Get Adobe Flash player

ပြုံးသေ မဲ့သေ သေနည်း

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့ မင်္ဂလာတိုက်၌ ဟောကြားတော်မူသော

ပြုံးသေ မဲ့သေ သေနည်း

အလုပ်ပေးတရားတော်

(၂၇-၁၁-၆၀)

ဘုရားသခင်ကိုယ်တော်မြတ်ကြီးကိုတဲ့ ဇာဏုသောနိပုဏ္ဏားဆိုတာက မေးတယ်၊ ဘုရားသခင် ကိုယ်တော် မြတ်ကြီးကို ဇာဏုသောနိ ပုဏ္ဏားကမေးတယ်။

အရှင်ဘုရားတဲ့ …… တပည့်တော်တွေ့ရတဲ့ ပုဂ္ဂိုလ်အပေါင်းမှာဖြင့် တပည့်တော်ဥာဏ်ထဲမှာ ချိန်ဆလို့ရတဲ့ သဘောတွေ ပြောရလို့ရှိရင် သေရမှာကို မကြောက်တဲ့ ပုဂ္ဂိုလ်၊ မလန့်တဲ့ပုဂ္ဂိုလ်တော့ဖြင့် မရှိဘူးလို့ တပည့်တော်အယူရှိပါတယ်ဘုရားလို့ လျှောက်တယ် …… (မှန်လှပါဘုရား)။

ဇာဏုသောနိ ပုဏ္ဏားက လျှောက်တယ် ...... (မှန်လှပါဘုရား) တပည့်တော်အထင် တပည့်တော်အမြင်အတိုင်း ပြောရလို့ရှိရင်ဖြင့် သေရမှာကို မကြောက်တဲ့ပုဂ္ဂိုလ်၊ မလန့်တဲ့ပုဂ္ဂိုလ်ဆိုတာ လုံးဝမရှိဘူးလို့ တပည့်တော်အယူရှိပါတယ်လို့ ဘုရားကို လျှောက်တယ်။

အဲဒီတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ပုဏ္ဏားတဲ့၊ ဇာဏုသောနိပုဏ္ဏား ….. ဒီလိုတစ် ထစ်ချ ယူမထားနဲ့ကွ၊ သေရမှာကြောက်တဲ့ပုဂ္ဂိုလ်လဲရှိတာပဲတဲ့၊ မကြောက်တဲ့ပုဂ္ဂိုလ်လဲ ရှိတာပဲလို့ နှစ်မျိုးမှတ်ရမယ်…. (မှန်လှပါဘုရား)။

သေရမှာကြောက်တဲ့ ပုဂ္ဂိုလ်က တစ်မျိုး၊ သေရမှာမကြောက်တဲ့ပုဂ္ဂိုလ်က ….. (တစ်မျိုးပါဘုရား) ဘယ်နှစ်မျိုးပါလိမ့် ….. (နှစ်မျိုးပါဘုရား)။

နှစ်မျိုးရှိတယ်လို့ ဘုန်းကြီးတို့ ဒကာဒကာမတွေ မှတ်ထားကြစမ်းပါ။ ဒီတရား ဘုရားသခင် ကိုယ်တော်မြတ်ကြီးကို ဒီပုဏ္ဏားက လျှောက်တဲ့အတွက်ကြောင့် အမေးအဖြေ ထွက်ရပါတယ်ဆိုတာ ဒကာဒကာမတွေ သိပြီးသားအတိုင်း အားလုံးနဲ့ဆက်ဆံလို့ဆိုတဲ့ အဓိပ္ပာယ်မှတ်ပါတော့ ….. (မှန်လှပါဘုရား)။

အားလုံးနဲ့ ဆက်ဆံလို့ ဆိုတဲ့ဥစ္စာ ဒကာဒကာမတွေ ပဋိသန္ဓေနေတဲ့ နေ့ကစပြီးသကာလ ကျုပ်တို့ ပြေးလွှားပြီးသကာလ လာကြတာသည်၊ ဘယ်မြို့  ဘယ်ဌာနရောက်တယ်ဆိုတာကတော့ဖြင့် အပြောပဲလို့ မှတ်ရမယ် …… (မှန်လှပါဘုရား)။

သေရာဌာနကို ပြေးလာတာကဖြင့် သေချာတယ် ….. (သေချာပါတယ်ဘုရား)။

ဟိုမြို့ ရောက်လဲ သေခါနီးတာပဲ …… (မှန်လှပါဘုရား) ဟိုမြို့ ကလဲ ဒီမြို့ ဆက်ပြေးပြန် တော့ရော …… (သေခါနီးတာပါဘုရား)။

ဒါဖြင့် သုသာန်အရောက် ပြေးနေတဲ့လမ်းပဲ မဆိုနိုင်ကြဘူးလား …… (ဆိုနိုင်ပါတယ်ဘုရား)။

အဲဒီတော့ သုသာန်အရောက် ပြေးနေတဲ့လမ်းပဲလို့ ဒကာဒကာမတွေ ဆုံးဖြတ်ချက်ချနေတော့ ယုတ်စွအဆုံး ပြောကြပါစို့၊ တရားနာနေတာတောင်မှ သုသာန်သွားရင်း တရားနာနေတာလို့ ဆရာဘုန်းကြီးက ဆုံးမတယ် ….. (မှန်လှပါဘုရား)။

ဘုရားက ဆုံးမတယ် …… (မှန်လှပါဘုရား)။

ထိုင်, စ ထက် အခု သုသာန်နဲ့ နီးတယ်ဆိုတာက မသေချာဘူးလား ….. (သေချာပါတယ်ဘုရား) ထိုင် , စ ထက် သေခါနီးတယ် ဆိုတာကရော….. (သေချာပါတယ်ဘုရား)။

ဒါဖြင့်ဦးလှဘူးတို့၊ ဒကာကြွယ်တို့၊ ဒကာသိုက်တို့၊ ကျုပ်တို့သည်ကား ဆိုလို့ရှိရင်ဖြင့် ထိုင်နေလဲ ဒီနေရာဌာနကိုတော့ အရောက်သွားတာပဲ …… (သွားတာပါပဲဘုရား) ထိုင်ရင်းသွားတယ်။

အိပ်နေပြန်တော့ …… (အိပ်ရင်းသွားပါတယ်ဘုရား)။

စားနေပြန်တော့ ……. (စားရင်းသွားပါတယ်ဘုရား)။

ပြောနေပြန်တော့ …… (ပြောရင်းသွားပါတယ်ဘုရား)။

သြော် ….. ဒါဖြင့် ဒကာဒကာမတို့ ဒီ့ပြင်ဟာတွေကဖြင့် လွဲတယ်၊ ချော်တယ် ရှိသေးတယ်နော်…. (မှန်လှပါဘုရား) တို့ သုသာန်သွားတဲ့ အလုပ်ကတော့ လွဲတယ်၊ ချော်တယ်လို့ မရှိတော့ပါဘူး ….. (မရှိပါဘူးဘုရား) နီးကပ် နီးကပ်သွားတာ သေချာတော့တာပဲ ….. (သေချာပါတယ်ဘုရား) မဆိုနိုင်ဘူးလား ….. (ဆိုနိုင်ပါတယ်ဘုရား)။

အဲဒါတွေ သေသေချာချာ ဒကာဒကာမတွေက ဉာဏ်နဲ့ စဉ်းစားလိုက်တော့မှ သြော် …. တို့သည်ကားလို့ဆိုရင် တစ်ဘ၀လဲ ဒီလမ်းပဲ ပြေးရပြန်တာပဲ၊ နောက်ဘ၀ ရပြန်တော့ရော ….. (ဒီလမ်းပဲပြေးရတာပါဘုရား) အင်း …. နောက်အနာဂတ် တတိယဘ၀ ရောက်ပြန်တော့ရော ….. (ဒီလမ်းပြေးရတာပါဘုရား)။

ဒါဖြင့် ဒီလမ်းပြေးတဲ့ အလုပ်ဟာဖြင့် ကျုပ်တို့သည် ၀ဋ်သမားမို့ ပြေးရတဲ့အလုပ်ပဲလို့ မှတ်ပေတော့ …… (မှန်လှပါဘုရား)။

ဝဋ်ရှိတဲ့ ပုဂ္ဂိုလ်မို့ ဒီလမ်းချည်းပြေးရတာ ….. (ပြေးရပါတယ်ဘုရား) ၀ဋ်ကျွတ်တဲ့ ပုဂ္ဂိုလ်ဖြင့် ဒီလမ်းမပြေးပါဘူး ….. (မပြေးပါဘုရား)။

အဲဒါကြောင့် ဒကာဒကာမတို့အားလုံးက ညည်းနေကြတာက အိုပြီ၊ သေရချည်သေးရဲ့  ….. (မှန်လှပါ) တော်တော်ကြာ နောက်ဘ၀ကျတော့ အိုပြန်ပြီ၊ သေရချည်သေးရဲ့  ….. (မှန်လှပါ)။

ဒါသာ ညည်းလုံးတွေ ထုတ်နေကြတာပဲ ဒကာဒကာမတို့၊ လမ်းခွဲကို မရှာဘူး ….. (မရှာပါဘုရား) မရှာတာကလဲ ဦးလှဘူးတို့၊ ဒကာကြွယ်တို့က စဉ်းစားရမယ်၊ သြော် ….. မသိတဲ့ ပုဂ္ဂိုလ်ရှာဖို့အရေးဟာ အတော်ကွာဝေးတာပါလား ဆိုတာပေါ်လာတယ်၊ မပေါ်လာဘူးလား …. (ပေါ်လာပါတယ်ဘုရား)။

ကိုင်း ….. ဒါဖြင့် ဒကာဒကာမတို့ သေရမှာကြောက်တဲ့ ပုဂ္ဂိုလ်ချည်းလို့ ဇာဏုသောနိ ပုဏ္ဏားက ပြောတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ကြောက်တဲ့ ပုဂ္ဂိုလ်ကတစ်မျိုး မကြောက်တဲ့ ပုဂ္ဂိုလ်ကတစ်မျိုး ရှိပါတယ်လို့ ပြောတယ် ….. (ပြောပါတယ်ဘုရား)။

ဒါဖြင့် သေရွာသွားတဲ့ လူချင်းတူပေမယ့်လဲ ကြောက်သွား, သွားတဲ့ပုဂ္ဂိုလ် ….. (မှန်လှပါ) မကြောက်ဘဲနဲ့ ရဲရဲတင်းတင်းသွားတဲ့ပုဂ္ဂိုလ်၊ (မှန်လှပါ) နှစ်မျိုးရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ရှင်းသွားပြီ …. (ရှင်းသွားပါပြီဘုရား)။

ဒါဖြင့် ဘုရားတဲ့၊ တပည့်တော်ယူထားတဲ့ အယူကတစ်ယူတည်းဖြစ်နေတော့ အရှင်ဘုရားက မကြောက်တဲ့ပုဂ္ဂိုလ်၊ သေရမှာ မကြောက်တဲ့ပုဂ္ဂိုလ်ရှိသေးတယ်ဆိုတာ ရှင်းပြစမ်းပါဦး …… (မှန်လှပါ) မမေးသင့်ဘူးလား ….. (မေးသင့်ပါတယ်ဘုရား)။

အေး …. ဒီတရားကို စ, ပြီးသကာလ ဟောရတာ ဒကာဒကာမတို့၊ ကျုပ်တို့ဆရာ ဘုန်းကြီးနဲ့တကွ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက လမ်းခွဲလဲတွေ့အောင်၊ ဒီဘ၀ သေပြန်လို့ရှိရင်လဲ မကြောက်ဘဲနဲ့ သေရင်ကိစ္စပြီးပုံကို ဟောလိုပြောလိုလို့ ဒီတရားကို အင်္ဂုတ္တိုရ် ပါဋ္ဌိတော်က စ, လာတာ …. (မှန်လှပါဘုရား)။

ဒီ ဒကာဒကာမ  တွေမှာ ဘယ်အခြေအနေ ရောက်အောင် စခန်းပေါက်အောင် လုပ်ထားလို့ရှိရင်ဖြင့် မကြောက်ဘူးဆိုတဲ့ အဓိပ္ပာယ်ဘက်ကို သေချာသက်ရောက်အောင်လို့ ဦးလှဘူးရဲ`့ပြောရတာ ….. (မှန်လှပါဘုရား)။

ဒါကြောင့် ဒကာဒကာမတို့ ယနေ့တရားကိုဖြင့် သြော် ….. တို့သည်ကား ဆိုလို့ရှိရင်ဖြင့် ဒီလမ်းတော့ သွားနေတာပဲ၊ မကြောက်တဲ့ ပုဂ္ဂိုလ်အဖြစ်နဲ့ သွားရအောင်၊ တို့သည်ကား ဆိုရင် ဘယ်ဟာ လက်ကိုင်ထားမှသာလျှင် မကြောက်တဲ့အဖြစ်သို့ ရောက်မယ်၊ ကြောက်တဲ့အဖြစ်သို့ ရောက်ရင်ဖြင့် ဆိုးရွားပါလိမ့်မယ်ဆိုတာလဲ ပေါ်လာပါလိမ့်မယ် ….. (ပေါ်လာပါတယ်ဘုရား)။

အဲဒါကြောင့် ဒကာဒကာမတွေ ဒီလမ်းလွတ်တဲ့ ပုဂ္ဂိုလ်ဖြင့် ဒီတရားပွဲ ဟောတဲ့ ပုဂ္ဂိုလ်ကအစ နာတဲ့ ပုဂ္ဂိုလ်အဆုံး ဘယ်သူကမလွတ်ပါဘူး …… (မှန်လှပါဘုရား)။

လွတ်ပါ့မလား …. (မလွတ်ပါဘုရား) အဲဒီ မလွတ်တာတွေ သိပြီးသကာလနေတော့ သြော် …. ကြောက်သေ၊ မကြောက်သေဖြင့်  ခွဲကြဦးစို့ ….. (မှန်လှပါဘုရား)။

ဒါဖြင့် ကြောက်တဲ့ပုဂ္ဂိုလ်ကတဲ့ ဒကာဒကာမတို့ ဘယ်လိုရှိတဲ့ ပုဂ္ဂိုလ်မျိုးမှ ကြောက်ပါသတုန်းဆိုရင် ဘုရားက လေးမျိုး ထုတ်ပြတယ် ….. (မှန်လှပါဘုရား)။

ဘုရားသခင် ကိုယ်တော်မြတ်ကြီးတဲ့ ပုဏ္ဏားတဲ့ ကြောက်တဲ့ ပုဂ္ဂိုလ်က လေးမျိုးရှိတယ်ကွ …. (မှန်လှပါဘုရား) ကြောက်တဲ့ပုဂ္ဂိုလ်က (လေးမျိုးရှိပါတယ်) မကြောက်တဲ့ပုဂ္ဂိုလ်က ….. (လေးမျိုးရှိပါတယ်)။

လေးမျိုးရှိတယ်လို့ဆိုတော့ တို့သည်ကားလို့ ဆိုလို့ရှိရင် မကြောက်တဲ့ လေးမျိုးတဲ့ အပါယူမယ်ဟ, ဆိုတဲ့စိတ်ကို မွေးထားကြပါ ….. (မှန်လှပါဘုရား)။

မကြောက်တဲ့ လေးမျိုးထဲကို တို့အပါအ၀င် ဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ စိတ်ကိုဖြင့် အားလုံးတရားနာလာကြတဲ့ ဒကာဒကာမတွေ အရယူမယ်ဆိုတာဖြင့် ဒီနေ့စိတ်ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား မွေးရမှာပဲ ….. (မှန်လှပါဘုရား)။

မမွေးရင် မဖြစ်ပါဘူး ဒကာကြွယ်ရ ….. (မှန်လှပါ) သွားရမယ့် လမ်းကြီး ကြောက်နေလို့ရှိရင်ဖြင့် ဘယ်မှာသာလျှင် လားရာဂတိ ကောင်းနိုင်ပါ့မလဲ ….. (မကောင်းနိုင်ပါဘုရား)။

မကြောက်ဘဲနဲ့ သွားတဲ့ပုဂ္ဂိုလ်သည် ဂတိရှိရင်လဲ ဂတိကောင်းပါလိမ့်မယ် …… (မှန်လှပါဘုရား) ဂတိမရှိတော့လို့ ရှိရင်လဲ ငြိမ်းချမ်းပါလိမ့်မယ် ….. (မှန်လှပါဘုရား) မဆိုနိုင်ဘူးလား …… (ဆိုနိုင်ပါတယ်ဘုရား)။

အေး ….. ဒါကြောင့် ကြောက်တဲ့ ပုဂ္ဂိုလ်လေးမျိုး ဒကာသိုက်ရေ …. ရှေ့ ပိုင်းက ထုတ်ပြမယ် …. (မှန်လှပါဘုရား) ကြောက်တဲ့ပုဂ္ဂိုလ် လေးမျိုးဆိုတဲ့ ဥစ္စာသည် စတုက္ကနိပါတ် အင်္ဂုတ္တိုရ်က လေးမျိုးပဲပြတယ် ….. (မှန်လှပါဘုရား)။

ဘယ်လို ပုဂ္ဂိုလ်ကြောက်တယ်ဆိုတာ တစ်နံပါတ်မှတ်ပါတော့ ဒကာဒကာမတို့။

၁။        ။ သားသမီးနှင့်ပစ္စည်း အာရုံ ဒါတွေကို ခင်တွယ်ပြီး သကာလနေတဲ့ ပုဂ္ဂိုလ်များ၊ သေခါနီးပြင်းထန်တဲ့ ဝေဒနာရောက်လာလို့ရှိရင်ဖြင့် သြော် ……….. (မှန်လှပါဘုရား)။ ဒီရှာထားတဲ့ပစ္စည်းဤမွေးထားတဲ့ သားသမီးတွေဖြင့် အစွန့်ကြီးစွန့်ပြီး အခွဲကြီးခွဲရတော့မှာပဲ ဆိုတဲ့ စိတ်ဟာ ပေါ်လာတယ်

ပေါ်လာတော့ သူ့စိတ်ထဲမှာ သေချင်တဲ့စိတ်က ရှိရဲ့လား … (မရှိပါဘုရား) သေရမှာ မကြောက်ပေဘူးလား …. (ကြောက်ပါတယ်ဘုရာုး)။

သြော် …. သူ့ကြောက်စိတ်သည် ဘယ့်နှယ်ကြောင့် ပေါ်ပါလိမ့်မတုံးတဲ့ လက်သည်ရှာတော့၊ သားသမီးနဲ့ ပစ္စည်းမစွန့်ချင်တဲ့၊ သားသမီးနဲ့ ပစ္စည်းကို မစွန့်ချင်တဲ့ သဘောတွေက သူ့မှာများပြီးသကာလ နေတဲ့အတွက် ဝေဒနာပြင်းထန်လာပြီ ဆိုမှဖြင့် ဒကာဒကာမတို့ သူ့စိတ်ထဲမှာ ကြောက်လာတာပဲ …. (မှန်လှပါဘုရား)။

ကြောက်လာတယ်ဆိုတဲ့ ဥစ္စာသည် ဒေါမနဿဖြစ်တယ် ….. (မှန်လှပါ) ဒေါမနဿဖြစ်တော့ ဒကာဒကာမတွေ ဘုန်းကြီးက ဟောထားတယ်နော် ….. ။

သေခါနီးရောက်လာတော့ ဒေါသဆိုတာ မလာပေဘူးလား …. (လာပါတယ်ဘုရား)။

ဒါဖြင့် ဒေါသတစ်နံပါတ်လာတော့  ဦးလှဘူး ရေ  သောက နောက်ကလိုက်လာတယ်၊ (လိုက်လာပါတယ်ဘုရား) သောက လိုက်တဲ့အခါကျတော့ ပရိဒေ၀ဆိုတာတွေ ဖြစ်ပေါ်လာတယ် …. (ပေါ်လာပါတယ်ဘုရား)။

အင်း …. ကိုယ်၏ဆင်းရဲခြင်း၊ စိတ်၏ဆင်းရဲခြင်းတွေရော ….. (ပေါ်လာပါတယ်ဘုရား) ဒါတွေပေါ်မလာဘူးလား …… (ပေါ်လာပါတယ်ဘုရား)။

အင်း …… ဒီပုဂ္ဂိုလ်က ဘယ့်နှယ့်ကြောင့် ပေါ်လာပါလိမ့်မလဲလို့ မေးလို့ရှိရင်ဖြင့် မရဏမ္ပိ ဒုက္ခသစ္စာဆိုတဲ့ ဥစ္စာသည် အင်း ….. ဒါမသိလို့ဘဲဗျ ….. (မှန်လှပါဘုရား) မသိလို့ ခုနင်က သားသမီးနဲ့ ပစ္စည်းအာရုံတွေဟာ အင်း …. ဒုက္ခသစ္စာတွေပဲ၊ ဒီဥစ္စာတွေဟာ ဒုက္ခအစစ်တွေပဲ ဆိုတာ မသိလို့ ခင်ရှာသကိုးဗျ ….. (မှန်လှပါ)။

မသိလို့ခင်တွယ်တဲ့အတွက် ဝေဒနာက ပြင်းထန်လာတော့ အင်း …. ဒါတွေအတွက် အင်း … ဒုက္ခဖြစ်လို့ ဒေါမနဿတွေဖြစ်လို့ သောကတွေဖြစ်လို့ ပရိဒေ၀ဖြစ်လို့ ဒီလိုမနေပေဘူးလား ….. (နေပါတယ်ဘုရား) ဒီလိုနေပြီးသကာလ ဒကာ ဒကာမတွေ ဒီပုဂ္ဂိုလ်ဟာတဲ့ စုတေစိတ်ကျ သွားတယ်ဆိုကြစို့ …. (မှန်လှပါဘုရား) စုတေစိတ် ဒီဘက်မကျပေဘူးလား ….. (ကျပါတယ်ဘုရား)။

ဒီဘက် ဒုက္ခဒေါမနဿ သောကပရိဒေ၀ ဥပါယာသတွေ မလာပေဘူးလား …. (လာပါတယ်ဘုရား)။

စုတေစိတ် ကျသွားတော့ ဒီပုဂ္ဂိုလ်ဟာ သစ္စာ …. အင်း ….. သားသမီးတွေနဲ့ ပစ္စည်းတွေဟာ ဒုက္ခသစ္စာတွေပါလား၊ အနိစ္စ ဒုက္ခ အနတ္တ တွေပါလား၊ ဒုက္ခသစ္စာ အစစ်တွေပါလားလို့ သူ့စိတ်ထဲမှာ သိလို့ သောကပရိဒေ၀ ဒုက္ခဒေါမနဿလာတာလား၊ မသိလို့ လာတာလား ….. (မသိလို့ လာတာပါဘုရား)။

မသိလို့ လာတော့ ဒီသောကပရိဒေ၀ ဒုက္ခဒေါမနဿတွေထဲမှာ အ၀ိဇ္ဇာကလာတယ် ….. (လာပါတယ်ဘုရား) မလာပေဘူးလား ….. (လာပါတယ်ဘုရား)။

အ၀ိဇ္ဇာကလာတဲ့အခါကျလို့ ရှိရင်ဖြင့် ဒကာဒကာမတို့ စုတေပြီးတဲ့အခါကျလို့ ရှိရင်ဖြင့် သူသည်ကားလို့ဆိုရင် ဘာဖြစ်သတုံးဆိုလို့ရှိရင်ဖြင့် သောကပရိဒေ၀ ဒုက္ခဒေါမနဿတွေ ကလာတဲ့အခါကျတော့ အ၀ိဇ္ဇာကပါတယ်၊ အ၀ိဇ္ဇာပါတော့ သူ့စိတ်ထဲမှာ ကာယကံ ၀စီကံတွေနဲ့ ဟိုပြော ဒီမှာ၊ ဆိုတာတွေက မလာပေဘူးလား …… (လာပါတယ်ဘုရား)။

အဲဒါသည် ကာယကံ၊ ၀စီကံတွေက လာပြန်တော့ ဒီကံတွေကလဲ ယခုဘ၀ကံတွေ ဖြစ်နေတယ် ….. (မှန်လှပါ) ကံတွေဖြစ်ပြီး သကာလနေတော့ စုတေစိတ်လဲကျပါရော၊ ဒကာဒကာမတို့ ဒီဘက်မှာ၊ အင်း ….. သားသမီးနဲ့ ပစ္စည်းစွဲတဲ့ ပြိတ္တာ ပဋိသန္ဓေမနေရပေဘူးလား …. (နေရပါတယ်ဘုရား)။

အင်း ….. ပြိတ္တာ ပဋိသန္ဓေနေရတာ သေခါနီးမှာ ဒီပုဂ္ဂိုလ်သည် ကြောက်တဲ့ပုဂ္ဂိုလ်ဖြစ်နေတယ် ….. (မှန်လှပါဘုရား)။

သားသမီးနဲ့ ပစ္စည်းကို ခွဲရမှာ သူတို့နဲ့ ကွဲရမှာ သူတို့နဲ့ နောက်ဆုံးပိတ်အဖြစ်ကြုံရမှာ၊ ဒါတွေကို ကြောက်ပြီးသကာလ လာတဲ့အတွက်တဲ့ …… ဒကာဒကာမတို့ စုတေစိတ်ကျပြီး ပြိတ္တာဘက်ကူးသွားတယ် …… (မှန်လှပါ)။

ဒါဖြင့် ကြောက်သေသေတဲ့ ပုဂ္ဂိုလ်ဘယ်ဘက် ကူးသွားသလဲ ……. (ပြိတ္တာဘက်ကူးသွားပါတယ်ဘုရား) ပြိတ္တာဘက်ကူးသွားတော့ ပြိတ္တာဇာတိဆိုတာ မလာပေဘူးလား …. (လာပါတယ်ဘုရား)။

စုတေပြီးတော့ ပဋိသန္ဓေဆိုတာလာရတော့မယ် ….. (လာရမှာပါဘုရား) မလာပေဘူးလား … (လာပါတယ်ဘုရား) အင်း ….. သူ့ကြောက်လုံး ဘာကြောင့် လာပါလိမ့်မတုံးဆိုတာ မေးခွန်းသာ ထုတ်ကြပါတော့ ……။

သားသမီးနဲ့ ပစ္စည်းပေါ်မှာ မစွန့်နိုင်လို့၊  ဝေဒနာကလဲ ပြင်းထန်လာတယ်၊ သားသမီးနဲ့ ပစ္စည်းလဲ မစွန့်နိုင်ဖြစ်လာတယ်၊ အဲဒီတော့ သေရမှာ ကြောက်လာတယ် …… (ကြောက်ပါတယ်)။

ကြောက်တော့ သောကပရိဒေ၀ ဒုက္ခ ဒေါမနဿတွေက လာရော၊ လာတဲ့အခါကျလို့ရှိရင် ကာယကံ ၀စီကံမှားတွေနဲ့ မနေရပေဘူးလား …. (နေရပါတယ်) နေတော့ ကမ္မဘ၀ ပစ္စယာ ပြိတ္တာ ဇာတိ … မလာပေဘူးလား ….. (လာပါတယ်ဘုရား) သဘောကျပလား ….. (ကျပါတယ်ဘုရား) အင်း…… ကြောက်သေတယ်ဆိုးပါလား ….. (ဆိုးပါတယ်ဘုရား) ရှင်းပလား …… (ရှင်းပါတယ်ဘုရား)။

ကြောက်တဲ့ ပုဂ္ဂိုလ်ဆိုတာ ဒကာဒကာမတို့ သားသမီးနဲ့ ပစ္စည်းအာရုံတွေနဲ့ ခွဲရတော့မယ်၊ ဝေဒနာက ပြင်းထန်လာတယ် ဆိုတော့ ကြောက်ရှာတာပဲ ….. (ကြောက်ပါတယ်ဘုရား)။

ကြောက်တဲ့အခါကျလို့ရှိရင်ဖြင့် သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿ မလာပေဘူးလား ….. (လာပါတယ်ဘုရား)။                                                                                                                                           အဲဒီလိုလာတော့ ကာယကံ ၀စီကံတွေက ကောင်းသေးရဲ.လား….. (မကောင်းပါဘူးဘုရား) မကောင်းတဲ့အခါကျတော့  ဒီကံနဲ့သေသွားတဲ့ ကမ္မဘ၀ ပစ္စယာ ပြိတ္တာ ဇာတိဖြစ်သွားတယ် …… (မှန်လှပါဘုရား)။

အဲဒီတော့ အကျဉ်းချုပ်မှတ်စရာကတော့ သားသမီးနဲ့ ပစ္စည်းအာရုံတွေကို ခင်ပြီးသကာလ နေတဲ့ပုဂ္ဂိုလ်၊ ၀ိပဿနာဥာဏ်ကမရောက်၊ သစ္စဥာဏ်တွေက မရောက်တော့ ဒီဥစ္စာခိုင်တယ် မြဲတယ် ထင်ပြီးသကာလ နေတဲ့ ဒိဋ္ဌိတွေက ၀င်ပြီးသကာလ နဂိုကထားပြန်တော့ ဒီ ဒိဋ္ဌိကမခွာခဲ့၊ ထိုကဲ့သို့ မခွာခဲ့တဲ့အတွက် ဒီဒကာဒကာမ သေတဲ့အခါကျလို့ရှိရင် ကြောက်စိတ် လာပါတယ်၊ ကြောက်စိတ်လာတော့ ဝေဒနာပြင်းထန်လို့ ကြောက်စိတ်လာတော့၊ ကြောက်စိတ်ဆိုတာ ဘာတုံးဆိုတော့ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿပါပဲ …… (မှန်လှပါဘုရား) သဘောကျပလား …… (ကျပါတယ်ဘုရား)။

ဒါဖြင့် သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿတည်းဟူသော တရားတွေနဲ့ ၊ သူ့ကာယကံ ၀စီကံတွေနဲ့ မှာတန်တာမှာ၊ ပြောတန်တာပြော၊ ဆိုတန်တာဆိုတွေဟာ အကောင်း ဟုတ်သေးရဲ့ လား ….. (အကောင်းမဟုတ်ပါဘုရား) ခင်ပြော မင်ပြောတွေဖြစ်မနေဘူးလား ….. (ဖြစ်နေပါတယ်ဘုရား)။

အဲဒီတွင် ကာယကံ, ၀စီကံတွေက အကုသိုလ်ကံတွေ ဖြစ်နေတော့ ကမ္မဘ၀ပစ္စယာ ဒီအိမ်မှာပဲ ပြိတ္တာဇာတိလာဖြစ်တယ် …… (ဖြစ်ပါတယ်ဘုရား) ဘယ်လောက် ကြောက်စရာ ကောင်းသလဲ …… (ကောင်းပါတယ်ဘုရား)။

အင်း ….. ဒီဥစ္စာအကျဉ်းချုပ်မှတ်လိုက်တော့ သားသမီးနဲ့ ပစ္စည်းခင်တွယ်တဲ့ သဘောကြောင့် ကြောက်ပြီးသကာလ သေတာတဲ့၊ ဒီလို ခင်တွယ်မှုရှိရင် ကြောက်တယ်ဆိုတာ မှတ်လိုက်ပါ။ ဒါ တစ်နံပါတ် ပုဂ္ဂိုလ် …. (မှန်လှပါဘုရား)။

၂။        ။ နှစ်နံပါတ်ပုဂ္ဂိုလ် ငါဘုရားဟောဦးမယ် ပုဏ္ဏားတဲ့၊ မှတ်ထားတဲ့။

မိမိကိုယ်ကို ခင်တွယ်ပြီးသကာလ နေတဲ့ ပုဂ္ဂိုလ်များလဲ သေခါနီးကျတော့ကို ဒီကိုယ်ကြိးနဲ့ ခွဲရတော့မယ်၊ ဒီခန္ဓာကြီးနဲ့ဖြင့် အိုးစားကွဲရတော့မယ် ဆိုလို့ရှိရင် ကြောက်လာတာပဲ …… (မှန်လှပါ)။

အနတ္တကို အတ္တထင်တာကိုးဗျ …… (မှန်လှပါ) အဲဒီလို ကြောက်လာတဲ့ ပုဂ္ဂိုလ်လဲတဲ့ မိမိကိုယ်ကို မိမိခင်တွယ်ပြီး သကာလ နေတဲ့ပုဂ္ဂိုလ်လဲ ဝေဒနာတွေက ပြင်းထန်ပြီး သေပေါက်, သေ၀သို့ ရောက်တဲ့အခါ ကြောက်ပါတယ်ကွ …… တဲ့။

ဒါဖြင့် မိမိကိုယ်ခင်တဲ့ ပုဂ္ဂိုလ်လဲ ကြောက်သေပဲ ……..  (မှန်လှပါဘုရား) ဘယ်နှယောက်ရှိသွားပြီလဲ …… (နှစ်ယောက်ရှိပါပြီဘုရား)။

သားသမီးနဲ့ ပစ္စည်းခင်တွယ်တဲ့ ပုဂ္ဂိုလ်ရော …… (ကြောက်သေပါဘုရား) ကြောက်သေ တစ်ယောက်ပဲ …… (မှန်လှပါ)။

အင်း ….. မိမိခန္ဓာ ခင်တွယ်ပြီး သေတဲ့ ပုဂ္ဂိုလ်ရော (ကြောက်သေတစ်ယောက်ပါဘုရား) နှစ်ယောက်ရှိသွားပြီ …… (မှန်လှပါ)။

၃။        ။ တတိယ ပုဂ္ဂိုလ်က ဒကာဒကာမတွေ မှတ်စရာက ကိုယ်က လောဘနဲ့ ဒေါသနဲ့ မောဟနဲ့ ရောင်းလိုက် ၀ယ်လိုက် အကုသိုလ် အလုပ်တွေက များပြီးသကာလ နေတဲ့ ပုဂ္ဂိုလ်များလဲ အခုလို ၀ိပဿနာအလုပ်တွေ ခန္ဓာကို ဥာဏ်ရောက်ပြီးသကာလ အဖြစ်အပျက် အနိစ္စလက္ခဏာ၊ အနတ္တလက္ခဏာတွေကို မရှုမပွားဘဲနေတော့ ကုသိုလ်ကောင်းမှုတွေက အကုန်ဆိတ်သုဉ်းနေတော့တယ် ……. (မှန်လှပါဘုရား)။

ထိုကဲ့သို့ ဆိတ်သုဉ်းနေတော့လဲ သေခါနီး ကျလာတော့ ရောဂါဝေဒနာက ပြင်းပြတဲ့အခါ သြော် ….. ငါနှယ်လုပ်သင့် လုပ်ထိုက်တဲ့ ကုသိုလ်တွေ မလုပ်ခဲ့ပါလား၊ အလကား အလုပ်တွေနဲ့၊ အကုသိုလ်အလုပ်တွေနဲ့ သားရေး၊ သမီးရေး၊ စီးပွားရေးနဲ့ အချိန်ကုန်ခဲ့ပါလား၊ ပြုသင့် ပြုထိုက်တဲ့ ကုသိုလ် ၀ိပဿနာအလုပ်ကြီးတွေတော့ ငါလက်လွတ်ပြီးသကာလ၊ ဒါတွေ ဖြည်းဖြည်းမှ ထားပြီး သကာလ အရေးမကြီးမှာ အရေးကြီးပြီးသကာလ ငါ့မှာ နေခဲ့ခြင်းကြောင့်၊ ငါတော့ဖြင့် ကိုယ်ကျိုးနည်းတာပဲ ဆိုပြီး ကိုယ်ပြုထားတဲ့ အကုသိုလ်တွေက ရှိလို့လဲ ကြောက်ပြီး သေတယ်ကွ …. (မှန်လှပါဘုရား)။

ဘယ်နှယောက် ရှိသွားပြီလဲ …… (သုံးယောက်ရှိသွားပါပြီ ဘုရား) အဲ ….. ကိုယ်ပြုထားတဲ့ အကုသိုလ်တွေကို ကိုယ်ဟာကိုယ် အောက်မေ့ပြီးသကာလ အလကားနေတာတွေ၊ သားရေး၊ သမီးရေး၊ စီးပွားရေးနဲ့ အချိန်ကုန်တာတွေ၊ မင်းရေးစိုးရေးနဲ့ အချိန်ကုန်တာတွေ၊ အသက်တမ်း အလကား ဖြုန်းခဲ့တာတွေပေါ့ဗျာ၊ အဲဒါတွေကို တွေးလာပြန်လို့ ရှိရင်လဲတဲ့ ဒီပုဂ္ဂိုလ်ဟာ ဦးလှဘူးတို့၊ ဒကာကြွယ်တို့ ကြောက်ပြီး သေတယ်ကွ …… (မှန်လှပါဘုရား) ရှင်းပြီလား ….. (ရှင်းပါတယ်ဘုရား) ဘယ်နှယောက်ရှိပြီလဲ ….. (သုံးယောက်ရှိပါပြီဘုရား)။

၎။        ။ တစ်ယောက် ထည့်လိုက်ပါဦး ဒကာဒကာမတို့ ဘုရားက တစ်ယောက်ကျန်သေးတယ်ကွတဲ့၊ တစ်ယောက်ကတော့ ဘာတုံးလို့ မေးတဲ့အခါကျတော့ ဒကာဒကာမတွေ ဘုန်းကြီးသင်ပါတယ်တဲ့၊ ဒီဘက်ကအ၀ိဇ္ဇာ အ၀ိဇ္ဇာကြောင့် ဘာဖြစ်တုံး …. (သင်္ခါရဖြစ်ပါတယ်) သင်္ခါရကြောင့် ၀ိညာဏ်၊ ၀ိညာဏ်ကြောင့် ….. (နာမ် - ရုပ်) နာမ်ရုပ်ဖြစ်တယ်၊ နာမ်ရုပ်ကြောင့် ဘာဖြစ်လဲ ….. (သဠာယတန) သဠာယတနကြောင့် ….. (ဖဿ) ဖဿကြောင့် … (ဝေဒနာ) အင်း…. ဝေဒနာကြောင့် ….. (တဏှာဖြစ်ပါတယ်) တဏှာကြောင့် ….. (ဥပါဒါန်) ဥပါဒါန်ကြောင့် ….. (ကမ္မဘ၀) ကမ္မဘ၀ ဖြစ်တယ်၊ ကမ္မဘ၀ကြောင့် …. (ဇာတိပါဘုရား) ဇာတိကြောင့် ….. (ဇရာ၊ မရဏ ဖြစ်ပါတယ်)။

ဇရာ၊ မရဏ ဖြစ်တယ်ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်ကြီးကို အစ, ကိုလဲ သူနားမလည်တဲ့ ပုဂ္ဂိုလ် …. (မှန်လှပါဘုရား)။ အဆုံးလဲပဲ နားမလည်တဲ့ပုဂ္ဂိုလ်။

အစ, နားမလည်တာက အ၀ိဇ္ဇာ၊ မသိရှာဘူး …. (မှန်လှပါဘုရား)။

အဆုံး မသိတာက၊ ဇရာမရဏ မသိတာ ….. (မှန်လှပါ)။

အလယ်လဲမသိဘူးတဲ့၊ ပဋိစ္စသမုပ္ပါဒ်အစ, လဲမသိဘူးနော် ….. (မှန်လှပါ) အဆုံးရော …. (မသိပါဘုရား)။

အစ, နဲ့အဆုံးနှစ်ခုစလုံးရော …… (မသိပါဘုရား)  မသိပါဘူးတဲ့၊ အဲဒီကဲ့သို့ ပဋိစ္စသမုပ္ပါဒ် မသိဘဲနေတော့ ….. သြော် ….. ဒီဥစ္စာ ဘယ်ကလာလို့ ဘယ်များ သွားရမှာပါလိမ့် သူ့စိတ်ထဲပေါ့ဗျာ …. (မှန်လှပါဘုရား)။

သေခါနီး ဝေဒနာတွေက ပြင်းထန်လာတော့ ဘယ်လိုဖြစ်ပြီး ဘယ်လိုများ ဘာဖြစ်မှာ ပါလိမ့်မတုံးဆိုတဲ့ ၀ိစိကိစ္ဆာတွေက မလာပေဘူးလား …… (လာပါတယ်ဘုရား)။

ဒါဖြင့် ပဋိစ္စသမုပ္ပါဒ် နားမလည်တဲ့ ပုဂ္ဂိုလ်တွေကျတော့ ဘယ်ကလာလို အခုဖြင့် ဒီနေရာ စုတေမနေ သေလွန်လို့ရှိရင်ဖြင့် ဘယ်သွားရမှန်း မသိဘူး …. (မသိပါဘုရား)။

မသိတော့ သူ့စိတ်ထဲ မသိတာသည် ၀ိစိကိစ္ဆာ …… (မှန်လှပါဘုရား) ၀ိစိကိစ္ဆာ တိုတိုပြောတော့ အ၀ိဇ္ဇာပါပဲ …… (မှန်လှပါ) သဘောကျပလား …. (ကျပါတယ်ဘုရား)။

အဲ့ဒီကဲ့သို့ ဘုရား၊ တရား၊ သံဃာဆိုတဲ့ ဥစ္စာကိုလည်း ယုံကြည်မှု မရှိ။ ဘုရား၊ တရား၊ သံဃာပေါ့ဗျာ …..(မှန်ပါ့ဘုရား)။ အဲ့ဒါကိုလည်းယုံကြည်မှု မရှိ။

အဲဒီအ၀ိဇ္ဇာနဲ့ အင်း …. ပဋိစ္စသမုပ္ပါဒ်အစ, လဲမသိ၊ အဆုံးလဲ မသိ၊ အစ, အဆုံးလဲ မသိပေါ့ဗျာ။

အဲဒီကဲ့သို့နေတဲ့ ပုဂ္ဂိုလ်များဟာလဲ ဦးလှဘူးတို့၊ ဒကာကြွယ်တို့ သေခါနီးမှ သူ့ဝိစိကိစ္ဆာ လာတာပဲ …… (မှန်လှပါဘုရား)။

အင်း … သေတော့ သေရမှာပဲ၊ ဘယ်များရောက်မတုံးဆိုတာ မသိတော့ ကြောက်ရှာတယ် …. (မှန်လှပါဘုရား) သေတော့သေရမှာ၊ ဘယ်ရောက်လိမ့်မယ်ဆိုတာ မသိတော့ ဘယ်နှယ့်နေလိမ့်မတုံး ….. (ကြောက်ပါတယ်ဘုရား)။

အဲဒီလို ပုဂ္ဂိုလ်လဲတဲ့ ပဋိစ္စသမုပ္ပါဒ် နားမလည်တဲ့ ပုဂ္ဂိုလ်များလဲ ကြောက်သေ သေသဟေ့ …… (မှန်လှပါဘုရား)။

အခုတော့ ဒီဒကာဒကာမတွေမှာ  ပဋိစ္စသမုပ္ပါဒ်က နားလည်နေတော့ နေရာကျလိုက်တာ …. (မှန်ပါ) ပဋိစ္စသမုပ္ပါဒ် နားလည်ပြီးသကာလ နေတော့ အင်း ….. အ၀ိဇ္ဇာရှိရင် သင်္ခါရဖြစ်မှာပဲ …. (မှန်လှပါ) သင်္ခါရဖြစ်လို့ ရှိရင် …. (၀ိညာဏ် ဖြစ်ပါတယ်) ၀ိညာဏ်ဖြစ်လို့ရှိရင် ….. (နာမ်ရုပ်ဖြစ်ပါတယ် ဘုရား) နာမ်ရုပ်ဖြစ်လို့ ရှိရင် …… (သဠာယတန ဖြစ်ပါတယ်)။

ကဲ….. ဒါ ထားလိုက်ပါတော့၊ အဆုံး အဆုံးကျအောင် သွားလိုက်တော့ အ၀ိဇ္ဇာချုပ်တော့ရော ….. (သင်္ခါရချုပ်ပါတယ်ဘုရား) သင်္ခါရချုပ်တော့ (၀ိညာဏ်ချုပ်ပါတယ်ဘုရား) ၀ိညာဏ်ချုပ်တော့ ….. (နာမ်ရုပ်ချုပ်ပါတယ်ဘုရား)။

အင်း ….. ဒီလိုအချုပ်တွေ သိသွားပြန်တော့လဲ အင်း …… ဒီဥစ္စာ ပဋိစ္စသမုပ္ပါဒ်ကြီး ဒီပဋိစ္စသမုပ္ပါဒ် ဆိုတာမျိုးသည်ကား ဆိုလို့ရှိရင်ဖြင့် ၀ိပဿနာမရှုရင်လည်း ဦးလှဘူးတို့၊ ဒကာကြွယ်တို့ ဘယ်တော့ပြတ်မလဲ …. (ဘယ်တော့မှ မပြတ်ပါဘုရား)။

ဝိပဿနာရှုတဲ့ ပုဂ္ဂိုလ်ကျပြန်တော့ ပဋိစ္စသမုပ္ပါဒ်မပြတ်ဘူးလား ပြတ်လား…. (ပြတ်ပါတယ်ဘုရား) အင်း ….. ဘယ့်နှယ့်ကြောင့် အပြတ်သိပါလိမ့်မတုံး ဆိုလို့ရှိရင်ဖြင့် ဖဿနိရောဓာ ဝေဒနာနိရောဓော ….. (မှန်လှပါဘုရား) အင်း …… ဖဿချုပ်ရင် (ဝေဒနာချုပ်ပါတယ်ဘုရား) အင်း …..  ဖဿချုပ်ရင် ဝေဒနာချုပ်တာပဲလို့ ဥာဏ်ကမသိဘူးလား …. (သိပါတယ်ဘုရား)။

ထိုကဲ့သို့ သိတဲ့ပုဂ္ဂိုလ်ကျတော့ ပဋိစ္စသမုပ္ပါဒ် ပိုင်ပိုင်နိုင်နိုင် ကိုယ့်ဟာကိုယ် သိပြီးသကာလ ဝေဒနာဖြစ်နေတယ် ဝေဒနာပြင်းထန်လာတယ်၊ အင်း …. ဒါ, ဖဿကြောင့်ဖြစ်တဲ့ ဝေဒနာပဲ (မှန်လှပါဘုရား) မသိဘူးလားဗျာ …. (သိပါတယ်) ဆိုတော့ ၀ိစိကိစ္ဆာ သေမနေဘူးလား …. (သေပါတယ်ဘုရား)။

ဒီဝေဒနာက ဘယ်ကများ လာပါလိမ့်မတုံးလို့ သံသယရှိသေးလား ….. (မရှိပါဘုရား) အင်း …. ၀ိစိကိစ္ဆာက သေသွားတယ် ….. (မှန်လှပါ)။

အင်း ….. ဒီဝေဒနာဘယ်ကလာပါလိမ့်မတုန်းဆိုတဲ့ ဥစ္စာသူ့စိတ်ထဲပေါ်လာသေးရဲ့ လား …. (မပေါ်ပါဘုရား) မပေါ်ဘူး၊ ဒီဒကာဒကာမတွေကျတော့ ဖဿပစ္စယာ ….. (ဝေဒနာ) သြော် …. ဖဿကြောင့် ဖြစ်တဲ့ဝေဒနာ ….. (မှန်လှပါ)။

အင်း …. ဖဿချုပ်ရင် ….. (ဝေဒနာချုပ်ပါတယ်ဘုရား) အဲဒီတော့ ကျုပ်တို့က ဒီဝေဒနာလေးတွေကိုပဲ အဖြစ်အပျက်တွေ ရှုနေတာပေါ့ …… (မှန်လှပါ) ရှုပြီးသကာလနေတော့ ဝေဒနာက ဖြစ်ပျက်ရှုတာက မဂ်ဖြစ်သွားတယ် ….. (မှန်လှပါဘုရား) သဘောကျပလား …. (ကျပါတယ်ဘုရား) ဝေဒနာက ဘာတုံး ….. (ဖြစ်ပျက်ပါဘုရား) အင်း …. ရှုတာကဘာတုံး ….. (မဂ်ပါဘုရား)။

အဲ …. ကျုပ်တို့အတွက်ကတော့ကိုး …. တဲ့၊ ဒကာဒကာမတို့ မဂ်ဆိုက်ပြီးသေတဲ့အတွက် ဘယ်မှာတုန်းနောက်က တဏှာ, ဥပါဒါန်, ကံတွေ ဇာတိ, ဇရာ, မရဏလာသေးရဲ့ လား ….. (မလာပါဘုရား) အင်း … ကျုပ်တို့က ၀ိစိကိစ္ဆာကင်း သေတာကိုးဗျ …. (မှန်လှပါ) ဖဿဖြစ်ရင် ဝေဒနာဖြစ်တာပဲ …. (မှန်လှပါ) ဖဿချုပ်ရင် …. (ဝေဒနာချုပ်ပါတယ်ဘုရား)။

ဝေဒနာချုပ်တယ်လို့ ကျုပ်တို့က ဝေဒနာဖြစ်ပျက်ရှုနေတဲ့အခါကျလို့ရှိရင်ဖြင့် ဝေဒနာကလဲ ဖြစ်ပျက်ပဲ၊ ရှုတာကလဲ မဂ်ပဲဆိုတာ ကျုပ်တို့ဥာဏ်ထဲမှာ ပဋိစ္စသမုပ္ပါဒ်က ပြတ်မနေဘူးလား …. (ပြတ်ပါတယ်ဘုရား)။

ဉာဏ်ထဲမှာ ပြတ်နေတော့၊ ဉာဏ်ထဲမပြတ်တဲ့ ပုဂ္ဂိုလ်သာ ဆက်တာကိုးဗျ …..  (မှန်လှပါဘုရား) ညာဏ်ထဲက ပြတ်တဲ့ပုဂ္ဂိုလ်ကျတော့၊ (ပြတ်ပါတယ်ဘုရား) သဘောကျပလား ….. (ကျပါတယ်ဘုရား)။

အင်း ….ဉာဏ်ထဲမဆက်တတ်တဲ့ ပုဂ္ဂိုလ်၊ ဉာဏ်ကမဖြတ်တတ်တဲ့ ပုဂ္ဂိုလ်တော့ ဆက်သွားတာပဲ ….. (မှန်လှပါ) ဉာဏ်ကဖြတ်တတ်တဲ့ ပုဂ္ဂိုလ်ကျတော့ …. (ပြတ်ပါတယ်ဘုရား)။

အေး … ခုနက ပုဂ္ဂိုလ်က၊ ကြောက်တဲ့ပုဂ္ဂိုလ်က ပဋိစ္စသမုပ္ပါဒ် အစ, လဲမသိဘူး ….. (မသိပါဘုရား) အဆုံးလဲ ….. (မသိပါဘုရား) အစ, အလယ်နဲ့အစ, အဆုံးနှစ်ခုစလုံးရော ….. (မသိပါဘုရား)။

အဲဒီတော့ ၀ိစိကိစ္ဆာကြီးနဲ့ သေသွားတယ် ….. (မှန်ပါ့) ငါသေရင် ဘယ်များရောက် ပါလိမ့်မတုံး ဆိုတော့ ကြောက်နေတယ် ….. (ကြောက်ပါတယ်) မကြောက်ပေဘူးလား ….. (ကြောက်ပါတယ်ဘုရား)။

ဒီဒကာဒကာမတွေကတော့ နဂိုကိုက အင်း …. ဒီကဲ့သို့ ဝေဒနာကလဲ ငါမဟုတ်ပါဘူး …. (မဟုတ်ပါဘုရား) အနိစ္စဖြစ်ပျက်ပဲ …… (မှန်လှပါ) ဖြစ်ပျက်ကို ဉာဏ်ကရှုပြီးသကာလ နေလိုက်တော့ ရှုရင်းမတ္တနဲ့ပဲ သေခါနီးမှာ တစ်ခါတည်း နောက်ကတဏှာလာသေးလား ….. (မလာပါဘုရား)။

နောက်က တဏှာမလာဘဲနဲ့ ဥပါဒါန်ကရော ….. (မလာပါဘုရား) ကံ, ကရော ….. (မလာပါဘုရား)။

အဲ …. နို့ သူတို့ မလာဘဲနဲ့ ဦးလှဘူးတို့ ဒကာကြွယ်တို့, ဒကာသိုက်တို့ ဘယ်ဇာတိ လာစရာ …. (မရှိပါဘုရား) အင်း …. ဒါဖြင့် ပဋိစ္စသမုပ္ပါဒ်က အကြောင်းချုပ်လို့ အကျိုးချုပ်တာ နားမလည်တဲ့ ပုဂ္ဂိုလ်များအတွက်တော့ ကြောက်သတဲ့ဗျ ….. (မှန်လှပါဘုရား)။

ကျုပ်တို့တော့ ပဋိစ္စသမုပ္ပါဒ် သြော် …. ဒါ, ဖျားနေတာလား ဒီဥစ္စာသည်ကားဆိုရင် ဝေဒနာဖြစ်ပေါ် ပေါ်နေတာဘုရား)။

ဝေဒနာဖြစ်ပျက်ပေါ်နေတာပဲလို့ အကဲခတ်လိုက်တော့ သြော် … ဖြစ်ပျက်နဲ့အကဲခတ်တာက မဂ်ဖြစ်သွားတာပဲ …. (မှန်လှပါဘုရား) ဝေဒနာက ဖြစ်ပျက်၊ အင်း …. ဒါလေး အကဲခတ်နေတာက …. (မဂ်ပါဘုရား)။

မဂ်ဖြစ်သွားတဲ့အခါ၊ နောက်က ပဋိစ္စသမုပ္ပါဒ်ကြီးက ဆက်သေးရဲ့ လား ….. (မဆက်မိပါဘူးဘုရား)။

အင်း ….. ဒီပုဂ္ဂိုလ်ကျတော့ ဒကာဒကာမတို့ ဖြစ်ပျက်ရှုတဲ့ ဉာဏ်နဲ့ နေတဲ့ပုဂ္ဂိုလ်ကျတော့ ဘယ်မှာ ၀ိစိကိစ္ဆာရှိသေးရဲ့ လား၊ (မရှိပါဘုရား)။

အင်း …. ဖဿချုပ်လို့ ဝေဒနာချုပ်တာပဲ ….. (မှန်လှပါဘုရား) ဖဿဖြစ်လို့၊ ….. (ဝေဒနာဖြစ်ပါတယ်ဘုရား)။

အင်း …. ဒါဖြင့် ဖြစ်ပျက်ရှိတာပဲ၊ (မှန်လှပါဘုရား) ဒီလို သိပြီး ဒီလိုရှုနေတဲ့ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကျတော့ သေခါနီးမှာလဲ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာဖြစ်သွားတယ်၊ ဘယ်ကြောက်တော့မတုံး၊ (မကြောက်ပါဘူးဘုရား)။

ဒါဖြင့် ပဋိစ္စသမုပ္ပါဒ်မဖြတ်နိုင်တဲ့ ပုဂ္ဂိုလ် (၀ါ) မဖြတ်တဲ့ပုဂ္ဂိုလ်သာလျှင် ဦးလှဘူးတို့၊ ဒကာကြွယ်တို့၊ ဒကာသိုက်တို့ ကြောက်တာတဲ့၊ (မှန်လှပါ)။

ဒါဖြင့် ပဋိစ္စသမုပါဒ်တို့ ဖြစ်ပျက်တို့နားလည်တဲ့ ပုဂ္ဂိုလ်ဟာ ကြောက်ကိုမကြောက်ဘူးကွတဲ့ …. (မှန်လှပါ) သဘောကျပလား ….. (ကျပါတယ်ဘုရား)။

ဒါဖြင့် ကြောက်တဲ့ပုဂ္ဂိုလ်လေးယောက်က ဒကာဒကာမတွေ …..။

တစ်နံပါတ်ပုဂ္ဂိုလ်ဟာ ငါးပါးအာရုံ ကာမဂုဏ်မစွန့်နိုင်တဲ့ ပုဂ္ဂိုလ်ကြောက်တယ် …. (မှန်လှပါဘုရား)။

နှစ်နံပါတ်ပုဂ္ဂိုလ်က မိမိခန္ဓာကိုယ်ကို ခင်တွယ်တဲ့ပုဂ္ဂိုလ်ကလဲ ….. (ကြောက်ပါတယ်ဘုရား) ကြောက်တယ်နော် ….. (ကြောက်ပါတယ်ဘုရား)။

သုံးနံပါတ်ပုဂ္ဂိုလ်လဲ၊ အကုသိုလ်တွေများနေတဲ့ ပုဂ္ဂိုလ်ကလဲ ….. (ကြောက်ပါတယ်ဘုရား) ကြောက်တယ်နော် …. (ကြောက်ပါတယ်ဘုရား)။

လေးနံပါတ်ပုဂ္ဂိုလ်ကလဲ ပဋိစ္စသမုပ္ပါဒ်ကြီးကို အကြောင်းဖြစ်လို့ အကျိုးဖြစ်တယ်၊ အကြောင်းချုပ်လို့ အကျိုးချုပ်တယ်ဆိုတာကို မသိတဲ့ပုဂ္ဂိုလ်ကလဲ …. (ကြောက်ပါတယ်ဘုရား) ၀ိစိကိစ္ဆာရှိနေတယ်၊ မသိတော့ ၀ိစိကိစ္ဆာရှိနေတော့ ကြောက်တာပေါ့ဗျာ …. (မှန်လှပါဘုရား) သဘောကျပလား …. (ကျပါတယ်ဘုရား)။

ဒါဖြင့် ကြောက်တဲ့ပုဂ္ဂိုလ် ဘယ်နှယောက်ပါလိမ့် ….. (လေးယောက်ပါဘုရား)။

အေး …. ဒကာဒကာမတို့ ဒီဥစ္စာ တော်တော်အရေးကြီးပါတယ်၊ ဒကာဒကာမတို့ ဒီလမ်းနဲပ ဒီစခန်းက ဘယ်သူဖြစ်ဖြစ် လှမ်းရမယ့် ခြေလှမ်းချည်းပဲဆိုတာက ဘာမှငြင်းနေစရာလိုသေးရဲ့ လား …. (မလိုပါဘူးဘုရား)။

ကိုင်း …. ဒါဖြင့် ဒကာဒကာမတို့ ကြောက်တဲ့ပုဂ္ဂိုလ် ဘယ်နှယောက်တုန်း ….. (လေးယောက်ပါဘုရား)။

မကြောက်တဲ့ ပုဂ္ဂိုလ်ကလဲ လေးယောက်ပဲလို့ မှတ်လိုက်ပါ ….. (မှန်လှပါ) မကြောက်တဲ့ပုဂ္ဂိုလ် လေးယောက်ပဲလို့ မှတ်လိုက်ပါ ….. (မှန်လှပါ) မကြောက်တဲ့ ပုဂ္ဂိုလ်လေးယောက် ဘုန်းကြီးရှင်းပြပါဦးမယ် ဦးလှဘူးရ ….. (မှန်လှပါဘုရား)။

မကြောက်တဲ့ပုဂ္ဂိုလ်လေးယောက်က ခုနက လေးယောက်ပြောင်းပြန် လှည့်လိုက်ရုံပဲ ….. (မှန်လှပါဘုရား)။

အင်း ….. သားသမီးနဲ့ ပစ္စည်းတွေကလဲ သေခါနီးကျတော့၊ သြော် … ဒါတွေကဟာ အနတ္တတွေမပိုင်ဘူး၊ အနိစ္စတွေပဲ အနတ္တတွေပဲလို့ နဂိုကသိပြီး လုပ်ထားတဲ့ ပုဂ္ဂိုလ်ကိုးဗျ …. (မှန်လှပါဘုရား)။

အဲဒီလို လုပ်ထားတဲ့ ပုဂ္ဂိုလ်ကျတော့ အနတ္တမို့ အနတ္တပေါ်လာတာပါပဲ …. (မှန်လှပါဘုရား) ခန္ဓာကိုယ်ကြီးက ဝေဒနာတွေက ပြင်းထန်လာတယ်၊ ကိုယ်ကခေါ်လို့လဲ လာတာမဟုတ်ဘူး …. (မဟုတ်ပါဘုရား) ကိုယ်ကနှင်လို့လဲ ….. (မသွားပါဘူးဘုရား) မသွားတော့ သြော် …. အနတ္တမို့ အနတ္တပြတာပဲ …. လို့ဆိုတဲ့ ပုဂ္ဂိုလ်မျိုးကျတော့လဲ မကြောက်ဘူးတဲ့ … (မကြောက်ပါဘုရား)။

သားသမီးနဲ့ ပစ္စည်း အနတ္တတင်နိုင်လို့ရှိရင် …. (မကြောက်ပါဘူးဘုရား) သဘောကျပလား …. (ကျပါတယ်ဘုရား) အနိစ္စ, ဒုက္ခ, အနတ္တတင်နိုင်ရင်လေ …. (မကြောက်ပါဘူးဘုရား)။

တစ်ခါ ဒုတိယပုဂ္ဂိုလ်ကလဲ မိမိခန္ဓာကိုယ်ကို အနိစ္စ, ဒုက္ခ, အနတ္တ တင်နိုင်ပြန်ရင်ရော ….. (မကြောက်ပါဘူးဘုရား) သြော် … နှစ်ယောက်ပြီးသွားပြီ …. (မှန်လှပါ)။

သုံးနံပါတ်ပုဂ္ဂိုလ်ကလဲ မိမိပြုထားတဲ့ ၀ိပဿနာဥာဏ်တွေက နေ့တိုင်းညတိုင်း လုပ်ပြီးသကာလ နေတဲ့ ပုဂ္ဂိုလ်တွေကျတော့ကို၊ ….. ဒါ…. တို့၊ သေသေချာချာ ဒီဘ၀ စုတေမနေ သေလွန်လို့ရှိရင် နိဗ္ဗာန်နဲ့ သုဂတိနှစ်ခုသာ ရှိတယ်ဆိုတဲ့ ပုဂ္ဂိုလ်ကရော …. (မကြောက်ပါဘူးဘုရား)။

ခုနက ပဋိစ္စသမုပ္ပါဒ်ကြီး ဖြစ်ပျက်ရှုသေတဲ့ ပုဂ္ဂိုလ်ကရော (မကြောက်ပါဘူးဘုရား) သြော် …. မကြောက်တဲ့ပုဂ္ဂိုလ်ကလဲ လေးယောက်တဲ့ (လေးယောက်ပါဘုရား) သဘောကျလား (ကျပါတယ်ဘုရား) ရှင်းပလား …. (ရှင်းပါတယ်ဘုရား)။

ဒါဖြင့် ဒကာဒကာမတို့ သြော် ….. တို့သည်ကားလို့ ဆိုလို့ရှိရင် မကြောက်တဲ့ လေးယောက်ထဲတို့ အပါအ၀င်ဖြစ်အောင်ဖြင့် တို့ အခုကတည်းက အပိုင်လုပ်ထားမှပဲ ….. (မှန်လှပါဘုရား) သားသမီးနဲ့ ပစ္စည်းလဲ အနိစ္စနဲ့ ဒုက္ခ, အနတ္တလုပ်ထားနော် ….. (မှန်လှပါဘုရား) တစ်နံပါတ် ….. (မှန်လှပါ)။

နှစ်နံပါတ်က မိမိခန္ဓာရော ….. (အနိစ္စ, ဒုက္ခ, အနတ္တလုပ်ထားရမှာပါဘုရား)။

သုံးနံပါတ်ကလဲ  ၀ိပဿနာတွေ၊ အခုက ဘာလုပ်ထားရမှာလဲ …. (၀ိပဿနာတွေ လုပ်ထားရမှာပါဘုရား) လုပ်ထားရမယ် …. (မှန်လှပါ) အင်း …. ဒါဖြင့် သုံးနံပါတ်ပုဂ္ဂိုလ်ကလဲ ကျုပ်တို့ ဖြစ်ကရောပေါ့၊ (ဖြစ်ပါတယ်ဘုရား)။

လေးနံပါတ်ပုဂ္ဂိုလ်က သေခါနီး ဝေဒနာလာရင် ဘာလုပ်ကြမလဲ ….. (ဖြစ်ပျက်ရှုရမှာပါဘုရား) ဝေဒနာ ဖြစ်ပျက်ရှုပြီး သေလိုက်တော့ မဂ်ဆိုက်သွားတယ် ….. (မှန်လှပါဘုရား) မဆိုက်ပေဘူးလား …… (ဆိုက်ပါတယ်ဘုရား)။

အဲဒါတွေ ထောက်လိုက်ပြန်တော့လဲ ဒီပုဂ္ဂိုလ်လေးယောက်ကျတော့ ပုဏ္ဏားတဲ့၊ မကြောက်ဘူးကွတဲ့ …. (မှန်လှပါ)။

ကိုင်း …. ကြောက်တဲ့ပုဂ္ဂိုလ်က …. (လေးမျိုးပါဘုရား) မကြောက်တဲ့ပုဂ္ဂိုလ်က …. (လေးမျိုးပါဘုရား)။

အဲဒီမှာ ဒကာဒကာမတို့ မကြောက်တဲ့ ပုဂ္ဂိုလ်က လေးယောက်ဟာတဲ့ ငါ, ရှင်းပြီးသကာလ ပိုမိုပြီးသကလာ မင်း, ရှင်းသထက်ရှင်းအောင် ပြောပါဦးမယ်တဲ့ …. (မှန်လှပါဘုရား)။

ဒီ ခုနက သားသမီးနဲပ ပစ္စည်းလဲ ၀ိပဿနာတင်ထားတဲ့ပုဂ္ဂိုလ် ….. (မှန်လှပါ) ခန္ဓာရော ….. (၀ိပဿနာတင်ထားတဲ့ ပုဂ္ဂိုလ်ပါ)။

(၂) နံပါတ်က ခန္ဓာလဲ တင်ထားတယ် ….. (မှန်လှပါ)။

(၃) နံပါတ်က အမြဲမပြတ် ၀ိပဿနာအလုပ်ချည်းပဲ နှလုံးသွင်းနေတယ်၊ မှန်လှပါဘုရား)။

(၄) နံပါတ်က သေခါနီးလဲ ဝေဒနာရှုသေတယ် ….. (မှန်လှပါ) သဘောကျပလား ….. (ကျပါတယ်ဘုရား)။

အဲဒီ ပုဂ္ဂိုလ်သည်ကားသို့ ဆိုလို့ရှိရင် သူသေရတော့မယ် ဆိုတော့ မကြောက်ဘူးတဲ့ ….. (မှန်လှပါဘုရား) မကြောက်တာက ဘယ်လိုကြောင့် မကြောက်ပါလိမ့်မတုံးဆိုတော့ သြော် ….. လားရာဂတိကလဲ တကယ်လို့ မဂ်မဆိုက်ဘဲနဲ့ သေလဲနတ်ပြည်ရောက်၊ ရောက်သည်နဲ့ တစ်ပြိုင်တည်း သူ, သောတာပန်ဖြစ်၊ သကဒါဂါမ်၊ အနာဂါမ် ဖြစ်မယ်ဆိုတာ ဘုရားက ဟောထားတယ်၊ (မှန်လှပါဘုရား)။

အိပ်သောယောက်ျား နိုးသောလားကဲ့သို့ တစ်ခါတည်း နတ်ပြည်ရောက်တော့ နတ်ပြည်ရောက်တာတောင် မသိသေးခင်က သောတာပန်၊ သကဒါဂါမ် အနာဂါမ်ဖြစ်နိုင်တယ် …. (မှန်လှပါဘုရား)။

အဲဒီတော့ သူ, နတ်ပြည်ရောက်မယ်ဆိုတာက မသေချာဘူးလား ….. (သေချာပါတယ်ဘုရား) သေချာတဲ့အပြင် ဟိုကျတော့ အာသဝေါကုန်မယ်ဆိုတာကရော - (သေချာပါတယ်ဘုရား)။

အဲဒီတော့ ဒကာကြွယ်ကစဉ်းစား၊ အလုပ်လုပ်ထားတဲ့ ပုဂ္ဂိုလ်က သူ, ကြောက်ပါဦးမလား ….. (မကြောက်ပါဘုရား)။

အဲဒီအထဲ အပါအ၀င်ဖြစ်အောင် ဒကာဒကာမတွေက ကြိုးစားထားနှင့်ရမယ် …… (မှန်လှပါဘုရား) ဒါလက်လွတ်လို့ရှိရင် မရဘူးနော် ….. (မရပါဘုရား)။

ဒါ အားလုံး၊ မိမိနဲ့ မိတ်ဆွေ  သင်္ဂဟတွေနှင့်တကွ မိမိနဲ့တကွ မိတ်ဆွေသင်္ဂဟတွေ ချစ်ကြခင်ကြ ကြင်နာကြလို့ရှိရင်ဖြင့် ဒီအလုပ်လက်ရှိနဲ့ သေဖို့ရာ အကြောင်းဟာဖြင့် ဒကာကြွယ်တို့ ဒကာသိုက်တို့ တိုက်တွန်းပေးပါ ….. (မှန်လှပါဘုရား)။

အလုပ်လက်ရှိနဲ့သေဖို့ ….. (မှန်လှပါဘုရား) အလုပ်လက်ရှိနဲ့ သေလို့ရှိရင် ဒုတိယဘ၀ သေသေချာချာ ကိစ္စပြီးတယ် ….. (မှန်လှပါ) မပြီးဘူးလား ….. (ပြီးပါတယ်ဘုရား)။

သို့မဟုတ် ဒုတိယဘ၀ မဆိုင်းတော့ပါဘူး၊ ဒီဘ၀တွင်ပဲ ဒုက္ခချုပ်တဲ့ဆီကို မြင်ပြီးသား ပုဂ္ဂိုလ်ကျတော့လဲ ပြီးသွားတာပဲ ….. (ပြီးပါတယ်ဘုရား) ဘယ်ကြောက်တော့မတုံး ….. (မကြောက်ပါဘုရား)။

ဒါဖြင့် (၁) နံပါတ်က သားသမီးနဲ့ ပစ္စည်းလဲ ဒကာဒကာမတို့ ၀ိပဿနာရှု ….. (မှန်လှပါဘုရား) မိမိခန္ဓာလဲ ….. (၀ိပဿနာရှုရမှပါဘုရား) သဘောကျပလား ….. (ကျပါပြီဘုရား) ပြီးတော့ ကိုလဲ ဘယ်အချိန်မဆို ဉာဏ်ပေါ်တိုင်း နှလုံးသွင်းပါ …… (မှန်လှပါဘုရား)။ (၃)နံပါတ်ပုဂ္ဂိုလ်က။

(၄) နံပါတ်ပုဂ္ဂိုလ်က သေခါနီးကျပြန်လို့ရှိရင်လဲ ကိုယ်လုပ်ထားတဲ့ ဝေဒနာ ၀ိပဿနာ ကမ္မဋ္ဌာန်းကြီးကို ကိုယ်ကိုယ်တိုင် မဂ်ဆိုက်အောင် ရှုလိုက်ပါ ….. (မှန်လှပါဘုရား) သဘောကျပလား …… (ကျပါပြီဘုရား)။

ဤလေးချက်နဲ့ သေတဲ့ပုဂ္ဂိုလ်မှာ မကြောက်ဘူးကွ …… တဲ့၊ မကြောက်တာက ဒီလိုကွတဲ့ …… စစ်သူကြီး တစ်ယောက်ရှိတယ်ကွာ၊ ရှင်ဘုရင်ကြီးအခိုင်းအစေ၊ ရှင်ဘုရင်လက်အောက်က စစ်သူကြီးရှိတယ်ကွ …… တဲ့။

ရှင်ဘုရင်က အမိန့်မှတ်လိုက်တယ်၊ စစ်သူကြီး ….. ဘယ်ရွာဘယ်ဌာနမှာ သူပုန်တွေ ထ,  နေတယ်၊ အဲဒါသွားပြီး သကာလ အသင် စစ်သူကြီးသွားနှိမ်နင်းရမယ်။

ဒီလို အမိန့်ပေးလိုက်တဲ့အခါ စစ်သူကြီးမို့ ရှင်ဘုရင်အမိန့်လဲ သြဇာအာဏာလိုက်နာတဲ့ သဘောထားရှိနေတော့ တပ်ထောင်ကာ  ဗိုလ်ထုတွေနဲ့ လူစုပြီး ထွက်တာပေါ့ဗျာ ….. (မှန်လှပါဘုရား)။

ထွက်တော့ ဟိုမှာ သူပုန်ထ, နေတဲ့ လူတွေနဲ့ဒီက, လူတွေနဲ့ အားချင်းက မမျှတော့ ဒီကအားက အင်မတန်ကြီးတာနဲ့ နှိမ်နင်းနိုင်ခဲ့တယ် ….. (မှန်လှပါတယ်ဘုရား) နှိမ်နင်းခဲ့တယ်၊ ပြန်လာခဲ့တယ်၊ ပြန်လာပြီးသကာလ သူ့အိမ်မှာပဲ ဒီနေ့ညအိပ်ပြီး မနက်မှ နန်းတော်ဝင်မယ်၊ စစ်တော့ အောင်ခဲ့ပြီဆိုပြီး သူ့အိမ်မှာသူနေတယ် …. (မှန်လှပါဘုရား)။

ခုနက လွှတ်လိုက်တဲ့ ရှင်ဘုရင်က ကြားတယ်၊ စစ်သူကြီးဖြင့် ပြန်ရောက်လာပြီ အောင်လဲအောင်ခဲ့သတဲ့ ဆိုတော့ ရှင်ဘုရင်က ဆုကြီး လာဘ်ကြီးပေးချင်လို့ တစ်ခါတည်း အသင်စစ်သူကြီး မနက်ဖြန်နံနက် နန်းတော်ကို ဆက်ဆက်ဝင်ရမတဲ့။

ဟိုက အမိန့်တော် စာချွန် ရောက်လာတော့ သူဟာ နန်းတော်မရောက်ခင် ဒီစာချွန်ရောက်ကတည်းက ဦးလှဘူးတို့ ဒကာကြွယ်တို့ ၀မ်းသာမှာပဲ ….. (၀မ်းသာပါတယ်ဘုရား)။

မနက်ဖြန်ကျတော့ ရွာစားမြို့ စားတော့ ဧကန်ပေးတော့မှာပဲ ….. (မှန်လှပါဘုရား) မြန်မာ့ထုံးစံကိုးဗျ၊ ရွာမြို့ စား ဧကန်ပေးတော့မှာပဲ ဆိုတော့၊ ရ, လို့ ၀မ်းသာတာလား၊ မရ, ခင် ၀မ်းသာတာလား …. (မရ, ခင် ၀မ်းသာတာပါဘုရား) ရှင်းပလား၊ (ရှင်းပါတယ်ဘုရား)။

ဒီမှာလဲ ဒကာဒကာမတို့ ခုနက ၀ိပဿနာအလုပ်နဲ့ ခုနက ပြောခဲ့တဲ့ အချက်တွေနဲ့ သေတဲ့ ပုဂ္ဂိုလ်ကျတော့ ဧကန်သုဂတိရောက်ပြီး နိဗ္ဗာန်ရောက်မှာ ဧကန်မြင်တော့ မသေခင်က သူဘာဖြစ်နေသလဲ …. (၀မ်းသာနေပါတယ်)။

အင်း …. ဒီဘ၀တွင်ပဲ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် တည်ပြီးသား ပုဂ္ဂိုလ်ဖြစ်နေပြီလို့ ရှိရင်လဲ သေပြန်တော့လဲ ခန္ဓာဝန်ကြီးချ, ရလို့ ၀မ်းသာတယ် ….. (မှန်လှပါဘုရား) ဟုတ်လား …. ဒီဘ၀မတည် သေးဘူး ….. ၀ိပဿနာအလုပ်သာ ခရီးပေါက်နေပါတယ် ဆိုပါတော့လဲ ဒုတိယဘ၀ မသေချာလား …… (သေချာပါတယ်ဘုရား)။

အဲဒီတော့ ဒုတိယဘ၀မှာ သေချာတာကို လှမ်းပြီးသကာလ ဒီကနေပြုံးတယ် ….. (မှန်လှပါဘုရား) ဒကာကြွယ် မပြုံးပေဘူးလား ….. (ပြုံးပါတယ်ဘုရား) ခုနက စစ်သူကြီး၊ သဘောကျပလား …… (ကျပါတယ်ဘုရား)။

အေး ….. အဲဒီအတိုင်းပါပဲ ဒကာဒကာမတို့၊ ခင်ဗျားတို့ ၀ိပဿနာလုပ်တဲ့ ပုဂ္ဂိုလ်များကတော့ ပြုံးသေဘက်သေချာတယ် ……. (သေချာပါတယ်ဘုရား) သဘောကျပလား …… (ကျပါတယ်ဘုရား)။

ရ, လို့ ပြုံးတာလား ….. မရ, ခင်ကပြုံးတာလား၊ (မရ, ခင်ကပြုံးတာပါဘုရား) ရ, မှာ သေချာတယ် (သေချာပါတယ်ဘုရား) အင်္ဂုတ္ထိုရ်ပါဠိတော်မှာ ဒီအတိုင်းလာတယ် ….. (မှန်လှပါဘုရား)။

ဒီဘ၀ ၀ိပဿနာအလုပ်နဲ့သာ သေသွား ဒုတိယဘ၀ကိစ္စပြီးပေါ့ကွာ …. (ပြီးပါတယ်ဘုရား) ဟောပြီး ပြီနော် ဦးလှဘူး ……. (ဟောပြီးပါပြီဘုရား) ဟောပြီးတော့ သေချာပြီမဟုတ်လား ….. (သေချာပါပြီဘုရား)။

အဲဒါဘုရားသခင် ကိုယ်တော်မြတ်က တိုက်ရိုက်ဟောတဲ့ တရားဖြစ်လေသောကြောင့် ဒကာဒကာမတွေ အယုံအကြည်သာ ထားလိုက်တော့ ….. (မှန်ပါ့ဘုရား)။

အယုံအကြည်နဲ့သာ နေလိုက်ပါတော့ဆိုတာ သေသေချာချာ ဒကာကြွယ်တို့ကို မှာရတယ် ….. (မှာရပါတယ်ဘုရား)။

အဲဒါဖြင့် ဒကာဒကာမတို့ ကျုပ်တို့ဝိပဿနာအလုပ်သမားတွေ သေလို့ရှိရင် ဘယ်ရောက်မတုံး ….. (နတ်ပြည်ရောက်မှာပါ ဘုရား) သုဂတိနတ်ပြည်ရောက်မယ်၊ ရောက်တော့ ရောက်ရုံပဲလား၊ ရောက်, ရောက်ချင်း အရိယာဖြစ်သလား …. (ရောက်, ရောက်ချင်း အရိယာဖြစ်ပါတယ်ဘုရား) ဒါ - ဘုရားဟောထားပြီး …… (ဟောထားပါပြီဘုရား)။

ဘုရားဟောထားတော့ ဒကာဒကာမတွေ၊ ၀ိပဿနာ လုပ်ပြီးသား ပုဂ္ဂိုလ်တွေက သေခါနီးအခါကာလ ဝေဒနာရှုပြီး သေတော့ သူသည်ကားလို့ ဆိုလို့ရှိရင် သူများလိုပဲ ကြောက်သေလား ကြောက်ရင်မဲ့သေကိုးဗျ။ မဲ့သေဖြစ်မလား၊ပြုံးသေဖြစ်မလား ….. (ပြုံးသေဖြစ်မှာပါဘုရား) သေသေချာချာ ဖြစ်ပေဘေူးလား …… (ဖြစ်ပါတယ်ဘုရား)။

အဲဒါကြောင့် ဒကာဒကာမတို့ မဲ့သေအဖြစ် ဇာတ်သိမ်းလို့ ပြုံးသေအဖြစ်ရောက်အောင် ကြိုးစားပါ …. (မှန်လှပါ) ဦးလှဘူး ဒါ - အရေးမကြီးဘူးလား ….. (အရေးကြီးပါတယ်ဘုရား)။

နို့ - ဒီလမ်းကလဲ လွဲမယ့်လမ်းလား၊ မလွဲမယ့်လမ်းလား ….. (မလွဲမယ့်လမ်းပါဘုရား) ပြုံးတာနဲ့ မဲ့တာ သာကွဲရမယ် သေတော့ သေမှာချည်းပဲ ….. (မှန်လှပါဘုရား) ပြုံးတာနဲ့ မဲ့တာတော့ …. (ကွဲပါတယ်ဘုရား) သေရမှာကတော့ …. (တွေ့ ရမှာပါဘုရား)။

အဲဒါကြောင့် ဒကာဒကာမတို့ သေသေချာချာသာမှတ်ကြပါတော့၊ ၀ိပဿနာအလုပ်ကို ဘယ်အခါကာလမှ မလျှော့ကြနဲ့ …… (မှန်လှပါဘုရား) ၀ိပဿနာအလုပ် လျှော့လို့ရှိရင်ဖြင့် ဒကာဒကာမတို့ မဲ့သေဘက် သွားလို့ရှိရင်ဖြင့် ဒကာဒကာမတို့ မဲ့သေဘက် သွားလို့ရှိရင်ဖြင့် ခုနက ပြိတ္တာဘုံဘက် စုတေစိတ်လှည့်သွားမယ် ….. (လှည့်ပါတယ်ဘုရား) ပြိတ္တာပဋိသန္ဓေဘက် မလှည့်ပေဘူးလား ….. (လှည့်ပါတယ်ဘုရား)။

အဲဒါကြောင့် ခင်ဗျားတို့ ပြောရတယ်၊ သားရေး၊ သမီးရေး၊ စီးပွားရေး ခင်ဗျားတို့ကတော့ စကားထဲပြောကြတယ် ….. (ပြောပါတယ်) ကိုယ်သွားရမယ့်ခရီး သေချာတဲ့ခရီးအတွက်ပြုံးဖို့ရာ အရေးတော့ မလုပ်ဘူး ….. (မလုပ်ပါဘူးဘုရား) ဆိုတော့ ဒကာကြွယ် ဆရာကောင်း သမားကောင်း ဆိုရင်ဖြင့် ဒီဟာ မြည်ရ, တွန်ရမယ်ဗျ ….. (မြည်ရ, တွန်ရမှာပါဘုရား) မြည်တွန်တောက်တီးပြီး သကာလ သေသေချာချာ တိုက်တွန်းရမယ် ….. (မှန်လှပါဘုရား) မတိုက်တွန်းလို့ တော်ပါ့မလား ….. (မတော်ပါဘုရား)။

ခင်ဗျားတို့ဟာ သားရေး၊ သမီးရေး၊ စီးပွားရေး၊ တစ်ဘ၀တစ်နပ်စားလေး၊ လူ့အောက်မကျရေးအတွက် လောက်သာ ကြိုးစားနေတယ်။

ကိုယ်သေချာတဲ့လမ်း၊ မဲ့ပြီး သေပြီးသကာလ နောက်ဘယ်တော့မှ မပေါ်လာတဲ့လမ်းကို သွားဖို့ အလုပ်တော့ ခင်ဗျားတို့ ရဲရဲတင်းတင်း လုပ်နေတယ် …... (လုပ်နေပါတယ်ဘုရား) မဟုတ်ဘူးလား …… (ဟုတ်ပါတယ်ဘုရား)။

ပြုံးပြီးသကာလ သံသရာစခန်းသတ်တဲ့ အသေမျိုးသေအောင်တော့ ဘယ်နှယ့်ကြောင့် ခင်ဗျားတို့ ပေါ့နေပါလိမ့်မလဲဆိုတဲ့  ဥစ္စာပြောရမယ် ….. (ပြောရမှာပါဘုရား) မပြောသင့်ဘူးလား ….. (ပြောသင့်ပါတယ်ဘုရား)၊ ဒါဖြင့် ဒီ - ဒကာဒကာမတွေ ဘုန်းကြီးပြောတာ မှတ်မိလောက်ပြီ ….. (မှတ်မိပါတယ်ဘုရား) ရှင်းပလား ….. (ရှင်းပါတယ်ဘုရား)။

ဒါဖြင့် ဘယ်အခြေအနေရောက်အောင် တို့၊ ကြိုးစားသင့်တယ်ဆိုတာ ဆုံးဖြတ်ချက်ချပါ ….. (မှန်လှပါဘုရား) ပြုံးသေဖြစ်အောင် ….. (ကြိုးစားသင့်ပါတယ်ဘုရား) သဘောကျပလား ….. (ကျပါတယ်ဘုရား)။

ပြုံးသေ၊ သေတဲ့ပုဂ္ဂိုလ်များကျတော့ သေခါနီးကျမှ ဝေဒနာတွေရှုလို့ ဝေဒနာတွေ မုန်းလို့ ဝေဒနာဆုံးသွားတဲ့ ပုဂ္ဂိုလ်များ လက်ယာဘက်စောင်းပြီး သေလေ့ရှိတယ် ….. (မှန်လှပါဘုရား) သွားပြီးသကာလ စောင်းသေနေတဲ့ ပုဂ္ဂိုလ်သွားကြည့်ပြန်တော့လဲ ဒီအပြင် ပုဂ္ဂိုလ်လို မနေပါဘူးတဲ့ ၊ အသားအရေတွေ ကြည်ကြည်ရွှင်ရွှင်နဲ့ပဲ ခပ်ပြုံးပြုံးနဲ့ပဲ၊ သေနေတာ တွေ့ ရတယ်….  (မှန်လှပါဘုရား) သဘောကျပလား …. (ကျပါတယ်ဘုရား) လက်ယာဘက်ခေါင်းကလဲ စောင်းလို့ ….. (မှန်လှပါဘုရား) သွားပြီး ရုပ်ကလာပ်ကို ကြည့်ပြန်တော့လဲ ပြုံးလို့ ….. (ပြုံးလို့ပါဘုရား)။

အင်း …. ဒါက ဘယ်လိုပုဂ္ဂိုလ်မျိုးပါလိမ့်မတုံး ဆိုတာရော သဘောကျပလား၊ (ကျပါတယ်ဘုရား) အင်း…. ၀ိပဿနာနဲ့ ချည်းလာတဲ့ပုဂ္ဂိုလ် ….. (မှန်လှပါဘုရား)။

သားသမီးအပေါ် တစ်နံပါတ် ၀ိပဿနာနဲ့ လာခဲ့သူ ….. (မှန်လှပါ) သားသမီးနဲ့ ပစ္စည်းပေါ် …. (မှန်လှပါ)။

နှစ်နံပါတ် ခန္ဓာကိုယ်ပေါ်ကိုလဲ ၀ိပဿနာနဲ့ လာခဲ့တယ်၊ (မှန်လှပါ)။

သုံးနံပါတ် အမြဲမပြတ်ကုသိုလ်အလုပ်တွေ လုပ်လေ့ရှိတယ် ….. (မှန်လှပါဘုရား)။

လေးနံပါတ်က သေခါနီး ၀ိစိကိစ္ဆာကို ကင်း, သေပစ်လိုက်တယ် …. (မှန်လှပါဘုရား)။

သြော် …. အကြောင်းချုပ်လို့ အကျိုးချုပ်တာပဲလို့ သိလိုက်တယ် ….. (မှန်လှပါ) မသိပေဘူးလား … (သိပါတယ်ဘုရား)။

အဲဒီလို သိတဲ့ပုဂ္ဂိုလ်ကျတော့ ဒကာဒကာမတို့ လက်ယာဘက် ခေါင်းစောင်းပြီး သကာလ သေတဲ့အလောင်းကောင် သွားကြည့်လို့ရှိရင် ပြုံးနေတယ် ….. (မှန်ပါ့ဘုရား)။ သဘောကျပလား …. (ကျပါတယ်ဘုရား) ဘာကြောင့် ပြုံးပါလိမ့်မလဲလို့ မေးဖို့မလိုတော့ဘူး …. (မလိုပါဘုရား)။

အင်း …. ဟိုရမယ့် လာဘ်ကြီးမြင်နေလို့ ….. (မှန်လှပါ) နိဗ္ဗာန်ဆိုတဲ့ လာဘ်ကြီးသော်လည်းကောင်း …. (မှန်လှပါ) သုဂတိဆိုတဲ့ လာဘ်ကြီးသော်လည်းကောင်း ….. (မှန်လှပါ) သုဂတိရောက်ပြန်တော့လည်း သုဂတိ ရောက်မှန်းသိတာက နောက်ကျတယ် ….. (မှန်လှပါ) အင်း ….. သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်ဖြစ်တာက ….. (အရင်ပါဘုရား)။

အရင်ကျတယ်ဆိုတော့ အဲဒါတွေလဲ ကြားဖူးပြီးသကာလ နေတာကတစ်မျိုး ကိုယ့်ကိုယ်ကို စိတ်ချတာကလဲ တစ်မျိုးဆိုတော့ ဦးလှဘူးတို့ ဒကာကြွယ်တို့ ကိုယ့်အတွက် ကိုယ်သိလို့ မပြုံးပေဘူးလား ….. (ပြုံးပါတယ်ဘုရား) သဘောကျပလား ….. (ကျပါတယ်ဘုရား)။

ဒါကြောင့် ဘုန်းကြီးတို့ ဒကာဒကာမတွေကို တိုက်တွန်းရပါတယ်။ ဒကာဒကာမတို့ သေလမ်းဆိုတာဖြင့် ရှိကြတာချည်းပဲ …… (ရှိကြပါတယ်ဘုရား) သေလမ်းဆိုတာ ဘာတုံး ….. (ရှိကြပါတယ်ဘုရား) မည်သူလွတ်ပါ့မလဲ ….. (မလွတ်ပါဘုရား)။

သို့သော် ပြုံးလမ်း မဲ့လမ်းကတော့ နှစ်လမ်းရှိလေရဲ့  ….. ( ရှိပါတယ်ဘုရား) ဘာလမ်းတဲ့ (ပြုံးလမ်းမဲ့လမ်းပါဘုရား) မဲ့လမ်းက အကြောက်သမားလမ်းလေဗျာ …. (မှန်လှပါဘုရား) ပြုံးလမ်းက မကြောက်သမားလမ်း (မှန်လှပါ) အင်း ….. ဒကာသိုက်မှတ်မိပလား (မှတ်မိပါတယ်ဘုရား) မဲ့လမ်းက …. (အကြောက်သမားလမ်း) အင်း ….. ခုနင်က ပြောခဲ့တာကြောင့် ကြောက်တယ် ….. (ကြောက်ပါတယ်ဘုရား)။

အင်း ….. ပြုံးတဲ့ ပုဂ္ဂိုလ်ကတော့ …. (မကြောက်ပါဘူးဘုရား) မကြောက်တဲ့လမ်း သဘောကျပလား ….. (ကျပါတယ်ဘုရား) ဤကဲ့သို့ ဒကာဒကာမတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးတောင်မှ သေသေချာချာတဲ့ ငါတော့ကိစ္စပြီးပါပြီကွာ၊ ငါတော့မှီရာခိုရာ လဲလျောင်းရာဖြစ်တဲ့ နိဗ္ဗာန်မဂ်ဖိုလ်မြို့ ကြီး ငါသေသေချာချာ မြင်လဲမြင်ရပြီး၊ ရောက်လဲ ရောက်ပါပြီဆိုပြီး ဘုရားသခင် ကိုယ်တော်မြတ်ကြီးကတော့ လက်ယာဘက်စောင်းပြီး ပြုံးသေတာပဲ ….. (မှန်လှပါဘုရား) သဘောကျပလား ….. (ကျပါတယ်ဘုရား)။

အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန်တို့လဲ ထို့အတူပဲပေါ့ဗျာ၊ ပြုံးသေချည်းပဲ ….. (မှန်လှပါဘုရား) ဒီ, ပြုံးသေကျေးဇူးပြုတာကဖြင့် ဒကာဒကာမတို့ ၀ိပဿနာမဂ်နဲ့ လောကုတ္တရာမဂ်ပဲ ရှိပါတယ် …… (မှန်လှပါဘုရား) ရှင်းပလား (ရှင်းပါတယ်ဘုရား)။

ဒါဖြင့် ဒကာဒကာမတွေ သေတတ်ကြပလား ….. (သေတတ်ပါပြီဘုရား) အင်း ….. ဘာလုပ်ပြီးသေကြမယ် ….. (၀ိပဿနာအားထုတ်ပြီး သေပါ့မယ်ဘုရား) အေး ….. ယခုက အာစိဏ္ဏကံကိုလဲ လုပ်ပါ။ သေခါနီးလဲ သူနဲ့ပဲ သေလိုက်ပါ ….. (မှန်လှပါပြီဘုရား)။

ဘယ်တော့မှ ဒီ့ပြင်ဟာတွေကို စွဲလမ်းပြီးသကာလကြောင့်ကြဗျာပါရတွေနဲ့ မထားလိုက်ပါနဲ့ ….. (မှန်လှပါဘုရား) ကြောင့်ကြရင် ကြောက်ကြလိမ့်မယ် …. (မှန်လှပါဘုရား) ကြောက်ရင် ပြိတ္တာဖြစ်ရလိမ့်မယ် ….. (ဖြစ်ရမှာပါဘုရား)။

ပြိတ္တာ ဖြစ်တဲ့အခါကျတော့ ခင်ဗျားတို့ ကိုယ့်အိမ်မှာပဲ၊ ဥပမာ ကိုယ့်သေတ္တာထဲမှာ ပိုးဟပ်လာဖြစ်နိုင်တယ်)။

ပြိတ္တာဖြစ်တဲ့အခါကျတော့ ခင်ဗျားတို့ ကိုယ့်အိမ်မှာပဲ၊ ဥပမာ ကိုယ့်သေတ္တာထဲမှာ ပိုးဟပ်လာဖြစ်နိုင်တယ် ….. (မှန်လှပါ) အိမ်မြောင်လာဖြစ်နိုင်တယ် …… (မှန်လှပါ) ခွေး, လာဖြစ်နိုင်တယ် …. (ဖြစ်ပါတယ်ဘုရား)။

အဲဒါတွေ ဖြစ်နိုင်တာတွေ ကြည့်တော့ ဒကာကြွယ်ရေ အိမ်သူအိမ်သားတွေ သားသမီးတွေကလဲ ဒီသေတ္တာထဲမှာ ဒီပိုးဟပ်က သူကိုက်တော့မှာပဲ၊ သူကျင်ကြီး, ကျင်ငယ်စွန့်တော့ မှာပဲဆိုရင် အတင်းမောင်းထုတ်တယ် …… (မှန်လှပါဘုရား) မထုတ်ပေဘူးလား …. (ထုတ်ပါတယ်ဘုရား) အမေရယ် အဖေရယ်လို့ သိသေးရဲ့ လား …. (မသိပါဘုရား)။

အေး ….. ဒါကြောင့် ဒကာဒကာမတွေ အဲဒါ မဲ့သေသမားတွေဟာ ဒီလမ်းချည်းပဲသွားတာပဲ …. (မှန်လှပါဘုရား) ပိုးဟပ်များ ဒီနေရာက နှင်လိုက်တယ်ဆို တော်တော်ကြာ ဒီဖာထဲပြန်ဝင်တာပဲ …. (မှန်လှပါဘုရား) ငါ့ပိုးကိုးဗျ၊ တောင်မြို့  ဆိုတော့ ….. (မှန်လှပါ) ငါ့ပိုးဆိုပြီး ပြန်ဝင်လာတာ …. (မှန်လှပါဘုရား) ရိပ်မိပြီလား …. (ရိပ်မိပါပြီဘုရား) ဒီအထည်သေတ္တာထဲဆို ငါ့အထည်သေတ္တာမို့ သူပြန်ဝင်တာပဲ ….. (မှန်လှပါ) သဘောကျပလား ….. (ကျပါတယ်ဘုရား)။

အဲဒါကြောင့် ဒကာဒကာမတို့ မဲ့သေ သမားက ဒီလမ်းချည်းပဲဆိုတာ ဒကာသိုက်မှတ်ပေတော့ …. (မှန်လှပါဘုရား) ပြုံးသေသမားသည်ကား ဆိုလို့ရှိရင်ဖြင့် ဒီလမ်းကို မဟုတ်ဘူး ….. (မှန်လှပါဘုရား) ဒုက္ခခပ်ငြိမ်းတဲ့ နိဗ္ဗာန်လမ်းချည်းပဲဆိုတာ ကျေနပ်ပလား …..  (ကျေနပ်ပါတယ်ဘုရား)။

ဒါဖြင့် ဒကာဒကာမတို့ တို့တော့ သေရမှာပဲ၊ ပြုံးသေအဖြစ်နဲ့ မရ ရအောင် ကြိုးစားမယ် ….. (မှန်လှပါ) ဘယ်လိုသေကြမယ် ….. (ပြုံးသေအဖြစ် မရ ရအောင် ကြိုးစားရမှာပါဘုရား) ပြုံးသေမရ ရအောင် ကြိုးစားဖို့ အလုပ်က - အချိန်ကလုပ်ပါ ….. (မှန်လှပါဘုရား) ခုအချိန်က ဝေဒနာကို နိုင်အောင် ရှုထားတော့ သေခါနီးကျတော့ ဘယ်ဝေဒနာလာမှာတုံး ဆိုတော့ ဒီဝေဒနာပဲလာမယ် ….. (မှန်လှပါဘုရား)။

အခုအခါမှာ ဒုက္ခဝေဒနာနိုင်အောင် ရှုနိုင်တဲ့ပုဂ္ဂိုလ်သေခါနီးလဲ ဒီဒုက္ခဝေဒနာက ထူးထူးလည်လည် ဒုက္ခတစ်မျိုး လာမှာလား ၊ ဒီဒုက္ခဝေဒနာပဲ လာမှာပါဘုရား) ရှင်တုန်းက ပေါ်တာလဲ ဒုက္ခဝေဒနာဖြစ်ပျက်ပဲ …… (မှန်လှပါဘုရား)။

တစ်မှာဖြစ်။ နှစ်မှာပျက် ….. (မှန်လှပါ)။

သေခါနီးပေါ်တဲ့ ဒုက္ခဝေဒနာရော၊ (တစ်မှာဖြစ် နှစ်မှာပျက်ပါဘုရား)။

သူ, ဝေဒနာချင်း ထူးသေးရဲ့ လား ….. (မထူးပါဘုရား) အဲဒါမထူးအောင် လုပ်ပြီးသကာလ အင်း ….. သူလဲ အနိစ္စနဲ့ အနတ္တပဲ ရှင်တုန်းဟာလဲ အင်း … သေခါနီး ပေါ်လာတာရော အနိစ္စနဲ့ ….. (အနတ္တပါဘုရား)။

ဒါဖြင့် အနိစ္စနဲ့ အနတ္တပဲလို့ ကိုယ်က သိနေတော့ အနိစ္စနဲ့အနတ္တက အနိစ္စနဲ့အနတ္တ ထားလိုက်ပါတော့၊  သိတာက မဂ္ဂဖြစ်သွားတယ်၊ ဖြစ်သွားတော့ ပဋိစ္စသမုပ္ပါဒ်က ဘယ်နှယ့်နေသလဲ …… (ပြတ်ပါတယ်ဘုရား)။

မဂ်လာတယ် ဆိုကတည်းက ဝေဒနာနိရောဓာ တဏှာ နိရောဓော ဆိုတဲ့မဂ်ပေါ်တာ …… (ပေါ်ပါတယ်ဘုရား) ဝေဒနာချုပ်တာ မြင်တာနဲ့ ဘာပေါ်လာလဲ ….. (မဂ်ပေါ်ပါတယ်ဘုရား)။

တဏှာနိရောဓောဆိုတော့ ဘယ်သူပေါ်လာသလဲ …… (မဂ်ပေါ်ပါတယ်) အဲ ….. တဏှာနိရောဓောဆိုတဲ့ မဂ်ပေါ်တာဟာ ဘာမြင်လို့ပါလိမ့် …… (ဝေဒနာချုပ်တာ မြင်လို့ပါဘုရား) အဲ …… ဝေဒနာလေးတွေ၏ ချုပ်တာ ပျက်တာ မြင်တာနဲ့ ဘာပေါ်လာလဲ ….. (မဂ်ပေါ်ပါတယ်ဘုရား) ဒီမဂ်ကို ဘယ်လိုဆိုကြပေါ့ …… (တဏှာနိရောဓောလို့ ဆိုပါတယ်ဘုရား) တဏှာနိရောဓော၊ ရှင်းပလား ….. (ရှင်းပါတယ်ဘုရား)။

အင်း ….. ဒါဖြင့် ဝေဒနာချုပ်တာ မြင်တာက မဂ် (မဂ်ပါဘုရား) အဲဒီမဂ်ကို  စာလိုရွတ်ရင် ဘယ်လိုရွတ်ကြပါ့ …… (တဏှာနိရောဓောလို့ ရွတ်မှာပါဘုရား)။

တဏှာနိရောဓောဖြစ်တယ်၊ သြော် ….. တဏှာနိရောဓော ဆိုတာ တဏှာချုပ်သွားသလား အောက်မေ့တယ်၊ ဘယ်ဟုတ်မတုန်း တို့ မဂ်ပေါ်တာဆို ….. (မှန်လှပါ) ဒါ သေသေချာချာ မှတ်စမ်းပါဦး ….. (မှန်လှပါဘုရား) ဒါအရေးကြီးလို့ ပြောနေတယ် ဒကာဒကာမတို့ …… (မှန်လှပါ)။

ဝေဒနာချုပ်တာ မြင်တာက မဂ်မဟုတ်လား …… (မဂ်ပါဘုရား) အဲဒီမဂ်ကို ဘာဆိုကြမလဲ …… (တဏှာနိရောဓော) သြော် …. တဏှာနိရောဓောဆိုတော့ တို့က တဏှာကြီးများ ချုပ်သွားတယ် အောက်မေ့တယ် …… (မှန်လှပါ) ဘယ် ….. တဏှာ, လာမှ မလာပဲ ….. (မလာပါဘုရား) ဘယ်သူလာပါလိမ့် ….. (မဂ်, လာပါတယ်ဘုရား)။

ဒါဖြင့် မဂ် လာတာကို မဂ်ကို တဏှာနိရောဓောဆိုတာ ဒကာကြွယ်ရ ….. (မှန်လှပါဘုရား) သဘောကျပလား - (ကျပါတယ်ဘုရား) ဦးလှဘူးရော ကျေနပ်ပလား …… (ကျေနပ်ပါတယ်ဘုရား)။

တဏှာနိရောဓောဆိုတာ ဘယ်သူပေါ်တာဆိုတာ ….. (မဂ်ပေါ်တာဆိုတာပါဘုရား) အင်း ….. ဖြစ်ပျက်ရှုတဲ့ မဂ်ပေါ်တာကိုဆိုတာ …. (မှန်လှပါဘုရား)။

ဖြစ်ပျက်မုန်းတဲ့ မဂ်ပေါ်တာကို ဆိုတာ …… (မှန်လှပါ) ဖြစ်ပျက်အဆုံး နိဗ္ဗာန်မြင်တဲ့ မဂ်ပေါ်တာကိုဆိုတာ၊ ရှင်းပလား (ရှင်းပါတယ်ဘုရား)။

အင်း ….. တဏှာနိရောဓောဆိုတော့ တဏှာနိရောဓာ၊ တဏှာနိရောဓာ …… (ဥပါဒါန နိရောဓော) အေး ….. မမှားစေနဲ့၊ ဥပါဒါန နိရောဓာ …… (ဘ၀နိရောဓော) ဘ၀နိရောဓာ …… (ဇာတိနိရောဓော) အင်း ….. ဇာတိမလာဘူးဆိုပါလား …… (မလာပါဘုရား) ဇာတိနိရောဓာ …… (ဇရာ, မရဏနိရောဓော) ဇရာ, မရဏတွေလဲ မလာတော့ဘူး (မှန်လှပါ)။

အင်း ….. ဒါ, နိဗ္ဗာန်မဟုတ်လား ….. (ဟုတ်ပါတယ်ဘုရား) ဇာတိ-ဇာရာ- မရဏတို့၏ ချုပ်ရာ ငြိမ်းရာ သိမ်းရာ ဘာတုန်း - (နိဗ္ဗာန်ပါဘုရား) အင်း ….. ဒါမဂ်ပေါ်လို့ ………… (မှန်လှပါ) မဂ်မပေါ်ရင် ဒါတွေသိမ်းပါ့မလား၊ (မသိမ်းပါဘုရား)။ (မှန်လှပါဘုရား) မဂ်ပေါ်လို့ ဒါတွေ သိမ်းသွားတာ

အေး ….. ဒါဖြင့် ဒကာဒကာမတို့ တို့အလုပ်သည်ကားလို့ ဆိုရင်ဖြင့် နောက်ခန္ဓာဇာတ်သိမ်း၍ နောက်ဒုက္ခ ဇာတ်သိမ်း၍ ငြိမ်းတဲ့အလုပ်ဟာ ပြုံးသေမှပဲ ငြိမ်းနိုင်တယ် - (မှန်လှပါ) ပြုံးသေအလုပ် မလုပ်လို့ဆိုရင်ဖြင့် ……. (မငြိမ်းနိုင်ပါဘူးဘုရား) မငြိမ်းနိုင်ပါဘူး၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါန၊ ဥပါဒါန ပစ္စယာ ကမ္မဘဝေါ၊ ကမ္မဘ၀ ပစ္စယာ …… (ဇာတိပါဘုရား)။

အင်း ….. ပြိတ္တာ ဇာတိလေဗျာ၊  (မှန်လှပါဘုရား) ဇာတိ ပစ္စယာ …… (ဇရာ မရဏပါဘုရား) ဇရာမရဏ ပေါ်လာလို့ရှိရင်ဖြင့် သောကပရိဒေ၀ ဒုက္ခဒေါမနသ မလိုက်ပေဘူးလား …. (လိုက်ပါတယ်ဘုရား)။

အဲဒီထဲ အာသ၀ ပါလာတယ် …… (မှန်လှပါ) အာသ၀ သမုဒယာ (အ၀ိဇ္ဇာသမုဒယောပါဘုရား) အ၀ိဇ္ဇာသမုဒယောဆိုတော့ ပဋိစ္စသမုပ္ပါဒ် ပြန်စ တယ် ……. (စ ပါတယ်ဘုရား)။

အင်း …… ဒကာကြွယ်ရေ …… ၀ိုင်းပြန်ပြီ - (၀ိုင်းပါတယ်ဘုရား) အဲဒါ့ မဲ့သေသမားက အ၀ိုင်းပြေး (မှန်လှပါဘုရား) သဘောကျပလား …… (ကျပါတယ်ဘုရား)။

ပြုံးသေသမားက အဆက်ပြတ် ….. (မှန်လှပါ) ဘာအဆက်ပြတ်ပါလိမ့်မတုံးလို့ မေးရင် ဒုက္ခအဆက်ပြတ်တာ ….. (မှန်လှပါဘုရား) နားလည်ကြပလား ….. (နားလည်ပါပြီ ဘုရား)။

ဒါဖြင့် ဒကာဒကာမတို့သည် ဘယ်အသေသည်ကားလို့ ဆိုရင်ဖြင့် သေတော့သေရမှာပဲ မလွတ်နိုင်တဲ့ လမ်းကိုး ……. (မှန်လှပါဘုရား) ကဲ ….. ဒါဖြင့် ဒကာဒကာမတို့ ဘယ်အသေသည် တို့သည်ကားလို့ ဆိုလို့ရှိရင် ကိုယ်ပိုင်လုပ်ထားဖို့ အရေးကြီးပါလိမ့် (ပြုံးသေသေဖို့ အရေးကြီးပါတယ်ဘုရား) ပြုံးသေ သေဖို့ အလုပ်ကို လုပ်ထားရမယ် …… (မှန်လှပါဘုရား)။

ပြုံးသေ သေဖို့ လုပ်ထားမယ်ဆိုရင် အခုကတည်းက သားသမီးနဲ့ ပစ္စည်းကိုလဲ ၀ိပဿနာတင် …… (မှန်လှပါဘုရား) အတုံးကြီး လုပ်မနေနဲ့ ဖြစ်ပျက်တွ မြင်အောင်လုပ် (မှန်လှပါဘုရား) မိမိခန္ဓာကိုယ်လဲ ….. (ဖြစ်ပျက်ရှုရမှာပါဘုရား) သဘောကျပလား ….. (ကျပါတယ်ဘုရား)။

နေ့တိုင်းလဲ ဘာလုပ်ရမယ် …… (ဖြစ်ပျက်ရှုရမှာ ဘုရား) ဖြစ်ပျက်ကုသိုလ်တွေနဲ့ပဲ နေရမယ်ပေါ့ဗျာ ….. (မှန်လှပါဘုရား) သေခါနီးကျတော့ ဝေဒနာဖြစ်ပျက်ရှုပြီး ……….. (မှန်လှပါ)။ (သေရမှာပါဘုရား) သေရလိမ့်မယ်

ဤလေးချက်နဲ့ ညီအောင် နေနိုင်တဲ့ပုဂ္ဂိုလ်သည် နက်ဖြန်ဆုလာဘ်ကြီး ရမှာလိုပဲ ….. (မှန်လှပါ) သေချာသောကြောင့် ပြုံးရတယ် ….. (ပြုံးရပါတယ်ဘုရား)။

အဲဒီတော့ ဒကာဒကာမတွေ လူသေကောင်မြင်တာနဲ့ပဲ အပါယ်သွားတဲ့ ပုဂ္ဂိုလ်၊ သုဂတိ နိဗ္ဗာန်သွားတဲ့ ပုဂ္ဂိုလ်ဆိုတာ ခင်ဗျားတို့ ခွဲနိုင်ပါတယ် …… (ခွဲနိုင်ပါတယ်ဘုရား) မခွဲနိုင်ဘူးလား ….. (ခွဲနိုင်ပါတယ်ဘုရား)။

လူသေကောင် မြင်လိုက်လို့ရှိရင် ဘယ်လိုခွဲနိုင်ကြမလဲ …… (သုဂတိ နိဗ္ဗာန်သွားမယ့် ပုဂ္ဂိုလ်ဟုတ် မဟုတ် ခွဲနိုင်ပါတယ်ဘုရား) သုဂတိ နိဗ္ဗာန်သွားမယ့် ပုဂ္ဂိုလ်က ပြုံးနေတယ် …… (ပြုံးနေပါတယ်ဘုရား) ရှင်းပလား …… (ရှင်းပါတယ်ဘုရာုး)။

အပ္ပါယ်လေးပါး သွားမယ့်ပုဂ္ဂိုလ်က …… (မဲ့နေပါတယ်ဘုရား) အဲ …… မဲ့ပြီးသကာလ လူသေကောင်ကိုက ပြတယ် …… (မှန်လှပါဘုရား) သူများက ပြတာလား ……. (မဟုတ်ပါဘူးဘုရား) အသေကောင်ကိုက ပြတယ် …… (ပြပါတယ်ဘုရား)။

အဲဒီတော့ သေခါနီးမှ အရှက်တကွဲ အကျိုးနည်းနဲ့ ဒကာကြွယ်တို့၊ ဒကာသိုက်တို့၊ ဦးလှဘူးတို့ လူကြီးလူကောင်းတွေကွာ သေခါနီးမှ မဲ့နေသဟေ့ …..အလောင်းကြည့်ရတာ …… (မှန်လှပါ) အဲဒီလို အရှက်ကွဲလိုက်မှာများ သိပ်ကြောက်စရာ ကောင်းတယ် - (ကြောက်စရာကောင်းပါတယ်ဘုရား) သဘောကျပလား …… (ကျပါတယ်ဘုရား)။

အဲဒီကျမှ အရှက်ကွဲတော့ ကိုယ့်ဟာကိုယ်ရော ပြန်ဆည်နိုင်သေးရဲ့လား ….... (မဆည်နိုင်ပါဘူးဘုရား) အခုတော့ ဖုံးကာ ဖိကာလေးနဲ့ ကျုပ်ပြောတာဗျာ မှားတော့မှားသွားတယ် သတိလေး လွတ်လို့ပါဆိုတော့ ဖုံးလို့ရသေးတယ် ….. (ရပါတယ်ဘုရား)။

ဟိုအချိန်ကျတော့ ရပါ့မလား …… (မရပါဘုရား) အဲဒါကြောင့် သေခါနီး အရှက်တကွဲ အကျိုးနည်းနဲ့ မဲ့သေပုံသဏ္ဍာန်ကြီးများ ထွက်နေမယ်ဆိုရင် ကိုယ့်ကျိုး ဒီထက့်နည်းတာ မရှိပါဘူး ….. (မရှိပါဘုရား) ရှိသေးရဲ့ လား ….. (မရှိပါဘူးဘုရားး)။

ဒါဖြင့် ဒကာဒကာမတို့ ရှင်တုန်းကတည်းက သေခါနီး အရှက်ကွဲတဲ့ အလုပ်ကို ကြောက်ပြီးသကာလ ဒီအလုပ်နဲ့ပဲ နေတော့မယ်၊ ဒါမှ သေခါနီး အရှက်ကွဲ လွတ်ပြီးသကာလ ပြုံးသေအဖြစ်သို့ရောက်ပြီး လူ, နတ် ဦးခိုက် ပူဇော်ထိုက်တဲ့ အရိုးက ဓာတ်တော်ကျအောင်လုပ်ပါ ….. (မှန်လှပါဘုရား) မလုပ်ထိုက်ဘူးလား …. (လုပ်ထိုက်ပါတယ်ဘုရား) သဘောပါပလား (ပါ ပါတယ်ဘုရား)။

ဒါဖြင့် ဒကာဒကာမတို့ ပြုံးသေဇာတ်သည် ၀ိပဿနာမှပဲ ခင်းနိုင်တယ် ….. (မှန်လှပါဘုရား) ပြုံးသေဇာတ်ကို ဘာမှခင်းနိုင်သတုံး ….. (၀ိပဿနာမှ ခင်းနိုင်ပါတယ်ဘုရား) ၀ိပဿနာနဲ့ပဲ ကိစ္စပြီးတော့တယ် ….. (မှန်လှပါဘုရား)။

ဒီ့ပြင်ဟာတွေကတော့ ဝေဒနာရှိနေတယ်ဆိုလို့ ရှိရင်ဖြင့် ကျောင်းကန်ဘုရားတွေ ဆောက်ထားသော်ငြားလဲ အင်း ….. ဒီဝေဒနာ ပြင်းထန်လေလေ အင်း …… ဦးလှဘူးတို့၊ ဒကာကြွယ်တို့၊ ဒကာသိုက်တို့ ဟိုဟာတွေ သတိမရလေလေ ….. (မှန်လှပါဘုရား)။

အခုဟာကတော့ ဝေဒနာနဲ့ ဥာဏ်နဲ့က ကပ်မနေဘူးလား ……. (ကပ်နေပါတယ်ဘုရား) အဲ ….. ကပ်နေတဲ့ အခါကျတော့ ဝေဒနာဘယ်လိုပင် ဆက်နေစေကာမူ ကျုပ်တို့က ဝေဒနာကြား ဥာဏ်ထိုးရမယ် …. (မှန်လှပါဘုရား) ရိပ်မိပလား ….. (ရိပ်မိပါပြီဘုရား)။

ဝေဒနာကြား ဉာဏ်ထိုးရမယ် …… (မှန်လှပါ) ဝေဒနာတစ်ခုနဲ့ တစ်ခုကြား ဘာထိုးရမလဲ …… (ညာဏ်ထိုးရပါမယ်ဘုရား)

ဉာဏ်ထိုးတဲ့အခါကျတော့ဖြင့် အင်း …… ဝေဒနာက အပျက်, ထိုးလိုက်တဲ့ဉာဏ်က မဂ် …… (မဂ်ပါဘုရား) နောက်တစ်ခါ ထိုးလိုက်ပြန်တော့ ဝေဒနာက အပျက်၊ ထိုးလိုက်တဲ့ ဉာဏ်က …… (မဂ်ပါဘုရား)။

အဲဒီလို ဝေဒနာအပျက်နဲ့ ဉာဏ်မဂ်နဲ့နောက်က ဆက် ဆက်သွားလို့ရှိရင် ဝေဒနာဟာ တစ်စပ်တည်း ဖြစ်နေတယ်လို့ ထုံးစံမရှိဘူး ….. (မှန်လှပါဘုရား) ဖြစ်ပျက်သာ ရှိတယ်ဆိုတာ သဘောကျပလား …… (ကျပါတယ်ဘုရား)။

ဒါဖြင့် ဝေဒနာဟာ တစ်တန်းကြီးနေသလား၊ ဖြစ်ပျက်သဘောနဲ့နေသလား ……. (ဖြစ်ပျက်သဘောနဲ့ နေပါတယ်ဘုရား) အဲဒီဖြစ်ပျက်သဘောနဲ့နေတော့ ဒီကြား ကျုပ်တို့က ဉာဏ်ထိုးပေါ့ဗျာ ….. (မှန်လှပါဘုရား) ဉာဏ်ထိုးလိုက်တော့ အပျက်နဲ့ မဂ်နဲ့ဟာ ဆက်မသွားဘူးလား၊ (ဆက်သွားပါတယ်ဘုရား) အပျက်နောက်မမဂ်၊ လိုက်မနေဘူးလား၊ (လိုက်နေပါတယ်ဘုရား) အပျက်နောက်က မဂ်လိုက်နေတော့ အပျက်ချည်းပဲ မြင်လာမှာပဲ၊ (မှန်လှပါဘုရား)။

နာသေး၊ ကျင်သေး၊ ကိုက်သေးရဲ့ လား၊ (မကိုက်ပါဘုရား) အဲ - မကိုက်တဲ့အခါ ကျလို့ရှိရင်ဖြင့် အင်း - အပျက်နဲ့ မဂ် ကိုက်သွားရော …… (မှန်လှပါ) နောက်ကျတော့ သေခါနီးပဲ၊ ဒီဥစ္စာ ဒီအပျက်ကြီးဖြင့် မုန်းပါပေါ့ဆိုတာ မလာဘူးလား၊ (လာပါတယ်ဘုရား) အေး …. ဝေဒနာလေး ဖြစ်နေတယ်ဗျာ၊ အပျက်ချည်းပဲ ဖြစ်နေတော့ မမုန်းပေဘူးလား၊ (မုန်းပါတယ်ဘုရား)။

အင်း၊ သူမရှိမှသာ အေးမှာပဲ၊ သက်သက်ဒုက္ခသစ္စာ အစစ်ပဲလို့လဲ ဆုံးဖြတ်ချက်ချပါရော ဝေဒနာ ဆုံးသွားတယ်၊ (ဆုံးပါတယ်) ဝေဒနာဆုံးတယ်လို့ ရှိရင်ဖြင့် ဒကာဒကာမတို့ နိဗ္ဗာန် ပေါ်လာတယ် (နိဗ္ဗာန်ပေါ်ပါတယ်ဘုရား)။

ဝေဒနာဆုံးပါတယ်ဆိုတော့ ဝေဒနာနဲ့တကွ ခန္ဓာငါးပါးဆုံးတယ် ….. (ဆုံးပါတယ်ဘုရား) ဆုံးသွားတော့ ဒီနေရာ ဘယ်သူပေါ်လာ …… (နိဗ္ဗာန်ပေါ်လာပါတယ်ဘုရား)။

ဟာ ….. ဒါဖြင့် နိဗ္ဗာန်အာရုံပြုပြီးသကာလ ဒကာဒကာမတွေအင်း ….. မဂ်ဆိုက်ပြီး သေမသွားရပေဘူးလား ….. (သေသွားရပါတယ်ဘုရား) သေသွားတော့ သေသည်၏ အခြားမဲ့၌ ဒကာဒကာမတို့ အင်း …… ၀ဋ်ကျွတ်ပြီဆိုပြီးသေတဲ့ ပုဂ္ဂိုလ် …… (မှန်လှပါဘုရား)။

ခန္ဓာဝန်ကြီးထမ်းလာခဲ့ရတာ ကြာပေါ့ …… (ကြာပါပြီဘုရား) အင်း ….. ဒီတစ်ခါဖြင့် ခန္ဓာဝန် ခန္ဓာကျွန်အဖြစ်မှ လွတ်ပေပေါ့ဆိုပြီးတော့ မပြုံးပေဘူးလား၊ ပြုံးမလား …… (ပြုံးမှာပါဘုရား)။

အဲဒီလို ပြုံးသေတဲ့ ပုဂ္ဂိုလ်မှသာလျှင် အရှက်တကွဲ အကျိုးနည်းမသာ, မဖြစ်မှာ …… (မှန်လှပါဘုရား) နို့မို့လို့ရှိရင်ဖြင့် အခုလို တရားနာထားတဲ့ ပုဂ္ဂိုလ်တွေက ဘယ်ပုဂ္ဂိုလ်မဆို သွားကြည့်ကြမှာပဲ၊ တရားနာမိတ်ဆွေတွေထဲက တစ်ယောက်ယောက်သေလို့ရှိရင် …… (မှန်လှပါဘုရား)။

ငါ့လူ ဘယ့်နှယ်တုံး၊ ပြုံးသလား မဲ့သလားဆိုတာ လူတိုင်းအကဲခတ်မှာ - (ခတ်မှာပါဘုရား) မခတ်ပေဘူးလား ….. (ခတ်မှာပါဘုရား)။

အဲဒီတော့ ခတ်လိုက်တဲ့အခါကျတော့ ဥပမာ …… လူကြီးလူကောင်းတွေဖြစ်ပြန်, မဲ့လဲ နေပြန်ဆိုတော့ အင်း …. သနားစရာဆိုတဲ့ အဓိပ္ပာယ် ထွက်လာလိမ့်မယ် ….. (မှန်လှပါဘုရား) မထွက်ပေဘူးလား …… (ထွက်မှာပါဘုရား)။

အဲဒါကြောင့် ဒကာဒကာမတို့ ကိုယ်လူကြီးလူကောင်းတွေလဲ ဖြစ်ကုန်ပြီ၊ ဆရာကောင်း တပည့်တွေလဲ ဖြစ်ကုန်ပြီ၊ ဒီအထဲကမှ မဲ့သေအဖြစ်ဖြင့် ဇာတ်သိမ်းတော့မယ်ဆိုရင် အရှက်တကွဲ အကျိုးနည်းတော့မယ်။

ပြုံးသေမယ်ဟဲ့ …… ဆိုတာ၊ ဆုံးဖြတ်ချက်ချပါ …… (မှန်လှပါဘုရား)။

 

ကိုင်း …… ယနေ့ ……ဒီတွင် တော်ကြစို့။

သာဓု…… သာဓု ……. သာဓု ။