ မြင်တာက မဂ္ဂသစ္စာ၊ ငြိမ်းတာက သမုဒယ သေတာ။ သမုဒယ သေတဲ့အခါ အပူဓာတ် ငြိမ်းသွားတယ်။ ရိပ်မိပလား (ရိပ်မိပါပြီဘုရား)။

ဒါကြောင့် ရေအိုးတစ်ထောင်နဲ့ လောင်းဘိသကဲ့သို့ ခန္ဓာကိုယ်ထဲမှာ အေးရမယ်၊ ခန္ဓာကိုယ်ထဲမှာ အေးအောင် ရေအိုးတစ်ထောင်နဲ့ လောင်းဘိသကဲ့သို့ ခန္ဓာကိုယ် အေးရမယ်လို့ ပဏ္ဏာသကဋ္ဌကထာ ဖွင့်လိုက်တယ် (မှန်ပါ့)။

အဲဒါကြောင့် ၀ိပဿနာမဂ္ဂင် ဖြစ်တုန်းကတော့ ဖြစ်ပျက်ကို အာရုံပြင်တယ်။ ၀ိပရိဏာမဒုက္ခ မမြင်ဘဲနဲ့ ၀ိပရိဏာမ ဒုက္ခအဆုံး သွားမြင်တယ် ရိပ်မိပလား (ရိပ်မိပါပြီဘုရား)။

ဝိပရိဏာမဒုက္ခ အဆုံးသွားမြင်တယ်ဆိုတော့ ဒကာ ဒကာမတွေ ဒုက္ခ၏အဆုံးကို သွားမြင်တယ်။ ဒါဖြင့် ဒုက္ခ၏ အဆုံးဆိုတာ နိရောဓသစ္စာ၊ ဒုက္ခအဆုံးမြင်တာက မဂ္ဂသစ္စာ (မှန်ပါ့)။

မဂ်စစ် လက္ခဏာ

မဂ္ဂသစ္စာလည်း ၀င်ပါရော ဒကာ ဒကာမတို့၊ လူ သောတာပန်ဖြစ်ရင် ထောင့်ငါးရာ ကိလေသာတွေ ဟာ လေးပိုင်းတစ်ပိုင်း ငြိမ်းတယ်။ ရဟန္တာဖြစ်ရင် အကုန်ငြိမ်းတယ် ဆိုတော့ အေးမလား မအေးဘူးလား (အေးပါတယ်ဘုရား)။ အပူဓာတ် ငြိမ်းတော့ ဘာဖြစ်မလဲ ထင်သလဲ (အေးပါတယ်)။

နှလုံးကိုငြိမ်းအေးခြင်းလက္ခဏာ


နှလုံးကို ငြိမ်းအေးခြင်းလက္ခဏာ ရှိတယ်။ မဂ်က မဂ္ဂသစ္စာလာရင် နှလုံးအေးရမယ်၊ ဒေါ်အုန်းခင် သေသေချာချာမှတ်နော်။

မဂ္ဂသစ္စာ မဂ်စစ်လာရင် ဘာဖြစ်ရမလဲ (နှလုံးအေးရပါမယ်ဘုရား)၊ နှလုံးအေးရမယ်တဲ့ နှလုံးအေးသွားမယ် (မှန်ပါ့)၊ အဲဒီ အေးတာလေးသည်ကား ဆိုရင် ဒကာ ဒကာမတို့ ကိလေသာ အပူမီးငြိမ်း၍ အေးသည် (မှန်ပါ့)။

ဓာတ်တော်တွေကျလာမယ်

ကိလေသာ အပူမီးငြိမ်းလို့ အေးသည်၊ ဒါကြောင့် မသာကိစ္စ လှချင်လို့ရှိရင် ခင်ဗျားတို့ ဒီအလုပ်ကို လုပ်ပါ၊ ဒီထက်ပိုပြီး ကြိုးစားလိုက်လို့ ရဟန္တာအဖြစ်ကို ရောက်မယ်ဆိုရင် မသာမဟုတ်တော့ဘူး၊ သူများ ကိုးကွယ်ရာဖြစ်မယ်၊ ဓာတ်တော်တွေ ကျလာလိမ့်မယ် (တင်ပါ့ဘုရား)။ သူများတံတွေး ထွေးတဲ့ အဆင့် ရောက်သေးရဲ့လား (မရောက်ပါဘူး) ဓာတ်တော်တွေ ဖြစ်လာတဲ့အခါကျတော့ ဟိုအိမ်က ပူဇော်ချင်၊ ဒီအိမ်က ပူဇော်ချင်နဲ့ ခင်ဗျားတို့ အဖိုး မတန်ဘူးလား (တန်ပါတယ်ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒီအတိုင်း သေကြမယ်ဆိုတာ ဓာတ်တော် မကျနိုင်လို့ တော်ကြာ ဖောင်းကြွလာလို့ ခွေးတွေ ဘာတွေ ရောက်လာလို့ရှိရင် အင်မတန် အကျည်းတန် အရုပ်ဆိုးတဲ့ အဓိပ္ပါယ်ရောက်သွားလိမ့်မယ်။ အဲဒီတော့ ခင်ဗျားတို့ဟာ အသေလည်းမလှ၊ အနေလည်းမလှ ဒီလိုဖြစ်မှာ မစိုးရိမ်ရဘူးလား (စိုးရိမ်ရပါတယ် ဘုရား)။

သမာဓိမဂ္ဂင်ဖိလုပ်စမ်းပါ

အဲဒါဖြင့် သမာဓိမဂ္ဂင် ဖိလုပ်စမ်းပါ။ ဒါ တိုက်တွန်းတာနော် (မှန်ပါ့)၊ သမာဓိမဂ္ဂင်ကို ဖိလုပ်စမ်းပါ။ ဖိလုပ်သွားလို့ ရှိရင်ဖြင့် ခုန မသာဖိတ်စာလဲလှ၊ ခန္ဓာကိုယ်ကြီးလဲ ဓာတ်တော်ကျလို့ အများပူဖော်ကြမယ် (မှန်ပါ့ဘုရား)။

ဒီအတိုင်းသာ ဆိုလို့ရှိရင် မသာကိစ္စကလဲ အနံ့မသာ ကြွတော်မူပါဟုတ်လား။ ဒါဆို ခန္ဓာကိုယ်ကြီး လဲ ဆွေမျိုးတော်တဲ့ ပုဂ္ဂိုလ်ကတော့ နှာခေါင်းပိတ်မှာဗျ၊ ဆွေမျိုးမတော်တဲ့ ပုဂ္ဂိုလ်ကတော့ ဖွီဖွမ်နဲ့ လာသေး တာဗျ (မှန်ပါ့ဘုရား)။

နှာခေါင်းပိတ်တာလဲ ကျက်သရေ မရှိလို့၊ ဖွီဖွမ်လုပ်တာကော (ကျက်သရေမရှိလို့ပါဘုရား)၊ အဲဒီလို သေချင်ကြသလား (မသေချင်ပါဘူးဘုရား)၊ ဟုတ်ကဲ့လား ခင်ဗျားတို့က (ဟုတ်ပါတယ်ဘုရား)။

ဘယ်လောက်ပင် လှအောင် ခင်ဗျားတို့က ပြင်ဆင်ငြားသော်လည်း ခင်ဗျားတို့ ခေါင်းကို ဘယ်လောက် ပြင်ဆင်ထားငြားသော်လည်း အနံ့ကျတော့ မထွက်အောင် မပြင်ဆင်ဘူး ဆင်နိုင်ကြရဲ့လား (မဆင်နိုင်ပါဘုရား)။

မဂ်ဥာဏ်ဖိုလ်ဥာဏ်ရအောင်လုပ်ပါ

အဲဒါဖြင့် အနံ့မထွက်အောင် မဆင်နိုင်ကြလို့ရှိရင် မဂ်ဥာဏ် ဖိုလ်ဥာဏ် ရအောင်လုပ်ပါ ရိပ်မိပလား (ရိပ်မိပါပြီ)၊ အဲဒီတော့ လူသေမှ အရှက်ကွဲရတာ နာတယ် (မှန်ပါ့)၊ အဲဒီလူ ရှင်တုန်းက အလုပ်မလုပ်ချင်လို့ (မှန်ပါ့)၊ ခင်ဗျားတို့က အခု ဟန်လုပ်နေသရွေ့ အဲဒီကျတော့ အကုန်းပေါ်မလာဘူးလား (ပေါ်လာပါတယ် ဘုရား)။

အခုတော့ ဖီးကာ လိမ်းကာ ပြုပြင်တာနဲ့ ကိုယ့်ရှိရင် ရှိသလို ၀တ်ကြ၊ ဆင်ကြပေါ့ဗျာ။ ဟုတ်လား တော်တော်ကြာ ကျတော့ ပေါ်လာပြီ နံလိုက်တာ ဒီမသာနှယ် ဆိုးလိုက်တာကွာ မပြောကြဘူးလား (ပြောပါတယ်ဘုရား)။

အေး … ဒါကြောင့် အဲဒီလိုတော့ အရုပ်ဆိုးတာတွေ မဖြစ်စေနဲ့ ဦးတင်မောင် သမာဓိ၊ သမ္မာသမာဓိ နဲ့ ပညာမဂ္ဂင်နဲ့ နေရာတိုင်း တွဲထည့်လိုက်လို့ရှိရင် ခင်ဗျားတို့ အဖိုးတန်မယ် (မှန်လှပါဘုရား)။

ဒကာသိုက်ရေ ဒီဥစ္စာ အရေးမကြီးဘူးလား (ကြီးပါတယ်ဘုရား)၊ ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ကြိုးစားစမ်းပါ ကြိုးစားကြစမ်းပါ။ ကြိုးစားလို့ရှိရင် ခင်ဗျားတို့ မုချ ခရီးရောက်မယ်။ ဟုတ်လား မုချ ခရီးရောက်မယ် (မှန်ပါ့ဘုရား)။

ခန္ဓာကိုယ်နဲ့ ပူဇော်လိုက်ပါ

ကဲ … ဒါဖြင့် ရှေးဦးစွာ သမာဓိယူ သမာဓိပညာ ရိုးရိုးလုပ်။ နောက်ကျလာတဲ့အခါကျတော့ ဒုတိယ တစ်ဆင့် တက်ပေး၊ ဒါဣနြေ္ဒ တက်အောင်လုပ်ပေးတာ (မှန်ပါ့)၊ တတိယအဆင့်ကျတော့ မဂ္ဂင်ရအောင် လုပ်မဟေ့ (မှန်ပါ့)။

ဒီလို ပြောင်းလိုက်လို့ရှိရင် မဂ္ဂင်လမ်းပေါက်ပြီးသကာလ မောင်ထွန်းလှိုင် တစ်ခါတည်း အသေလှ ရော (မှန်ပါ့)၊ အသေလှမယ်တဲ့ တစ်ခါတည်း ခန္ဓာကိုယ်နဲ့ ပူဇော်လိုက်ပါ၊ ရိပ်မိပလား (ရိပ်မိပါပြီဘုရား)။

ကဲ … ဒကာ ဒကာမတို့ ဘယ်နှစ်မျိုး ဟောသတုံး (သုံးမျိုးပါဘုရား)။ သမာဓိပညာ ရိုးရိုးတစ်မျိုး (တင်ပါ့)၊ သမာဓိပညာ ဒီထက် အလတ်စား မြင့်တက်လာအောင် လုပ်မှုတစ်မျိုး (တင်ပါ့)၊ အခုထက် အထက်တန်းကျကျ မဂ္ဂင်ဆိုက်အောင် လုပ်မှုတစ်မျိုး (တင်ပါ့)။

အဲဒီလို လုပ်လိုက်လို့ရှိရင်ဖြင့် ခင်ဗျားတို့ ဖိတ်စာလဲ လှဟုတ်လား၊ ဓါတ်တော်လဲကျဆိုတော့ ဘယ်လောက် အဖိုးတန်သလဲ (တန်ပါတယ်ဘုရား)။


ဖိတ်စာလည်းလျ ဓာတ်တော်လည်း ကျ

ဖိတ်စာလဲလှ ဓာတ်တော်လဲကျ ဆိုတော့ကွာ မောင်ထွန်းလှိုင် ဘာပြောစရာ ရှိမလဲ။ အခုတော့ ဖိတ်စာလှတာက ခင်ဗျားတို့ ရေးဖို့သာ လှရတာကိုးဗျ။

ဘုန်းကြီးတွေကျတော့ ပျံလွန်တော်မူတယ်။ မယ်တော် ခမည်းတော်တွေကျတော့ နတ်ရွာစံတယ်။ အလကားရေးတာ ဒီဥစ္စာ ရိပ်မိပလား (ရိပ်မိပါပြီ)၊ အလကား ရေးတာ ဒီဥစ္စာ လှအောင်ရေးတာပါ။

တကယ်လှချင်လို့ရှိရင်ဖြင့် ခုနပြောခဲ့တဲ့ ပညာနဲ့ သမာဓိကို မဂ္ဂင်ဆိုက်အောင်သာ လုပ်ပစ်လိုက် (မှန်ပါ့)၊ အဲဒါဖြင့် သူများက မပြောလည်း လှနေတာပဲမဟုတ်လား။ သူများက မပြောလဲ ဓာတ်တော်က ကျနေတာပဲ (မှန်ပါ့ဘုရား)။

ဒီလမ်းသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် အနေလဲကောင်းတဲ့လမ်း အသေလည်းကောင်းတဲ့လမ်း ဖြစ်သောကြောင့် ဒီထက်ကောင်းတဲ့လမ်း ဟာဖြင့် ရှိသေးရဲ့လား (မရှိပါဘူးဘုရား)။

ဒီလမ်းဟာ ခုနပုံနဲ့ သေနိုင်လို့ရှိရင်ဖြင့် ဒီပုဂ္ဂိုလ် ဘယ်ကြွပါလိမ့်လို့ မေးမနေနဲ့ ဘယ်မှမကြွဘူး။ ဘယ်ဘုံ ဘယ်ဌာနမှ မကြွဘူး၊ ဘုံဌာနတွေကြွရင် မသာဖြစ်ဦးမှာကိုး (တင်ပါ့)။

ဘယ်မှမကြွဘူး။ ကြွသေးရဲ့လား (မကြွပါဘုရား)၊ ဒုက္ခတွေ ဟူသရွေ့ အသေဇာတ်လမ်းသိမ်းလို့ ငြိမ်သွားတယ်သာ ဆုံးဖြတ်ချက်ချ၊ ရှင်းပလား (ရှင်းပါပြီဘုရား)။

သမာဓိမဂ္ဂင်၊ ပညာမဂ္ဂင်ဖြစ်အောင်လုပ်

ကိုင်း - ဒကာ ဒကာမတို့ ဘာလုပ်ရမလဲဆိုတော့ သမာဓိမဂ္ဂင် ပညာမဂ္ဂင် ဖြစ်အောင်လုပ်ဖို့ အရေးကို လုပ်လိုက်ကြစမ်းပါလို့ ဒီနေ့အတော်ပြောရတယ်။

ဒါဖြင့် ခင်ဗျားတို့ ပထမတော့ဖြင့် မျက်လုံးက ဥပေက္ခာ ဝေဒနာပေါ်တယ်၊ နားမှာ (ဥပေက္ခာဝေဒနာ ပေါ်ပါတယ်)၊ နှာခေါင်းမှာ (ဥပေက္ခာဝေဒနာပေါ်တယ်)၊ လျှာမှာ (ဥပေက္ခာဝေဒနာ ပေါ်ပါတယ်)၊ ကိုယ်ပေါ်မှာ (သုခ၊ ဒုက္ခဝေဒနာပေါ်ပါတယ်)၊ သုခ၊ ဒုက္ခ။ ရှင်းပလား (ရှင်းပါပြီ)၊ ဟဒယ၀တ္တုပေါ်မှာ (သုခ၊ ဒုက္ခ၊ ဥပေက္ခာ ပေါ်ပါတယ်)။

အဲဒါပေါ်တဲ့အခါ ရှေးဦးစွာ သမာဓိကလဲ ညံ့တယ်၊ ပညာကလဲ ညံ့တယ်ဆိုရင် ပေါ်တိုင်း မောင်ထွန်းလှိုင် မတွေ့ဘူး (မှန်ပါ့)၊ မတွေ့ပဲနဲ့ သမာဓိ၊ ပညာကညံ့နေတယ် နောက်ကျတော့ တက်လိုက်ပါ။ မပေါ်ပေမယ့် ပေါ်အောင် အမိဖမ်းမဟလို့ ဣနြေ္ဒထိုက်အောင် လုပ်လိုက်ပါ။ အားတက်ပေး လိုက်ဆိုတာပါပဲ (မှန်ပါ့)။

ဖြစ်ပျက်သာ မြင်အောင်ကြည့်

အဲဒီကဲ့သို့ အားစိုက်ပေးလိုက်တဲ့ အခါကျတော့ ဘယ်ဟာ ပေါ်ပေါ် မိလာပြီ (မှန်ပါ့)၊ မျက်လုံးပေါ်လဲ မိပြီ။ ဝေဒနာလား? ဖြစ်ပျက်လား မေးလိုက်ရင် ဖြစ်ပျက်ပဲ တွေ့ရမှာပဲ။

ဘာကြောင့် ဝေဒနာပေါ်ပြီး ချုပ်သွားတယ်၊ နောက်မနောဒွါရ၀တ္ထုလဲ ဖြစ်ပျက်သာ မြင်တော့တယ်၊ ဖြစ်ပြီးပျက်သွားတာသာ မြင်တော့တယ်။ သဘောကျပလား (ကျပါပြီဘုရား)။

အဲဒီလို နေရာတိုင်း မိပြီဆိုမှဖြင့် အားလုံး ဒကာ ဒကာမတွေ မလျှော့နဲ့တော့ ဣနြေ္ဒထိုက်လာပြီ တစ်ဆင့်တက်ဖို့ပဲ ကျန်တော့တယ်နော်။

တစ်ဆင့်တက်ဖို့ ကျန်တော့တယ်၊ တစ်ဆင့် တက်ဖို့ ကျန်တော့နေရာတိုင်းမှာ မိလာပြီဘုရား၊ ဝေဒနာတွေ ပျက်တိုင်း ပျက်တိုင်း မိပြီဘုရား၊ ဘယ်နေရာပေါ်ပေါ် တပည့်တော်တို့ ဥာဏ်က အုပ်မိပြီဘုရား (မှန်ပါ့)။

မလျှော့နဲ့တော့ဣနြေ္ဒထိုက်လာပြီ

ဒီလိုဆိုရင်ဖြင့် မောင်မြင့်တို့ မလျှော့နဲ့တော့ ဣနြေ္ဒထိုက်လာပြီ ရင့်လာပြီ (မှန်ပါ့)၊ ပါရမီ ခုနနဲ့ တူသေးရဲ့လား (မတူတော့ပါဘုရား) မတူတော့ဘူး ပါရမီရင့်လာပြီ (မှန်ပါ့)။

ဘုရားက ဒါကို ပါရမီဆိုတော့ ဟေ့မင်းတို့က တစ်ဘ၀က၊ တစ်ဘ၀ကို ပါရမီ လုပ်နေလို့ ခက်နေတာ၊ ရိုးရိုးကနေ ဣနြေ္ဒထိုက်၊ ဣနြေ္ဒကနေ မဂ္ဂင်ထိုက်၊ ဒါကို ပါရမီဆိုတာ (မှန်ပါ့ဘုရား)။

ပါရမီရဲ့ အဓိပ္ပါယ်

ဒါကြောင့် ပါရမီကိုလဲ ဒေါ်အုန်းခင်ကြီးတို့ ရှင်းပလား (ရှင်းပါပြီ)။ ရိုးရိုးသမာဓိပညာက ဣနြေ္ဒထိုက်တဲ့ သမာဓိပညာ။

ဒီထက်တစ်ခါ ရင့်လာလို့ရှိရင် မဂ္ဂင်ထိုက်တဲ့ သမာဓိပညာဆိုတော့ သူတို့ဟာသူတို့ အဆင့်ဆင့်ရင့် မသွားဘူးလား (ရင့်သွားပါတယ်)၊ အဲဒါကို ပါရမီဆိုတာပဲ (မှန်လှပါဘုရား)။

ပါရံ မယတိ ဂစ္ဆတီတိ ပါရမီရဲ့ အဓိပ္ပါယ်က နိဗ္ဗာန်ဟူသော ကမ်းတစ်ဘက်ကို သွားတတ်တယ် (၀ါ) ရောက်တတ်တယ် (မှန်ပါ့)၊ နိဗ္ဗာန်ရောက်အောင် သွားတာ ပါရမီပဲ (မှန်ပါ့)။

နိဗ္ဗာန်ရောက်အောင်သွားတာ ပါရမီပဲဆိုတော့ မင်းတို့ တတိယမဂ္ဂင်ဆိုက်လာတာဆိုတဲ့ အခါကျ တော့ သူမသွားဘူးလား သွားမလား (သွားပါတယ်)၊ နိဗ္ဗာန်အာရုံ ပြုသွားပြီ မရောက်သေးဘူးလား (ရောက်သွားပါတယ်ဘုရား)။

တစ်ဆင့်ထက်တစ်ဆင့်ရင့်လာတာပါရမီ


အဲဒါ ဘယ်က တက်လာသတုံးဆိုတော့ သမာဓိပညာ ရိုးရိုးက ဣနြေ္ဒတက်လာခဲ့တာ။ ဣနြေ္ဒက တစ်ဆင့်တက်ပြီး မဂ္ဂင်တက် လာတာ၊ နောက်ထပ် တက်လာတာ (မှန်ပါ့)၊ အဲဒါ ကြည့်စမ်း တစ်ဆင့်ထက် တစ်ဆင့်တိုးတက်လို့ ရင့်လာတာ မဟုတ်လား (ဟုတ်ပါတယ်)။

အဲဒီလို ရင့်လာတာ ဘာခေါ်ကြမယ် (ပါရမီခေါ်ပါတယ်ဘုရား)။ အဲ … ပါရမီဆိုတာ ဒါကိုခေါ်တယ် (မှန်ပါ့)၊ ပါရမီ ရင့်လာပြီလို့ သုံးတဲ့အခါလည်း သုံးရတယ်။

ခင်ဗျားတို့ ပါရမီရင့်လာတယ် ဆိုတဲ့ဥစ္စာက တစ်ဘ၀ထက် တစ်ဘ၀ ရင့်လာတယ်လို့ ဘုရားတို့၏ နမူနာထားပြီး ခင်ဗျားတို့က ပြောတာ  (မှန်ပါ့)၊ စင်စစ်မဟုတ်ဘူး။ အဲဒါလုပ်စထက် အခုရင့်လာတာ အခုထက်နောက်ကို ကြိုးစားလိုက်ရင် ပိုရင့်လာတာ အဲဒါ ဘာခေါ်ကြမယ် (ပါရမီပါဘုရား)။

ပါရမီဆိုတာ တစ်ဘ၀တည်းကိုဆိုတာ

ပါရမီဟာ တစ်ဘ၀တည်းကို ဆိုလိုက်တာ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဒါဖြင့် ဒကာ ဒကာမတွေ အခုစပြီးအားထုတ်တာထက် အတော်ခရီးကော ပေါက်မလာဘူးလား (လာပါတယ်ဘုရား)၊ နောက်တစ်ခါ ကြိုးစားလိုက်ရမယ် (မှန်ပါ့)၊ ဒီ့ထက်ကြိုးစားလို့ ဒီထက်ပေါက်လို့ရှိရင် သမ္မာမဂ္ဂင်လမ်းဆိုတော့ နန္ဒိယလမ်း သေချာပြီ (မှန်ပါ့)၊ နန္ဒိယလမ်း မရောက်သေးဘူးလား၊ ရောက်ပါပြီ၊ ဘာပြုလို့ ရောက်နိုင်တာတုံးဆိုတာ ဒကာသိုက် ရိပ်မိပလား (ရိပ်မိပါပြီ) အေး … သမာဓိ ရင့်လို့။

အားထုတ်မှုပေါ်မူတည်တယ်

ဒကာ ဒကာမတို့ သမာဓိရင့်လာလို့ဆိုတာ မှတ်လိုက်စမ်းပါ။ အားထုတ်မှုပေါ်မှာ မူတည်နေတယ် (မှန်ပါ့)၊ ပထမ အားထုတ်စက နုတယ်၊ နောက်ထပ်အားထုတ်မှုက (ရင့်လာပါတယ်)၊ နောက် ဒီထက်အစွမ်း ကုန် အားထုတ်လိုက်တော့ ဒီထက် ရင့်ရင့်လာရင် ကိစ္စပြီးတာပဲ (မှန်ပါ့ဘုရား)။

အဲ … ကျုပ်တော့ ဖြစ်မထင်ပါဘူး၊ စမ်းစမ်းတော့ ကြည့်တာပဲ ဖြစ်မထင်ပါဘူး ဆိုတာ ပထမ ပါရမီလဲ မရှိဘူး။ ဒုတိယ ဣနြေ္ဒ ထိုက်တဲ့ပါရမီ ဖြစ်နိုင်သေးရဲ့လား (မဖြစ်နိုင်တော့ပါဘုရား)၊ တတိယ မဂ္ဂင် ဆိုက်တာကျတော့ ဝေးပြီ၊ ဒီလို မနေဘူးလား (နေပါတယ်)။

အဲဒီတော့ ဒကာ ဒကာမတို့က လုပ်တော့ လုပ်စမ်းကြည့်တယ်။ ဝေဒနာတွေ ဖမ်းဖမ်းကြည့်တယ်၊ သူ့ကိုကောင်းကောင်းမတွေ့ဘူး၊ မတွေ့တော့ ကျုပ်ပါရမီ ညံ့လို့ ထင်ပါရဲ့တဲ့။ သူ့မှာ မလုပ်ရသေးဘူး။ ပါရမီကို မစရသေးဘူး။ နင်းကန်ပြောနေတာ ရိပ်မိပလား (ရိပ်မိပါပြီဘုရား)၊ ပါရမီစရပြီလား (မစရသေးပါ ဘုရား)။

ပါရမီ မစရသေးခင်က ညံ့နေတယ်ဆိုတော့ ဒေါ်အုန်းခင် ဒီလို ပုဂ္ဂိုလ်ကို ဘယ်လိုလုပ်ပြီး ဟောမလဲ (မှန်ပါ့)၊ သူ့အတွက် ဒကာစိန် ဘယ်လိုရမှာလဲ (မဟောဘဲ ပစ်ထားတာ အေးပါတယ်ဘုရား) (ရယ်ကြသည်)။

သာဝကမှာ ပါရမီလို့ မဟောဘူး

ကိုင်း … ဒကာ ဒကာမတို့ ပါရမီဆိုတာသည် မိမိ စ,လုပ်တာသည် ပါရမီစ,တွေ့တာပဲ (မှန်ပါ့)၊ ဒုတိယ မြင်ထင်လာတာသည် ပါရမီအလတ်စား ဖြစ်လာတာပဲ (မှန်ပါ့)၊ တတိယ အစွမ်းကုန် ဒုက္ခ ပိုင်းခြားနိုင်တယ် ဆိုရင်ဖြင့် ပါရမီရင့်ပြီ (မှန်ပါ့)။ ကဲ … ဒေါ်အုန်းခင်ကြီး ပါရမီအကြောင်း ရှင်းပလား (ရှင်းပါပြီ)၊ ဒကာသိုက်ကော (ရှင်းပါပြီ)။

ပါရမီရိုးရိုးသည်ကား ဆိုလို့ရှိရင် ခင်ဗျားတို့ ဘာမှမလိုဘူး သာဝကမှာ၊ ပါရမီလို့ကို မဟောဘူး။ သာဝကမှာဖြင့် ဘယ်နှစ်သင်္ချေ ဘယ်တစ်သင်္ချေလို့ကို မဟောဘူး။ အခု အလုပ်ပေါ်မှာ မူတည်တာပဲ ရိပ်မိပလား (ရိပ်မိပါပြီဘုရား)။

အဲဒီတော့ ခင်ဗျားတို့ အခုဒီဘ၀နိဗ္ဗာန် သွားချင်တယ် ဆိုရင်ဖြင့် အခု အလုပ်လုပ်ပါ၊ ခင်ဗျားတို့ တစ်ဆင့်ထက် တစ်ဆင့် တက်အောင်လုပ်၊ ဒါပါရမီပဲ။ သဘောကျပလား (ကျပါပြီ)၊ အတိတ်တွေ ဘာတွေ ဆောင်နေဖို့ မလိုဘူး (မှန်ပါ့)၊ အတိတ်တွေ ဘာတွေ ဆောင်နေဖို့ မလိုဘူးဆိုတာ မှတ်ထားကြပါ။ အခုလုပ် အခု ရတယ်ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီဘုရား)။

အခုလုပ်ရင်အခုရတယ်

အဲဒီတော့ အခုလုပ် အခုရတယ်ဆိုတာ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဟောရှာသားပဲ၊ “အကာလိကောဟေ့” လို့ မလာဘူးလား (လာပါတယ်ဘုရား)၊ အကာလိကော အခုလုပ်ရင် အခုအကျိုးပေး ၏တဲ့၊ အကာလိကော သဘောကျပလား (ကျပါပြီဘုရား)၊ ဘာတဲ့တုံး (အခုလုပ်ရင် အခုအကျိုးပေးပါတယ် ဘုရား)။

ဒါဖြည်းဖြည်းမှ ယူရမယ်လို့ ဆိုချင်သလား (မဆိုချင်ပါဘူးဘုရား)၊ မဆိုချင်လို့ရှိရင်ဖြင့် အကာလိကောလို့ ဘုရားက ဟောပါရက်သားနဲ့၊ အခုလုပ်ရင် အခုရတယ် ဟောပါရက်သားနဲ့ ခင်ဗျားတို့ အကာလိက ဖြစ်တဲ့ တရားဂုဏ်တော်ကြီးက တရားအားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေဟာ တရားအတိုင်း အကျိုး ပေးမယ် (မှန်ပါ့)။

အကာလိကောဆိုတာ တရားဂုဏ်တော်ကြီးထဲက မဟုတ်လား (ဟုတ်ပါတယ်)၊ အဲတော့ အခါမလင့် အကျိုးပေးတယ်ဆိုတာ အခုလုပ် အခုရတယ်လို့ မပြောဘူးလား (ပြောပါတယ်)။

နေရစ်နေတဲ့အထဲ ထုံးထိုးပေးနေတာ

ခင်ဗျားတို့က ရေနစ်နေရတဲ့အထဲ ဘုန်းကြီးက တုံးထိုးပေးနေတယ်။ မမြုပ်နိုင်တဲ့တုံးကြီး (မှန်ပါ့)၊ ခင်ဗျားတို့က ဖြည်းဖြည်းမှ ပို့ပါဘုရားတဲ့ ရိပ်မိပလား (ရိပ်မိပါပြီ)။ ရေက နစ်နေတဲ့အထဲ တုံးထိုးပေးလိုက် တော့ ဒေါ်အုန်းခင်ကြီးတို့က ဖြည်းဖြည်းမှ ပို့ပါဘုရားလို့ ရေထဲက ပြောနေရင် ဒီပုဂ္ဂိုလ်ထက် ရူးတာ မိုက်တာကော (မရှိပါဘုရား)။

ဒီက နစ်လုနေလို့ တုံးထိုးပေးတာ ခင်ဗျားတို့က ဘယ်လိုပြောသတုံး (ဖြည်းဖြည်းမှ ပို့ပါဘုရား)၊ ဖြည်းဖြည်းပေးပါ ဘာဖြစ်လို့တုံး (သေချင်လို့ပါဘုရား)၊ သေချင်သေးလို့ (မှန်ပါ့)။

ဒီမှာလဲ ဒကာ ဒကာမတွေ မလုပ်လို့ရှိရင် ဘယ့်နှယ်ဆိုကြမယ် (မြုပ်ချင်သေးလို့ပါဘုရား)၊ အေး … မြုပ်ချင်သေးလို့ မြောချင်သေးလို့ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ်ဘုရား)၊ ကဲ … ဒကာ ဒကာမတို့ ရိပ်မိပလား (ရိပ်မိပါပြီဘုရား)။

မဂ္ဂင်ဖောင်ပေါ် အမြန်တက်ပါ


ခင်ဗျားတို့ သံသရာပင်လယ်ထဲမှာ မြုပ်လုမြုပ်ခင်နေတာ (မှန်ပါ့)၊ ဒီသံသရာကြီးထဲမှာ မြုပ်လုမြုပ်ခင် နေကြတာ အဲဒီအထဲမှာ ဘုန်းကြီးက မဂ္ဂင်ဖောင်ကြီး၊ မဂ္ဂင်တုံးကြီး ထိုးပေးနေတဲ့ ပုဂ္ဂိုလ် မှန်လို့ရှိရင် မြန်မြန်တက်ဖို့ မကောင်းဘူးလား (ကောင်းပါတယ်ဘုရား)။

မြန်မြန်ထက်ထက် ကောင်းတာကို ခင်ဗျားတို့က ပါးစပ်က ပြောလိုက်သေးတယ်၊ တစ်စ တစ်စ လုပ်ရမှာပဲ (တင်ပါ့)၊ တုံးထိုးပေးနေတဲ့ဥစ္စာ ဘာတုံး (အရင်စလို လုပ်ရမှာပါ)၊ ခင်ဗျားတို့က ကပ်ကပ် သပ်သပ် ဥပမာကြီး ထုတ်ထားတယ်လို့ အောက်မေ့မနေနဲ့ဦး။ ခင်ဗျားတို့ ဖြစ်စဉ်က ဒီထက်ဆိုးတယ်။ ရိပ်မိပလား (ရိပ်မိပါပြီဘုရား)။

ခင်ဗျားတို့က ဖြစ်စဉ်က ဒီထက်ဆိုးတယ် မဟုတ်လား ဒေါ်ရွှေက (ဆိုးပါတယ်ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒါဖြင့် ကြိုးစားတာပဲ ဖြစ်ကို မဖြစ်သေးဘူး၊ ဟ … မဖြစ်ဖြစ်အောင် ကြိုးစားရမယ်။ ဘာလုပ်နေတုံး မေးရလိမ့်မယ်။ ဟုတ်လား (မှန်ပါ့)၊ မဖြစ်ဖြစ်တဲ့နည်းနဲ့ နေပြီလား မေးပါ (မှန်ပါ့)။

လာမေးရင် ဒီက ဘယ်လို ဘယ်လိုလုပ် ဘယ်လိုကိုင်ဆိုရင် ဖြစ်ရမှာပဲ။ ဖြစ်ရမှာပေါ့ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဒါဖြင့် ဒကာ ဒကာမတို့ ဒီနေ့ ခရီးသည်ကားဆိုရင် အလွန်လွယ်ကူတဲ့ ခရီးဆိုတာ သဘောကျ ပလား (ကျပါပြီ)။

နိဗ္ဗာန်မှတစ်ပါးဘယ်မှသွား

အဲဒါကြောင့် “နိဗ္ဗာနံ ဂစ္ဆတီတိ မဂ္ဂေါ” မဂ္ဂေါ - မဂ္ဂသစ္စာသည်။ နိဗ္ဗာနံ - နိဗ္ဗာန်သို့။ ဂစ္ဆတီတိ - သွားတတ်၏။

ခင်ဗျားတို့ သမာဓိမဂ္ဂင်၊ ပညာမဂ္ဂင်သာဖြစ်မယ်ဆိုရင် နိဗ္ဗာန်မှတစ်ပါး ဘယ်မှမသွားဘူး၊ ဒကာသိုက် ဘယ်လောက်အဖိုးတန်သလဲ (မှန်ပါ့)၊ အဲဒီတော့ သမာဓိမဂ္ဂင်၊ ပညာမဂ္ဂင်ဖြစ်အောင် ဒကာဒကာမတို့က သမာဓိ ရိုးရိုးက ဒီထက် သမာဓိ ကြီးအောင်လုပ် (မှန်ပါ့)၊ ဒီထက်ပိုပြီး ဒီထက်ကြီးအောင် ခင်ဗျားတို့က ကြိုးစားလိုက်မယ် ဆိုလို့ရှိရင်ဖြင့် မရဘူးလား (ရပါတယ်ဘုရား)။

အဲဒီတော့ ဆင်ကလေး မ,သလိုသာ မ,ပါတဲ့ (မှန်ပါ့)၊ ငယ်ငယ်တုန်းက မ,လာတာ ဥပမာမယ် ဆင်က ခွက် (၃၀) ရှိတဲ့ ဆင်ကလေး ဟုတ်လား၊ တော်တော်ကြာ နေ့တိုင်း ကျင့်သားရလာတဲ့အခါ ခွက် (၅၀) ရှိလာလဲ မ,နိုင်မှာပဲ မဟုတ်ဘူးလား (မှန်ပါ့)၊ ခွက် (၁၀၀) ရှိတော့လဲ မ,နိုင်မှာပဲ (မှန်ပါ့)။

ဘာတုံးဆိုတော့ ကျင့်သားက တဖြည်းဖြည်း ရှေ့တိုးတိုးသွားတာ အလေးချိန် ဘယ်လောက် တိုးတိုး မ,နိုင်တာပဲ (မှန်ပါ့)။

မှတ်ချက်  (ခွက် ၁၀ - ၁၀ ပိဿာ)။

သမာဓိ၊ ပညာရင့်အောင်သာလုပ်ပါ

ဒီမှာလဲ ခင်ဗျားတို့ သမာဓိပညာကို အစကသာ တည်ထောင် (မှန်ပါ့) တည်ထောင်ပြီး ရင့်အောင် သာလုပ်။ ရင့်အောင်သာ လုပ်လို့ရှိရင်ဖြင့် ခင်ဗျားတို့သည် ခင်ဗျားတို့၏ ခန္ဓာကိုယ်ကြီးဟာ အောက်လမ်း မသွားတော့ဘူး (မှန်ပါ့)၊ အပေါ်လမ်းကိုသာ သွားမယ်၊ မ,နိုင်မယ် ချီနိုင်တယ် ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ)။

အဲဒီတော့ ခင်ဗျားတို့ ခန္ဓာကိုယ်ကြီး အောက်လမ်း မသွားချင်ပါဘူး။ အပေါ်လမ်းပဲ တပည့်တော်တို့ ကြိုက်ပါတယ် ဆိုရင် တစ်စ တစ်စ ခုနက အတိုင်းပါပဲ ရှုရှုပြီး တက်ပါ။ ရှုရှုပြီး ဒီနေ့ တစ်နာရီလုပ်လိုက်၊ နက်ဖြန်ကျ တစ်နာရီခွဲ၊ သန်ဘက်ခါကျရင် နှစ်နာရီလောက် အားထုတ်ပါ။

အဲဒီလို တက်တက် တက်တက် သွားမယ်ဆိုလို့ရှိရင်ဖြင့် ခင်ဗျားတို့ ခန္ဓာကိုယ်ကြီးဟာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးများ ကိလေသာ ရန်သူကင်းသွားတယ်ဆိုလို့ရှိရင် သမာဓိနဲ့ ပညာတက်လာတော့ ကွေးတဲ့လက် ဆန့်သလောက်နဲ့ ဗက ဗြဟ္မာကြီးဆီ ရောက်သွားတယ်။ ကွေးတဲ့လက်ဆန့်သလောက် ကြာတယ် (မှန်ပါ့)။

ဘယ်လောက်များ သတ္တိထက်တဲ့ မဂ္ဂင်လဲဆိုတာ ပြောဖို့လိုသေးလား (မလိုပါဘူးဘုရား)၊ အဲဒီတော့ သည်အထက်လမ်း သွားလိုလို့ရှိရင် ဒါလုပ်ကြပါ မဟုတ်ဘူးလား (မှန်ပါ့ဘုရား)၊ ဟာ - တပည့်တော်တို့က နဂိုကိုက အောက်လမ်းသမားတွေထင်ပါရဲ့ ဆိုလို့ရှိရင် မတက်နိုင်တော့ဘူး။ ရိပ်မိပလား (ရိပ်မိပါပြီဘုရား)။

အဲဒီတော့ “ရေ၀တီ” လမ်းကြိုက်သလား?။ “နန္ဒိယ” လမ်း ကြိုက်သလား? (နန္ဒိယလမ်း ကြိုက်ပါတယ်ဘုရား)။

“နန္ဒိယ”လမ်းကြိုက်လို့ ရှိရင်ဖြင့် ဒကာ - ဒကာမတို့ ရင့်အောင် လုပ်မှ “နန္ဒိယ” လမ်းဖြစ်မှာ ရိပ်မိပလား (ရိပ်မိပါပြီဘုရား)။

အကြီးစားရောက်မှ ကိစ္စပြီးမယ်

ဒါဖြင့် ခင်ဗျားတို့ သမာဓိ ရိုးရိုး၊ ပညာရိုးရိုး တစ်မျိုး၊ အလတ်စားဖြစ်တဲ့ သမာဓိ ပညာတစ်မျိုး၊ အကြီးစား ဖြစ်တဲ့ သမာဓိ ပညာတစ်မျိုး (မှန်ပါ့)၊ အဲဒီ အကြီးစားရောက်မှ ခင်ဗျားတို့ ကိစ္စပြီးမယ်။ သဘောကျပလား (ကျပါပြီဘုရား)။

သာဓု … ကဲ … ကနေ့ ဒီတွင် တော်ကြစို့။

သာဓု … သာဓု။