Get Adobe Flash player

ဟိုဘ၀ ဒီဘ၀၊ ဆုမတောင်းပါနဲ့ (အနာထပိဏ်သူဌေးကြီး)

ကျေးဇူးတော်ရှင် - အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မိုးကုတ်မြို့ ၌ ဟောကြားသော တရားတော်

ဟိုဘ၀ ဒီဘ၀၊ ဆုမတောင်းပါနဲ့

(အနာထပိဏ်သူဌေးကြီး)

ဟောကြားသည့်နေ့ (၄-၅-၆၂)

အနာထပိဏ်သူဌေးကြီး

အနာထပိဏ်သူဌေးကြီးဆိုတာ အားလုံးကြားဖူးကြတယ်၊ ဘုရား၏ ကျောင်းဒကာကြီးလို့ မှတ်ထားလိုက်တာပေါ့၊ အဲဒီ ဘုရားကျောင်းဒကာကြီးဟာ တစ်နေ့ကို ကျောင်းတစ်ခေါက် နှစ်ခေါက် သုံးခေါက်သွားလေ့ရှိတယ်၊ သွားတဲ့အခါမှာလည်း အလကားမသွားဘူး၊ မနက်သွားလို့ရှိရင် စောစောကြီး သွားလို့ရှိရင် ယာဂုတွေ ဘာတွေဆွဲသွားတယ်၊ ကိုရင်တွေ တွေ့ရင် ကိုရင်တွေ၊ မမာတဲ့ ရဟန်းတွေတွေ့ရင် မမာတဲ့ရဟန်းတွေ လှူဒါန်းရအောင်၊ နေ့လယ်သွားလို့ရှိလည်း ပန်းတို့ ဖယောင်းတိုင်တို့ယူပြီး သွားလေ့ရှိတယ်၊ ညသွားမယ်ဆိုတော့ စတုမဓူတို့၊ သကာတို့၊ ပျားရည်တို့ ညမှာ ရဟန်းတော်များ သုံးဆောင်ကောင်းတာတွေ ယူပြီးသကာလ သွားလေ့ရှိတယ်။

ဒီလို ချည်းသွားနေတာ ဦးအောင်ဇံဝေ သုံးဆယ်နဲ့ရှစ်နှစ်လောက်သွားနေတယ်၊ နည်းတဲ့ အလှူအတန်း မဟုတ်ဘူးနော် …. (မှန်ပါ့)။

ဒါနကောင်းကြောင်းတရား

အဲဒီ အလှူအတန်းတွေ သူ နေ့တိုင်းလိုလိုပဲ လုပ်နေတယ်၊ နေ့တိုင်းလည်း သံဃာငါးရာ အိမ်မှာ ဆွမ်းကျွေးလို့နေတာပဲ။

နေပင်နေငြားသော်လည်း ဘုရာနဲ့တွေ့ရင် သူ့ကို တရားဟောတာပဲ၊ ဒကာကြီး ….. ဒကာကြီးလှူတဲ့ ဒါနတွေဟာ ငါဘုရားလည်း လုပ်ခဲ့တာပဲ၊ ငါဘုရားလမ်းစဉ်ကို ဒကာကြီးလိုက်နေတာ ကောင်းတယ် …. ကောင်းတယ်၊ မောင်အောင်ချီ ဒါမျိုးတွေ ဟောနေတယ် ….. (မှန်ပါ့)။

ရှင်သာရိပုတ္တရာတို့၊ ရှင်မောဂ္ဂလာန်တို့ရဲ့  ကျောင်းကိုဝင်လိုက်ပြန်လည်း ဟာ …. ဒကာကြီးက ဒါနတွေ လုပ်နေတာ သိပ်ကျေးဇူးများတာပဲ၊ မောင်အောင်မြ ရေ ….. ဒါန ကောင်းကြောင်း ဟောပစ်လိုက်တယ် ….. (မှန်ပါ့)။

မမာမကျန်းဖြစ်တယ်

ဒီလိုနဲ့ပဲ အချိန်တွေကုန်ပြီး သကာလ လာခဲ့တယ်၊ နောက်နှစ်ပေါင်းသုံးဆယ့်ရှစ်နှစ်ကျလာတော့ ဦးအောင်ဇံဝေ အနာထပိဏ်သူဌေးကြီး မမာဘူး၊ မမာတော့ သူ့စိတ်မှာလည်း အင်း ဒီဝေဒနာကတော့ဖြင့် ဒီတောင်က တက်နိုင်ပုံမရပါဘူးဆိုပြီး သူ့အခိုင်းအစေတစ်ယောက်ကို ခေါ်ပြီးတော့ ဘုရားဆီလွှတ်လိုက်ပါတယ်၊ ကွာ …. ဘုရားကိုလျှောက်ပါ၊ နောက်ရှင်သာရိပုတ္တရာတို့ အခန်းကိုလည်း ၀င်လိုက်ကွာ၊ ၀င်ပြီးသကာလ အနာထပိဏ်သူဌေးကြီးဖြင့် မမာဘူးဘုရာ့၊ အိမ်လည်းကြွပေးပါ၊ အဲဒါ …. ရှင်သာရိပုတ္တရာကိုတော့ အိမ်ကြွဖို့လျှောက်ခဲ့ပါဆိုပြီးသကာလ သင်ကြားလွှတ်လိုက်တော့ သွားတဲ့ပုဂ္ဂိုလ်က သွားတာပေါ့လေ၊ သွားတဲ့အခါကျတော့ ဘုရားဆီဝတ်ချပြီ ခုနင်က ပြောတဲ့အတိုင်း အနာထပိဏ်သူဌေးကြီး မမာကြောင်း လျှောက်ခဲ့တာပဲ၊ ရှင်သာရိပုတ္တရာရဲ့  အခန်းဝင်ပြီးတော့ အရှင်ဘုရားများဘုရား သူဌေးကြီး မမာလို့ အိမ်ကြွပေးပါဦးဆိုတော့ ရှင်သာရိပုတ္တရာက သင်္ကန်းကလေး ဘာကလေးပြင်ဝတ်၊ ငါတစ်ယောက်တည်းသွားလို့ကတော့ မကောင်းပါဘူး၊ ညီတော် အာနန္ဒာကိုလည်း ခေါ်ဦးမှပဲဆိုပြီး ညီတော် အာနန္ဒာနဲ့ ရှင်သာရိပုတ္တရာနဲ့ နှစ်ပါး အနာထပိဏ်သူဌေးကြီးအိမ်ကို ကြွကြတယ်။

ရှင်သာရိပုတ္တရာ ကြွလာတယ်

ကြွကြတဲ့အခါကျတော့ ဒကာကြီး …. ဘယ့်နှယ့်နေသတုံး ဝေဒနာ၊ ဝေဒနာဟာ ရှေ့ သာ တိုးပါ တယ်ဘုရား ….. နောက်ဆုတ်တယ်လို့ မရှိပါဘူး၊ ခေါင်းကိုက်လိုက်တာလည်း လွန်လို့၊ ၀မ်းထဲက ပူလိုက်တာလည်း လွန်လို့ အမျိုးမျိုး ဥပမာတွေနဲ့ သူပြောတယ်၊ ရှင်သာရိပုတ္တရာက အကဲခတ်တယ်၊ ဘယ်လိုအကဲခတ်သတုံး ဆိုတော့ သြော် …. ဒီဝေဒနာကဖြင့် သေမည့် ဝေဒနာပဲ၊ သေမည့်ဝေဒနာကို ဒီ့ပြင် စကားတွေ အားမလျှော့နဲ့ ဘာနဲ့ပြောနေဖို့ရာလည်း ဒီအလုံးတွေဟာ အပိုပါပဲ၊ တရားကိုပြောတာ အကောင်းဆုံးပဲလို့ ဦးအောင်ဇံဝေ ဆုံးဖြတ်ချက်ချလိုက်တာ …. (မှန်ပါ့)။

ဘာပြောတာ အကောင်းဆုံးလဲ ….. (တရားပြောတာအကောင်းဆုံပါဘုရား)၊ တရားပြောတာ အကောင်းဆုံးပဲလို့ ဆုံးဖြတ်ချက်ချလိုက်တယ် ….. (မှန်ပါ့)။

မြင်စိတ်ကိုမစွဲလို့ရှိရင

ဒါနဲ့ ဒကာကြီး ကျုပ်တရားဟောမယ် နားထောင်စမ်းပါဆိုတော့မှ ဦးအောင်ဇံဝေတို့၊ မောင်အောင်ချီတို့၊ အုန်းကြည်တို့ကို ဘုန်းကြီးသင်ထားတဲ့ တရားကို ဟောတယ် ….. (မှန်ပါ့)။

ပါဠိတော်က …..

“ န စက္ခု ၀ိညာဏံ ဥပါဒိယိဿာမိ၊ နစ မေ စက္ခုဝိညာဏ နိဿိတံ ၀ိညာဏံ ဘ၀ိဿတီတိ ဧ၀ံ

ဟိ တေ ဂဟပတိ သိက္ခိတဗ္ဗံ ။ ”

ဒကာကြီး …… တဲ့ ၊ မြင်စိတ်ကို မစွဲလို့ရှိရင် မြင်စိတ်ကြောင့် နောက်ခန္ဓာမလာပါဘူးတဲ့၊ နောက်မြင်စိတ်နဲ့ တွဲမည့်ခန္ဓာမလာဘူးတဲ့၊ ရှင်းကြပလား …. (ရှင်းပါပြီဘုရား)။

မြင်စိတ်ကိုမစွဲရင် …. (နောက်ခန္ဓာ မလာပါဘုရား)၊ နောက်ခန္ဓာမြင်စိတ်နဲ့ တွဲလာမည့်ခန္ဓာ လာသေးရဲ့ လား …. (မလာပါဘုရား)။

ကြားစိတ်ကို မစွဲရင်

ကြားစိတ်ကိုမစွဲလို့ရှိရင် ဒကာကြီး …. တဲ့၊ နောက်ကြားစိတ်နဲ့တကွ ဖြစ်မည့် ခန္ဓာမလာပါဘူးတဲ့ ဆိုတော့ စက္ခုဝိညာဏ်၊ သောတ၀ိညာဏ်ပြီးတော့ နံစိတ်ကိုဟောလိုက်တယ်၊ နံစိတ်ကို မစွဲလမ်းလို့ရှိရင်ဖြင့် နံစိတ်နဲ့ ပတ်သက်တဲ့ဝိညာဏ်နောက် မလာပါဘူး စားစိတ်ကို မစွဲလမ်းလို့ရှိရင် စားတဲ့အခါ လျှာပေါ်မှာ စိတ်ကလေးပေါ်တယ်၊ အဲဒီစိတ်ကလေးကို မစွဲလမ်းလို့ရှိရင် စားစိတ်နဲ့ ပတ်သက်တဲ့ နောက်ခန္ဓာ ၀ိညာဏ်မလာပါဘူး၊ ယားစိတ် ယံစိတ် ကောင်းစိတ်တွေလည်း ဒါတွေကို မစွဲလမ်းလို့ရှိရင်လည်း နောက် ယားစိတ် ယံစိတ် ကောင်းစိတ်တွေနဲ့ ပတ်သက်တဲ့ ခန္ဓာမလာပါဘူး။ ခန္ဓာချည်း မလာတာပေါ့လေ …. နော် …. (မှန်ပါ့)။

မနောစိတ်ကိုမစွဲရင်

မနောစိတ်တွေကို ဘယ်စိတ်မဆို မစွဲလမ်းလို့ရှိရင်လည်း မနောစိတ်ဆိုတော့ လောဘ ဒေါသ မောဟ အလောဘ အဒေါသ အမောဟ တွေပေါ့နော် …. အဲဒါတွေ မစွဲလို့ရှိရင်လည်း ဒကာကြီး …. တဲ့၊ နောက်မနောဝိညာဏ်တွေနဲ့ ပတ်သက်တဲ့ခန္ဓာ မလာပါဘူးတဲ့ ဒါ အလုပ်တရားကို ဟောနေတာ …. (မှန်ပါ့)။

အဲဒီတော့ ဒီဒကာ ဒကာမတွေ အလုပ်လုပ်ဖို့ကို ဘုန်းကြီးက အကျယ်တ၀င့်ပြောရ လိမ့်မယ်၊ ဥပမာမယ် - မြင်စိတ်ကလေးပေါ်တယ်ဆိုရင် မြင်စိတ်မစွဲဘဲနဲ့ မြင်ရတာ ကောင်းတယ်၊ မမြင်ရရင် ကျုပ်က မကျေနပ်ဘူး၊ ရှုပ်ရှုပ်ထွေးထွေး ကြည့်ရမှဖြင့် ဥပါဒါန်လာမယ်နော် …. (မှန်ပါ့)၊ ဟိုနား - ဒီနား စောင်းကြည့်ရင် ကာယကံပါမယ်၊ မပါပေဘူးလား …… (ပါ ပါတယ်ဘုရား)၊ ဒါဖြင့် တဏှာ၊ ဥပါဒါန် ကံကမလိုက်ဘူးလား …. (လိုက်လာပါတယ်ဘုရား)။

ဒါဖြင့် တဏှာ ဥပါဒါန် ကံက လိုက်လာတော့ ကမ္မဘ၀ပစ္စယာ ဇာတိဆိုတဲ့ နောက်မြင်စိတ်နဲ့ တွဲလာတဲ့ ဇာတိခန္ဓာကြီးလာမလား မလာဘူးလား …. (လာပါတယ်ဘုရား)၊ ဇာတိ ခန္ဓာလာရင် ဇရာ မရဏ သောက ပရိဒေ၀ ဆိုတာတွေ လွတ်ပါ့မလား …. (မလွတ်ပါဘုရား)။

မြင်စိတ်ကိုအနိစ္စရှုပါ

ဒါကြောင့် မစွဲနဲ့ဆိုတော့ သူကတော့ မစွဲနဲ့ ဟောတယ်၊ ဘုန်းကြီးတို့ကတော့ ဒီ ဒကာ ဒကာမတွေ နားမလည်မှာစိုးလို့ မစွဲနဲ့ဆိုတာ ဒီအတိုင်းနေဖို့မဟုတ်ဘူး၊ ဒီမြင်စိတ်ကလေးကို အနိစ္စရှုဖို့ပဲ ….. (မှန်ပါ့)၊ ရှင်းကြပလား …. (ရှင်းပါပြီဘုရား)။

မြင်စိတ်ကလေး အနိစ္စရှုတော့ကို တဏှာ ဥပါဒါန်ဆိုတဲ့ စွဲတာလာသေးရဲ့ လား …. (မလာပါဘုရား)။

အဲဒီတော့ ဒီဒကာ ဒကာမတွေမှာ မြင်တယ်ဆိုလို့ရှိရင်ပဲ တစ်ခါတည်း စိုက်နေတော့တာပဲ၊ စွဲစွဲလမ်းလမ်းကြည့်နေတော့ တာပဲ၊ ဒီနေရာက မမြင်ရင် ဟိုနေရာမှာ ထင်ထင်ရှားရှားမြင်တဲ့ နေရာ သွားတော့တာပဲဆိုတော့ ဒါ တဏှာ ဥပါဒါန် ကံလိုက်နေတာ ….. (မှန်ပါ့) ရှင်းပလား ….. (ရှင်းပါပြီဘုရား)။

အဲဒီ တဏှာ ဥပါဒါန် ကံလိုက်နေတာကို ဇာတိ ဇရာ မရဏဟာ မောင်မြရေ လွတ်ပါ့မလား …. (မလွတ်ပါဘုရား)။

မြင်တယ်၊ လိုချင်တယ်၊ စွဲလမ်းတယ်

ဒါဖြင့် ကြည့်ရုံကလေးနဲ့ပဲလား ဇာတိ ဇရာ မရဏဖြစ်အောင် ဒီမြင် စိတ်ကလေးဟာ ကျေးဇူးပြုသလားလို့မေးရင် ဘယ့်နှယ့်ဖြေကြမလဲ …. (ကျေးဇူးပြုပါတယ်) ပြုတာပေါ့။

ဒီမြင်စိတ်ကို ကျုပ်တို့က ဖြစ်ပျက်မှ မရှုနိုင်တော့မြင်တယ်၊ လိုချင်တယ် မလာပေဘူးလား ….. (လာပါတယ်)၊ စွဲလမ်းတယ်ကော …. (လာပါတယ်ဘုရား)။

စွဲလမ်းပြီးသကာလ မမြင် မြင်အောင် အားထုတ်ဦးမယ်ဆိုတဲ့ စေတနာကံတွေကော …. (လာပါတယ်ဘုရား)၊ လာတော့ ကမ္မဘ၀ ပစ္စယာ ဇာတိ ဇရာ မရဏတွေက ဘယ့်နှယ့်နေပါ့မလဲ ….. (လိုက်ပါမယ်ဘုရား)။

ဒါဘာဖြစ်လို့ ခင်ဗျားတို့ မြင်လျက်မတ္တနဲ့ မြင် မြင်ချင်းအပါယ်ရောက်တဲ့ ကံတွေ ကြိုးစားမိပါလိမ့်မလဲလို့ မေးတဲ့အခါကျလို့ရှိရင်ဖြင့် စွဲလမ်းလို့ပဲ၊ တဏှာနဲ့စွဲလမ်း၊ ဥပါဒါန်နဲ့ ပြင်းထန်စွာ စွဲလမ်း၊ သဘောကျပလား …. (ကျပါပြီ)၊ ကာယကံ ၀စီကံနဲ့အားထုတ်၊ ဒါ ကမ္မဘ၀ခေါ်တာပဲ ….. (မှန်ပါ့)၊ ရှင်းကြပလား ….. (ရှင်းပါပြီဘုရား)။

မြင်တဲ့စိတ်ကို ဖြစ်ပျက်ရှု

ဒါဖြင့် ဒီမြင်စိတ်ကို ဦးအောင်ဇံဝေ၊ ဘုန်းကြီးဘယ်လို သင်ထားသလဲ ….. (ဖြစ်ပျက်ရှုရပါမယ်)၊ မြင်တယ်ဆိုရင် မြင်တဲ့စိတ်ကို ဖြစ်ပျက်ရှု၊ ဖြစ်ပျက်ရှုသည်နဲ့ တစ်ပြိုင်နက်တည်း ခုနင်က မြင်တဲ့စိတ်နောက်က တဏှာလိုက်သလား၊ ဥပါဒါန်လိုက်သလား၊ ဉာဏ်လိုက်သလား …. (ဉာဏ်လိုက်ပါတယ် ဘုရား)။

ဝိပဿနာဉာဏ်လိုက်တော့ ကံဖြတ်ချလိုက်တယ်၊ တဏှာ ဥပါဒါန်လဲဖြတ် ကံကော …. (ဖြတ်ပါတယ်)၊ ကံ ဖြတ်လိုက်တော့ အကျိုးပေးလာပါဦးမလား …. (မလာပါ)၊ “ကမ္မံ ၀ိပါကဿ” ဆိုတဲ့ ၀ိပါက်အကျိုးပေးတွေ ဦးအောင်ဇံဝေ လာပါဦးမလား ….. (မလာပါဘုရား)။

အဲဒါကြောင့် ခင်ဗျားတို့ ၀ိပဿနာအလုပ်ဟာ ခုနက တရားလည်း နာခဲ့ကြပါပြီ၊ ကံပြတ်အလုပ်ဆိုတာ ကျေနပ်ပလား ….. (ကျေနပ်ပါပြီ)၊ ကံမပြတ်လို့ရှိရင် ဘုရားတောင်မဖြစ်ဘူးလို့ တစ်နေ့က ဟောခဲ့တယ် …. (မှန်ပါ့)။

ကံမပြတ်ရင် ….. (မဖြစ်ပါ)။ ဘုရားကို မဖြစ်ဘူး၊ ဝေဿန္တရာမင်းလှူတဲ့ ကံတွေဟာ နည်းသလား၊ ဒီကံတွေ မပြတ်ဘဲတော့ ဘုရားကို မဖြစ်နိုင်ဘူး၊ ကံပြတ်မှ အရိယာဖြစ်နိုင်တယ်လို့ မှတ်ထားကြ ….. (မှန်ပါ့ဘုရား)။

ကံပြတ်မှ အရိယာဖြစ်နိုင်တယ်

ဘယ်လိုမှတ်ကြမယ် ….. (ကံပြတ်မှ အရိယာဖြစ်နိုင်ပါတယ်)၊ ဒါ့ကြောင့် ၀ိပဿနာအလုပ် မဂ်ဆိုက်အောင် လုပ်တဲ့အလုပ်သည် ဒကာ ဒကာမတို့ ဒုက္ခသိမ်းတဲ့အလုပ်၊ ဘာကြောင့်တုံး၊ ကံက အကျိုးမပေးနိုင်တော့ဘူး …. (မှန်ပါ့)၊ သဘောပါပလား ….. (ပါ ပါပြီဘုရား)။

မောင်အောင်ချီက နားမလည်တော့ ကံကို သိပ်အရေးကြီးနေတာပဲ၊ ဒီကံကြောင့် ခက်နေတာ၊ မခက်ဘူးလား ….. (ခက်ပါတယ်ဘုရား)။

ဒီကံက နတ်ပြည်အကျိုးပေးလိုက်ပြန်လည်း ဇာတိ ဇရာ မရဏ စ တာပဲ …… (မှန်ပါ့)၊ ဗြဟ္မာ့ပြည်ကို အကျိုးပေးလိုက်ပြန်တော့ ….. (ဇာတိ ဇရာ မရဏက စပါတယ်)၊ ဘာသစ္စာတွေချည်း လာနေသလဲ …. (ဒုက္ခသစ္စာတွေချည်း လာနေပါတယ်)၊ ဒုက္ခသစ္စာချည်းလာနေတာပဲ …… (မှန်ပါ့ ဘုရား)။

အဲဒါကြောင့် အနာထပိဏ် သူဌေးကြီးကို ရှင်သာရိပုတ္တရာက “နစက္ခုဝိညာဏံ ဥပါဒိယိသာမိ ” စက္ခုဝိညာဏ်ကို မစွဲလမ်းသည်ဖြစ်အံ့၊ “နစ မေ စက္ခုဝိညာဏနိ ဿိတံ ၀ိညာဏံ ဘ၀ိဿတိ” စက္ခုဝိညာဏ်ကို မှီတဲ့ ပဋိသန္ဓေ၀ိညာဏ်မဖြစ်ဘူးတဲ့ ဒါဟောတာပဲ …..(မှန်ပါ့) နောက် ပဋိသန္ဓေ မလာဘူးတဲ့၊ လာပါဦးမလား …… (မလာပါ)၊ မစွဲမှ မလာမှာ စွဲရင် …. (လာပါတယ်ဘုရား)။

စွဲရင် လာမှာပဲ၊ မြင်စိတ်ကလေးကို ငါ့ကိုယ် ငါ့ဟာ ထင်နေရင် မလာပေဘူးလား ….. (လာပါတယ်ဘုရား)။

ငါမြင်တယ်ဆိုတဲ့ ဒိဋ္ဌိတွေပါနေမယ်။ ငါ့မျက်လုံးဆိုပြီး သိမ်းပိုက်မယ်၊ ဒါ - ငါပဲလို့ ထင်လိုက်မယ်ဆိုလို့ရှိရင် ၀ိညာဏ်ကို ငါထင်တဲ့အတွက် ဒိဋ္ဌိက လာတယ်။

ဒါကြောင့် ငါ့ကိုယ် ငါ့ဟာ င့ါဥစ္စာအဖြစ်နဲ့ သိမ်းပိုက်လိုက်လို့ရှိရင် မောင်အောင်မြရေ …. သွားပြီ …. (မှန်ပါ့)၊ မသွားသေးဘူးလား …. (သွားပါပြီဘုရား)။

တရားစစ် တရားမှန်ကျတော့ကို ဒါ အမှန်ပြောရတယ် ဆိုတာ နောက်က ဒကာ ဒကမတွေ သေသေချာချာ မှတ်ပါ။

ဒါကြောင့် ခင်ဗျားတို့ မြင်စိတ်ကို ဖြစ်ပျက်ရှုပါလို့ ဖြစ်ပြီး ပျက်တဲ့ ဓမ္မပဲလို့ မြင်အောင် ရှုပါဆိုတော့ မောင်အောင်ချီတို့ မပြောထိုက်ဘူးလား ….. (ပြောထိုက်ပါတယ် ဘုရား)။

သူ့ကို မရှုလိုက်မိတဲ့ အတွက်လည်း မြင်တယ်၊ လိုချင်တယ်၊ စွဲလမ်းတယ်၊ မရ ရအောင် အားထုတ်မယ်၊ မလာဘူးလား ….. (လာပါတယ်ဘုရား)။

မြင်တယ်ဆိုတဲ့ ဥစ္စာမြင်စိတ်၊ လိုချင်တယ်ဆိုတာ မြင်လို့လိုချင်တာ၊ လိုချင်တာက တဏှာ မဟုတ်ဘူးလား …. (မှန်ပါ့)၊ စွဲလမ်းတယ်ဆိုတော့ ဘယ့်နှယ်နေသလဲ ….. (ဥပါဒါန်ပါ)၊ မရ ရအောင် အားထုတ်မယ်ဆိုတော့ ….. (ကံပါ)၊ ကံဖြစ်သွားတော့ ကံ မြောက်သွားပြီ၊ ကမ္မဘ၀ ပစ္စယာ …… (ဇာတိပါဘုရား)။ အဲ ….. ဇာတိလာတယ်တဲ့၊ အဲဒါ သေမှလာမှာ၊ အခုမလာဘူး …. (မှန်ပါ့)၊ သို့သော်လည်း ကံတွေစုပြီးသားဖြစ်နေတယ်၊ မဖြစ်သေးဘူးလား …. (ဖြစ်ပါတယ်ဘုရား)။

နောက်က ဒကာ ဒကာမတွေ ရိပ်မိပလား …. (မှန်ပါ့ဘုရား)၊ နောက်က ဒကာ ဒကာမတွေ ဒေါ်မြကြီးတို့ သေသေချာချာ မှတ်ကြနော် …. (မှန်ပါ့ဘုရား)။

ဒါပေါ်တိုင်း ပေါ်တိုင်း ဖြစ်ပျက်ရှု

ဒါဖြင့် မစွဲလမ်းရဘူးဆိုတာဟာ စာကတော့ မစွဲလမ်းရဘူးဆိုတော့ ခင်ဗျားတို့ စာသွားကြည့်လို့ သိမှာမဟုတ်ဘူး၊ မစွဲလမ်းရဆိုတာ တခြားမဟုတ်ပါဘူးတဲ့၊ ဒါကလေးပေါ်တိုင်း ပေါ်တိုင်း ”သမုဒယဓမ္မာနုပဿီ ၀ါ ၀ယဓမ္မာနုပဿီ ၀ါ” ဆိုတဲံ ဖြစ်မှုနဲ့ ပျက်မှုရှုပါ ….. (မှန်ပါ့)၊ ရှင်းပလား ….. (ရှင်းပါပြီဘုရား)။

ဒါဖြင့် ဦးအောင်ချီတို့နောက်က တဏှာ၊ ဥပါဒါန် ကံဘယ့်နှယ့်နေသတုံး …. (ရှုရင်တော့မလာပါဘုရား)၊ ရှုရင်တော့ မလာတော့ဘူး ….. (မှန်ပါ့)၊ မရှုရင်တော့ တန်းသွားမှာပဲ ရှင်းပလား ….. (ရှင်းပါပြီဘုရား)။

အဲဒါ အခုပြောတာကို သေသေချာချာမှတ်ပါ။ နောက်က ဒကာ ဒကာမတွေကလဲ သြော် …. ဒီအတန်းကြီးဟာက မရှုဘဲနေရင် တန်းမှာတော့ မင်းတို့ ထုံးစံအတိုင်းတန်းသွားတာ၊ မယုံရင် ကျောက်ကလေးတစ်ပွင့်ကို ကြည့်ပါ။ သူ့မှာလဲ အစပ်လိုနေတယ်၊ မြင်ပြီ၊ အစပ်လိုတဲ့ ပုဂ္ဂိုလ်ကျတော့ လိုချင်ပြီ၊ မလာပေဘူးလား …… (လာပါတယ်ဘုရား)၊ လိုချင်ရုံတွင် ရပ်သလား၊ စွဲလမ်းမှုပါသေးသလား …. (ပါ ပါတယ်ဘုရား)။

အစပ်ကလေး ပြည့်စေချင်တယ်ဆိုပြီး စွဲလမ်းတာလာတယ်၊ မရ ရအောင် ဆစ်တော့မယ်၊ မရ ရအောင်ဆစ်တော့ ၀စီကံနဲ့ ဆစ်တယ်၊ မဟုတ်ဘူးလား ….. (မှန်ပါ)၊ ဆစ်တော့ ဒါ - ဘာဖြစ်သွားသတုံး ကမ္မဘ၀ဖြစ်သွားပါတယ်၊ ကံဖြစ်သွားပြီ။

မရ ရအောင် ဆစ်တော့ ၀စီကံ မပါသေးဘူးလား၊ စကားပြောလာတယ် ….. (မှန်ပါ)၊ အဲဒါ ဘာဆိုကြမယ် ….. (ကမ္မဘ၀ပါ)၊ ကမ္မဘ၀ကံပဲဆိုတာ ရိပ်မိလား …. (မှန်ပါ)။

အဲဒီတော့ ကမ္မဘ၀ လာလို့ရှိရင်ဖြင့် မောင်အောင်မြက ဇာတိကို ရှောင်ကွင်းချင်လို့ မရတော့ဘူး …. (မှန်ပါ့)၊ ရပါ့မလား ….. (မရပါဘုရား)။

မစွဲလမ်းနဲ့ဆိုတာ ရှုပါလို့ပြောတာ

အဲဒါကြောင့် မြင်စိတ်ကလေး ပေါ်လာလည်း ဒကာကြီး မစွဲလမ်းပါနဲ့ ဆိုတာ ရှုပါလို့ပြောတာ၊ စာကတော့ ဒီလိုမလာဘူး၊ မစွဲလမ်းနဲ့ပဲလာတယ်၊ သို့သော် …. ရှုရမှာ၊ ရိပ်မိပလား (ရိပ်မိပါပြီဘုရား)။

ဒါဖြင့် ကြားစိတ်ကလေးပေါ်လာလဲ ….. (ဖြစ်ပျက်ရှုရပါမယ်ဘုရား)၊ နံစိတ်ကလေး ပေါ်လာရင်ကော ….. (ဖြစ်ပျက်ရှုရပါမယ်)၊ ဒါအလုပ်သင်နေတာနော်…. (မှန်ပါ့)။

စားစိတ်ကလေး လျှာပေါ်မှာ ပေါ်လာတယ် ….. (ဖြစ်ပျက်ရှုပါမယ်)၊ ကိုယ်ပေါ်မှာ ယားစိတ် ယံစိတ် ကောင်းစိတ်ပေါ်ရင်ကော ….. (ဖြစ်ပျက်ရှုရပါမယ်ဘုရား)။

ဝမ်းထဲမှာ လိုချင်တဲ့စိတ် ပေါ်လာရင်ကော …. (ဖြစ်ပျက်ရှုရပါမယ်)၊ ဒေါသလေးပေါ်လာရင် ….. (ဖြစ်ပျက်ရှုရပါမယ်)၊ သံသယကလေးပေါ်လာရင် …. (ဖြစ်ပျက်ရှုရပါမယ်)၊ သံသယဆိုတာ မောဟပဲ၊ စိတ်ကလေး ပျံ့လွင့်သွားရင်ကော …… (ဖြစ်ပျက်ရှုရပါမယ်)၊ ဖြစ်ပျက်ပဲရှုပေး။

ကုသိုလ်ကလေး ဒီနေရာမှာ ပြုချင်လိုက်တာလို့ ကြားပေါက်ကလေး အလုပ်လုပ်နေရင်း ပေါ်လာရင် ရှုသာပစ်၊ သဘောကျပလား …. (ကျပါပြီဘုရား)။

ဆွမ်းကလေးကျွေးချင်တယ

ဆွမ်းကလေး ကျွေးချင်တယ် ကိုယ့်ဆရာသမားရောက်လို့၊ ဥပမာ …. လှညွန့်တို့ပေါ်လာတယ်၊ ရှုပစ်၊ နောက်မှ ချက်၊ ဒီအချိန်မှာ ရှုနေ၊ သဘောကျပလား …. (ကျပါပြီဘုရား)။

နို့မဟုတ် ကုသိုလ်နောက်ကလိုက်ပြီး သကာလသူသည် ကားလို့ဆိုလို့ရှိရင်ဖြင့် ဒို့ဆရာသမားပဲ၊ ကြုံတုန်းကို မပြုလိုက်ရ ဘယ့်နှယ့်လုပ်မလဲဆိုတာတွေ လာကုန်ပြီ၊ ရှုပ်ကုန်ပြီ၊ မရှုပ်ဘူးလား ….. (ရှုပ်ပါတယ်ဘုရား)။

တဏှာ ဥပါဒါန် ကံတွေ ဘယ့်နှယ့်နေကြသလဲ ….. (လိုက်လာပါတယ်)၊ လိုက်လာတယ်ဆိုတော့ သြော် ….. ဒါဖြင့် ကုသိုလ်စိတ်လဲ ရှုရမယ် ….. (မှန်ပါ့)၊ ရှင်းပလား ….. (ရှင်းပါပြီဘုရား)။

ခင်ဗျားတို့က ကုသိုလ်စိတ်ကလေးဆိုပြီး မှိန်းမနေလိုက်ပါနဲ့၊ ဘာလုပ်ကြမယ် ….. (ဖြစ်ပျက်ရှုရပါမယ်)၊ ရှုပစ်ရမယ်။

ဘာဖြစ်လို့ ရှုပစ်ရမလဲ၊ ကုသိုလ်စိတ်ကလေးပဲ ဘုရား …… အကောင်းပဲဆိုတော့ အို …. အလုပ်သမားတွေအတွက်မှာတော့ သူ့ကို အကောင်းထဲထည့်လို့မရဘူး ….. (မရပါဘုရား)။

ဒီကံက သူအကျိုးပေးပစ်လို့ရှိရင်လဲ ကမ္မ၀ိပါဿဆိုတဲ့ ဒုက္ခသစ္စာ လာဦးမှာပဲ ….. (မှန်ပါ့)၊ မလာပေဘူးလား …… (လာပါတယ်ဘုရား)။

အဲဒီတော့ သူ့ကို ဘာလုပ်ပစ်ကြမယ် ….. (ဖြစ်ပျက်ရှုရပါမယ်)၊ ကုသိုလ်စိတ်လဲ ရှုပစ် ….. (မှန်ပါ့ဘုရား)၊ မဟုတ်ဘူးလား …… (မှန်ပါ့ဘုရား)။

ဘယ်ကုသိုလ်တော့ မရှုရသတုံး မေးတဲ့အခါကျတော့မှ မဂ်ကုသိုလ်တော့ မရှုရဘူး၊ ဒီ ကာမာဝစရကုသိုလ်တော့ ရှုပစ်ရမယ် ….. (မှန်ပါ့)၊ ဘုရားကလဲ ဟောတယ်နော် …… (မှန်ပါ့ဘုရား)။

ဘုရားက “၀ီတရာဂစိတ္တံ ၀ီတရာဂစိတ္တန္တိ ပဇာနာတိ” ကုသိုလ်စိတ်လဲ ရှုပစ်တဲ့၊ ဒါ သေသေချာချာ ဟောတာပဲ ….. (မှန်လှပါဘုရား)။

ရာဂကင်းတဲ့စိတ

ဝီတရာဂစိတ်ဆိုတာ ရာဂကင်းတဲ့စိတ်ကွ …… တဲ့။ ကုသိုလ်စိတ်တို့ဟာနော် …. (မှန်ပါ့)၊ ဒါတွေဟာ ဘာလုပ်ရမယ် ….. (ရှုရပါမယ်)၊ ပဇာနတိ - သိအောင် လုပ်ရမယ်ကွ (၀ါ) ရှုရမယ် ၊ သမုဒယဓမ္မာနုပဿီ (၀ါ) ၀ယဓမ္မာနုပဿီ (၀ါ) ရှုရမယ်။

အဲဒီတော့ ရှေးတုန်းက မောင်အောင်ချီတို့ နားလည်ထားတာက ကုသိုလ်ဆိုတာပွားပေါ့၊ ဒါပဲ နားလည်တယ်၊ ကုသိုလ်ဆိုတာ ပွားရမယ်ကွတဲ့ ….. (မှန်ပါ့)။

ဒါကို ပွားရမယ်ဆိုတာ မဟုတ်ဘူး၊ မဂ်ကို ပွားရမယ်ဆိုတာ (မှန်ပါ့)၊ ဟိုဟာက ပွားလိုက်ရင် စာဂါနုဿတိ သမထဘက်လှည့်သွားတယ်၊ ဒီဟာကို ဖြစ်ပျက်ရှုလိုက်ရင်ဖြင့် ၀ိပဿနာ ဘက်လှည့်သွားတယ် …… (မှန်ပါ့)။

ဘယ်ဟာကအဖိုးတန်သတုံး

ဒါဖြင့် သမထနဲ့ ၀ိပဿနာ ဘယ်ဟာက အဖိုးတန်သတုံး ….. (၀ိပဿနာက အဖိုးတန်ပါတယ်)၊ အဲဒီတော့ နင်တို့ကြားဖူးတာက နောက်က ဒကာဒကာမတွေက ဟေ့ ….. နင်တို့ ကုသိုလ်ကလေးမပျောက်စေနဲ့၊ ခဏ ခဏ ဒါကလေး မြင်တိုင်း မြင်တိုင်း ၀မ်းမြောက်နေဟ …. (မှန်ပါ့ဘုရား)။

အင်း …. ပြောချင်တာက ပြောထားတာ ….. (မှန်ပါ့)၊ သူက ဘာပြောတာတုံး မေးတော့မှ မင်းတို့ သေသေချာချာမှတ်ပါ၊ စာဂါနုဿတိ ပြောတာ ….. (မှန်ပါ့)၊ စာဂါက = စွန့်ကြဲတာ၊ အနုဿတိ = အောက်မေ့တာ၊ စာဂါနုဿတိ ဟောထားတာ …… (မှန်ပါ့ဘုရား)။

သမထလား ၀ိပဿနာလား

အဲဒီတော့ နောက်က ဒကာ ဒကာမတွေက စာဂါနုဿတိဟာ သမထလား ၀ိပဿနာလား ခွဲလိုက် …. (သမထပါ)၊ သမထဖြင့် သွားရောပေါ့ကွ၊ နတ်ပြည် ဗြဟ္မာ့ပြည် သွားဦးမှာပေါ့၊ မသွားပေဘူးလား ….. (သွားပါတယ်)၊ သေသွားတော့ ဘာသစ္စာတွေဖြစ်မလဲ …. (ဒုက္ခသစ္စာတွေ ဖြစ်ပါမယ်ဘုရား)။

အဲဒါကြောင့် သူသိသလောက် သူပြောတာကို သူလဲမကဲ့ရဲ့ ပါနဲ့ ပြောတဲ့ပုဂ္ဂိုလ်ကိုနော် …. (မှန်ပါ့)၊ သူ သမထလောက်နားလည်လို့ သမထ ပြောထားတာ …. (မှန်ပါ့)၊ တကယ် အထွတ်အထိပ်ရောက်ပလားလို့ မေးလို့ရှိရင်ဖြင့် ဘယ့်နှယ့်ဖြေကြမလဲ …. (မရောက်သေးပါဘုရား)။

အထွတ်အထိပ်တော့ မရောက်ဘူး ကိလေသာမပြတ်ဘူး ….. (မှန်ပါ့)၊ ကိလေသာပြတ်ရင် ဗြဟ္မာအကျိုးပေးဖို့ မလိုဘူး ….. (မှန်ပါ့)၊ မဟုတ်ဘူးလား …. (မှန်ပါ့)၊ ဗြဟ္မာ့ဘုံကို သစ္စာသိထားတဲ့ ပုဂ္ဂိုလ်ကလဲ ဗြဟ္မာ့အဖြစ် ဖြစ်ချင်သေးရဲ့ လား …. (မဖြစ်ချင်ပါဘုရား)၊ ဗြဟ္မာဟာ ဘာသစ္စာတုံး …. (ဒုက္ခသစ္စာပါဘုရား)။

ဒါဖြင့် ကိုယ့်မှာလဲ ဒုက္ခရှိလျက်နဲ့တော့ နောက်ဒုက္ခသစ္စာကို တောင့်တနေဖို့ မလိုပါဘူး …. (မှန်ပါ့)၊ လိုသေးရဲ့ လား …… (မလိုပါဘုရား)။

အဲဒါကြောင့် ကုသိုလ်စိတ်ကလေးလာလဲ ခင်ဗျားတို့ ဘာလုပ်ကြမယ်…. (ဖြစ်ပျက်ရှုရပါမယ်ဘုရား)။

အေး ….ဘုရားကလဲဟောထားတယ်၊ “၀ီတရာဂ စိတ္တံဝီတရာဂစိတ္တန္တိ ပဇာနတိ” ရာဂကင်းတဲ့ စိတ်ဆိုတာ ကုသိုလ်ဆိုတာဟေ့၊ အဲဒါလဲ ဖြစ်ပျက်ရှုဟေ့၊ ပဇာနာတိလုပ်ဟေ့၊ မပါဘူးလား …. (ပါ ပါတယ်ဘုရား)။

သာမညကုသိုလ်တွေတော့ ရှုသာပစ်ပါ

အဲဒါတွေကြောင့် ဒကာ ဒကာမတွေ အရင်းအချာတွေမို့ ပြောနေတော့ မောင်အောင်ချီတို့ မင်းတို့ကလဲ ငါနဲ့ဝေးချင်လဲ ဝေးနေတော့ ဒီ သာမညကုသိုလ်တွေတော့ ရှုပစ်ပါ ….. (မှန်ပါ့)၊ ရှင်းပလား …. (ရှင်းပါပြီဘုရား)။

သာမညကုသိုလ်တွေတော့ ….. (ရှုပစ်ရပါမယ်ဘုရား)၊ ရှုသာပစ်ပါ၊ မရှုလို့ရှိရင် မတော်ပါဘူးဆိုတာ ပေါ်ပလား ….. (ပေါ်ပါပြီဘုရား)။

ကဲ …. ဒါဖြင့် ဒီကုသိုလ်ကို သာယာနေပြန်လို့ရှိရင် တဏှာက နောက်လိုက်တယ် … (မှန်ပါ့)၊ မလိုက်ဘူးလား ….. (လိုက်ပါတယ်ဘုရား)၊ တဏှာလိုက်ရင် ….. (ဥပါဒါန်က လိုက်ပါမယ်ဘုရား)၊ ဥပါဒါန်လိုက်ရင် ကံလိုက်မယ်၊ ကမ္မဘ၀ ပစ္စယာ ဇာတိကော ….. (လိုက်ပါတယ်ဘုရား)။

လိုက်မယ်ဆိုတော့ ဒီနေ့ ဒီတစ်လုံးကို မှန်မှန်ကန်ကန် ကလေးသိလိုက်ရတယ်၊ အားလုံး ဒကာ ဒကာမတွေ အတော်ကျေးဇူးများတယ် ….. (မှန်ပါ့)။

မင်းတို့က ပွားနေရမယ်လို့ နဂိုက သိကြတယ် မဟုတ်ဘူးလား ….. (မှန်ပါ့)၊ ရှုပစ်ရမယ်လို့ ပြောရဲ့ လား …. (မပြောပါ)၊ အို …. ကုသိုလ်ဆိုတာ မြင်တိုင်း မြင်အောင် လုပ်ဟေ့၊ မြင်တိုင်း ကုသိုလ်တွေက အရင်လှူထားသလိုပဲ ရတာပဲ၊ ရတာကို ဆရာဘုန်းကြီးက မရဘူးလို့ မဟောပါဘူး၊ ရတယ် ကုသိုလ်ပဲရပြန်တယ် …. (မှန်ပါ့)။

အဖြူကံကို ဘုရားမကြိုက်ဘူး

ကုသိုလ်ရပြန်လို့ရှိရင် အကျိုးပေးတာ …. (ရပါတယ်) အကျိုးပေးလို့ရှိရင် သူ့အကျိုးပေးတာ ကာမာဝစရကုသိုလ်ဖြစ်သောကြောင့် ခုနင်က အဖြူကံသွားဖြစ်နေတယ် …. (မှန်ပါ့)၊ အဖြူကံက အဖြူအကျိုးပေးလိုက်တော့ နတ်ရွာသုဂတိရောက်သွားတယ် …. (မှန်ပါ့)၊ ဘာသစ္စာတုံး …. (ဒုက္ခသစ္စာပါဘုရား)။

အဲဒီအဖြူကံဟာ ဘုရားမကြိုက်ဘူး ….. (မှန်ပါ့)၊ ရှင်းပလား ….. (ရှင်းပါပြီဘုရား)။

ကောင်းပြီ …. ဒါဖြင့် ထွက်ရပ်လမ်းသမားတွေကျတော့ အဖြူကံလဲ မောင်အောင်ချီက ဘာလုပ်ပစ်ရမလဲ ….. (ဖြစ်ပျက်ရှုရပါမယ်ဘုရား)၊ ဖြစ်ပျက်ရှုပစ်၊ မရှုရင် တဏှာ ဥပါဒါန် ကံလိုက်ဦးမှာပဲ ….. (မှန်ပါ့)၊ မလိုက်ပေဘူးလား ….. (လိုက်ပါတယ်ဘုရား)။

လိုက်မှာပဲ၊ လှူတဲ့အခါလဲ လှူလိုက်တာပေါ့၊ ၀ိပဿနာ လုပ်တဲ့အခါကျတော့ သူ့ကို လက်ခံမနေနဲ့၊ ပေါ်ရာရှုရမယ် …… (မှန်ပါ့)၊ ရှင်းပလား ….. (ရှင်းပါပြီဘုရား)။

ဒါလောက်နဲ့ တင်းတိမ်မနေနဲ့

လှူတဲ့အခါလဲ လှူတာပေါ့၊ မလှူမတန်းနဲ့လို့ ဒီလိုဟောတာ မဟုတ်ပါဘူး၊ ဒါလောက်နဲ့ တင်းတိမ်မနေနဲ့ …… (မှန်ပါ့ ဘုရား)၊ ရှင်းပလား ….. (ရှင်းပါပြီဘုရား)၊ ဒါလောက်နဲ့ တင်းတိမ်နေရင် ခင်ဗျားတို့ သွားလိမ့်မယ်၊ မသွားပေဘူးလား …. (သွားပါတယ်ဘုရား)။

ကုသိုလ် အကုသိုလ်စွန့်လို့ဘုရားဖြစ်လာတာ

“ကုသလံ ကုသလံ ဇဟံ”ဆိုတဲ့ အဓိပ္ပာယ်က ကုသိုလ်လဲ စွန့်၊ အကုသိုလ်လဲစွန့်လို့ ဘုရားဖြစ်လာတာ ….. (မှန်ပါ့)၊ ရိပ်မိပလား ….. (ရိပ်မိပါပြီဘုရား)။

ကုသိုလ်က အကျိုးပေးနေလဲ နတ်ရွာသုဂတိ လှည့်ဦးမှာပဲ ….. (မှန်ပါ့)၊ အကုသိုလ်က အကျိုးပေးနေလဲ အပါယ်လှည့်သွားဦးမှာပဲ၊ စွန့်လိုက်တော့လို့ မဂ်ဥာဏ်နဲ့ စွန့်ပစ်လိုက်တော့ အကျိုးပေးနိုင်သေးရဲ့ လား …. (မပေးနိုင်ပါဘုရား)၊ မပေးတော့ဘူး၊ နိဗ္ဗာန်ပဲ အကျိုးပေးတော့တယ် ….. (မှန်ပါ့)၊ ရှင်းပလား ….. (ရှင်းပါပြီဘုရား)၊

ဒါဖြင့် ကုသိုလ်စိတ်ကလေးပေါ်လာလဲ ဘာလုပ်ကြမယ် …… (ဖြစ်ပျက်ရှုရပါမယ်ဘုရား)။

ဒါဖြင့် နေရာကျပြီတဲ့။ ဒါက အလောဘကို ဟောပါတယ်၊ တစ်ခါ အဒေါသဆိုတာ မေတ္တာနော် …. (မှန်ပါ့)။

အဒေါသဆိုတာ မေတ္တာ၊ အဒေါသလဲ ရှုရမယ်လို့ ဘုန်းကြီးသင်ထားမဟုတ်လား ….. (မှန်ပါ့)၊ အဲဒါ မေတ္တာပဲ မှတ်လိုက်၊ အဒေါသဆိုတာ မေတ္တာပါပဲတဲ့၊ အဒေါသကို မြန်မာလိုပြန်တော့ ခင်ဗျားတို့ နားလည်မှုနဲ့ ပြန်လိုက်တော့ မေတ္တာပဲ။

မေတ္တာစိတ်ပေါ်လာရင

တရားအားထုတ်နေရင်း မေတ္တာစိတ်ကလေး ပေါ်လာရင် ဘာလုပ်ရမလဲ …. (ရှုရပါမယ်ဘုရား)၊ နို့မဟုတ်ရင် သမထဖြစ်သွားတယ် ….. (မှန်ပါ့)၊ မဖြစ်ပေဘူးလား ….. (ဖြစ်ပါတယ်)၊ သမထသွားဖြစ်လို့ရှိရင် ဗြဟ္မာ အကျိုးပေးပစ်လိုက်မယ်၊ အကျိုးပေးပစ်လိုက်လို့ရှိရင် ဘာသစ္စာရမလဲ ….. (ဒုက္ခသစ္စာ ရပါမယ်ဘုရား)။

အဲဒါကြောင့် ၀ိပဿနာကျလာလို့ရှိရင် ဟိုဟာတွေ ခြေကန်ရတယ် …. (မှန်ပါ့)၊ ဒါလောက်မှ ၀ိပဿနာမှ မလုပ်တတ်တဲ့ ပုဂ္ဂိုလ်ကျတော့လဲ ကာမာဝစရကုသိုလ်လုပ်ဟေ့ …. ဟောရမှာပဲ မေတ္တာပို့ဟေ့၊ မဟောရပေဘူးလား …… (ဟောရမှာပါဘုရား)၊ ဘာဖြစ်လို့တုံးဆိုတော့ သူ့အရည်အချင်းက ဒါလောက်ပဲ ဉာဏ်မီတော့ ဒါလောက်နဲ့ ဆွဲရတယ် ….. (မှန်ပါ့)။

ဒုက္ခဖြစ်ကြောင်း၊ ဖြစ်ပျက်ရှု

အခု ခင်ဗျားတို့ အရည်အချင်းက ဒီအရည်အချင်း မဟုတ်ပါဘူး၊ ဒုက္ခသိမ်းတဲ့ နိဗ္ဗာန်ရောက်ချင်တယ်၊ ဒါဖြင့် ဒုက္ခဖြစ်ကြောင်းကို ဖြစ်ပျက်ရှုရမှာပဲ ….. (မှန်ပါ့)၊ မရှုရပေဘူးလား ….(ရှုရမှာပါဘုရား)။

ဒါဖြင့် အလောဘလာပဲ ဘာလုပ်ရမလဲ ….. (ဖြစ်ပျက်ရှုရပါမယ်ဘုရား)၊ အဒေါသမေတ္တာ လာရင်လဲ …. (ဖြစ်ပျက်ရှုရမှာပါပဲ ဘုရား)။

ဘုရားက ဟောရဲ့ လားလို့ မေးတဲ့အခါကျတော့ ၀ီတဒေါသစိတ္တံ ၀ီတဒေါသစိတ္တန္တိ ပဇာနာတိ ဒေါကကင်းတဲ့ စိတ်ကိုလဲ ရှုရမှာပဲတဲ့၊ ဒေါသကင်းတဲ့ စိတ်ဟာ ကုသိုလ်ပဲ၊ ဒေါသမှ မပါတော့ဘဲ၊ မေတ္တာပို့နေတာ ဒေါသပါသေးရဲ့ လား …… (မပါ ပါဘုရား)၊ မပါရင် ရှုသာရှု၊ ရှင်းပလား…. (ရှင်းပါပြီဘုရား)။

မေတ္တာပို့တာရှည်မနေနဲ့ဦး

အဲဒါ .ဟို လှညွန့်ကြီးတို့က မေတ္တာပို့များရှည်မနေနဲ့ဦး၊ ရိပ်မိပလား ….. (ရိပ်မိပါပြီဘုရား)၊ ဘာလုပ်ရမတုံး ၀ိပဿနာ ထက်သန်ရမယ် …. (မှန်ပါ့)၊ ရှင်းပလား …. (ရှင်းပါပြီဘုရား)။

ဥပမာ လမ်းမှာ ကလေးလေးတစ်ယောက်က ငိုနေတယ်။ အမေကလဲပစ်သွားတယ်၊ သူကလဲ ရှုက်ကြီးငင်ကြီးနဲ့ တက်လောက်အောင် ငိုနေတယ်၊ သနားလိုက်တာဆိုရင် သနားတဲ့စိတ် မြန်မြန်ရှု၊ ဟုတ်လား …. (မှန်ပါ့)။

မြန်မြန် မရှုလိုက်လို့ရှိရင် ဘာဖြစ်မတုံး ဆိုလို့ရှိရင် သူ့အမေနှယ် ပစ်မှပစ်ရက်ပါပေတယ်၊ အင်း …. ကိုယ်ကလဲ မကျေနပ်တဲ့ ဒေါသထွက်လာတယ် ….. (မှန်ပါ့)၊ ဒိအတိုင်းပစ်ထားလို့ရှိရင် ဒီကလေးလေးဟာ သေခြင်းဆိုးသေတော့မှာပဲ၊ ဟော …. သောက ကဖြစ်လာပြီ …. (မှန်ပါ့)၊ မလိုက်ဘူးလား …. (လိုက်ပါတယ်ဘုရား)။

ဒါဖြင့် ပထမသနားသလိုလိုနဲ့ နောက်ကျတော့ ဒေါသ သောက ပရိဒေ၀တွေမလိုက်ဘူးလား …. (လိုက်ပါတယ် ဘုရား)၊ အဲ …. လိုက်တော့ အ၀ိဇ္ဇာပါ - မပါ…. (ပါ ပါတယ်ဘုရား)၊ ဒါဖြင့် အ၀ိဇ္ဇာ ပစ္စယာ သင်္ခါရာ ပြန်လှည့်မှာပဲ၊ မလှည့်ဘူးလား …. (လှည့်ပါတယ်ဘုရား)။

မိန်းမတွေလျှာရှည်တတ်တယ

အဲဒါ နင်တို့ မိန်းမတွေမှာ ဒီဟာ လျှာရှည်တတ်တယ်နော် ….. (မှန်ပါ့)၊ မရှည်တတ်ဘူးလား … (ရှည်ပါတယ် ဘုရား)။

ဒီလျှာရှည်ကို ဘာလုပ်မတုံး ဖြတ်ပစ်ရမယ် ….. (မှန်ပါ့)၊ ရိပ်မိပလား …. (ရိပ်မိပါပြီဘုရား)။

ခင်ဗျားတို့က မိန်းမကလဲများများပဲ၊ လျှာကလဲ သိပ်ရှည်တယ်နော်၊ မရှည်ပါနဲ့ လျှာရှည်တာဟာ ပဋိစ္စသမုပ္ပါဒ် ရှည်ထွက်သွားတယ် ….. (မှန်ပါ့)၊ လျှာရှည်တယ်ဆိုတာ အမြင်ပြောတာ၊ ဟို ဓမ္မတွေ ရှည်ထွက်သွားတော့ အများကြီးမသွားဘူးလား …… (သွားပါတယ်ဘုရား)။

ဓမ္မတွေရှည်ထွက်သွားတာ

ဒါဖြင့် လျှာရှည်တာလား အုန်းကြည်၊ ဓမ္မတွေ ရှည်ထွက်သွားတာလား….. (ဓမ္မတွေရှည်ထွက်သွားတာပါဘုရား)၊ ပဋိစ္စသမုပ္ပါဒ်ရှည်သွားတာ …. (မှန်ပါ့)၊ ကောင်းသေးရဲ့ လား …. (မကောင်းပါဘုရား)။

ပဋိစ္စသမုပ္ပါဒ် တစ်ခုလုံးကလဲ ပေါ်သရွေ့ ဟာ “ဧ၀မေတဿ ကေ၀လဿ ဒုက္ခက္ခန္ဓဿ ”

ဒုက္ခသစ္စာချည်းပေါ် သွားတာပဲ ….. (မှန်ပါ့)၊ ရှင်းပလား …. (ရှင်းပါပြီဘုရား)။

ဒါဖြင့် ဒုက္ခသစ္စာချည်းပေါ်သွားတာကို လျှာရှည်တတ်လို့ရှိရင်ဖြင့် သြော် …. ဒုက္ခတန်းတာပဲ …. (မှန်ပါ့)၊ ပစ္စုပ္ပန် ဒုက္ခလဲ တန်းတာပဲ …. (မှန်ပါ့)၊ အနာဂတ်ဒုက္ခတော မလာပေဘူးလား … (လာပါတယ်ဘုရား)။

ဒါဖြင့် လျှာရှည်တဲ့အပြစ်ဟာ သေးသေးပဲလား ကြီးကြီးပဲလားဆိုတာ အကဲခတ်ကြ …. (ကြီးကြီး အပြစ်သင့်ပါတယ်)၊ ဒါဖြင့် လျှာမရှည်နဲ့ …. (မှန်ပါ့)၊ ရှင်းပလား …. (ရှင်းပါပြီ ဘုရား)၊ ဒါကြောင့် မိန်းမတွေက လျှာရှည်ရင် ယောက်ျားတွေက အော်ထုတ်တာကော ရိပ်မိလား …. (ရိပ်မိပါပြီ)၊ မင်းဟာ ရှည်ပဲရှည်လွန်းတယ်၊ ပြီးလဲပြီးရောပေါ့။

ဟိုမှာ ပဋိစ္စသမုပ္ပါဒ် ယောက်ျားကလဲ ဖြတ်တော့ ဖြတ်ပေးတာပဲ၊ သို့သော် …. ဒေါသနဲ့ ဖြတ်တယ်၊ ဥာဏ်နဲ့ ဖြတ်တာမဟုတ်ဘူး၊ ဟိုကလဲ ရှည်မြဲရှည်နေတာပဲ၊ ဒယ်အိုး မရောက်ရင်ကို မရပ်ချင်ဘူး သူက … (မှန်ပါ့)။

အပါယ်ဒယ်အိုး မရောက်ရင် ဘယ့်နှယ့်တုံး …. (မရပ်ချင်ပါဘုရား)၊ မရပ်ချင်ဘူး။

ရှူစိတ်၊ ရှိုက်စိတ်တောင်ဖြစ်ပျက်ရှု

အဘွားကြီးတွေ နားလည်ရဲ့ လား ….. (လည်ပါတယ်ဘုရား)၊ ကဲ …. ဒါဖြင့် အခုပြောခဲ့တာတွေ ကုသိုလ်လာလဲ ရှုရုံပဲနော် …. (မှန်ပါ့ဘုရား)၊ မေတ္တာလဲ …. (ရှုရုံပါပဲဘုရား)၊ ရှုရုံပဲ ယုတ်စွအဆုံး ဘုန်းကြီး သင်ထားတာက ရှူစိတ်၊ ရှိုက်စိတ်တောင် ဘာလုပ်ရမတုံး … (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

ရှူရမယ်၊ ရှူစိတ်လာလဲ သူလာချင်တာလဲ လာချင်တာ လာမှာပဲ၊ မောမောပန်းပန်းရှူရင် ဒေါသစိတ်နဲ့ ရှူချင် ရှူမယ်၊ ….. (မှန်ပါ့)၊ ငါဖြင့် ဟေ့ …. သက်ပြင်းကြီးချပြီး ရှူတဲ့အခါကျတော့ စားတောင်မစားချင်ဘူ၊ အင်း … ဒေါသနဲ့ ရှူတာ …. (မှန်ပါ့ဘုရား)။

တစ်ခါတလေကျတော့လဲ ရှူလို့ကောင်း ရှိုက်လို့ကောင်းနဲ့ ကိုယ့်ဟာကိုယ်မြိန် နေတဲ့အခါကျတော့ လောဘနဲ့ ရှူနေတာ …. (မှန်ပါ့)၊ မဟုတ်ဘူးလား…. (ဟုတ်ပါတယ်ဘုရား)။

အဲဒီတော့ သူတို့လဲ ပဋိစ္စသမုပ္ပါဒ် ဆက်မှာလား မဆက်တော့ဘူးလား ….. (ဆက်မှာပါ)၊ ဆက်မှာဖြစ်တော့ ရှူစိတ်လဲ ဘာလုပ်ရမလဲ ….. (ဖြစ်ပျက်ရှုရပါမယ်)၊ ရှိုက်စိတ်ကိုကော ….. (ဖြစ်ပျက်ရှုရပါမယ်ဘုရား)။

စိတ် (၁၂) မျိုးဖြစ်ပျက်ရှု

ဖြစ်ပျက်ရှုဆိုတော့ ရှူစိတ် ရှိုက်စိတ်ကို အမြဲရှု၊ ကျန်တဲ့ ခုနင်က ပြောခဲ့တဲ့မြင်စိတ် ကြားစိတ် နံစိတ် စားစိတ် ယားယံ နာစိတ် လောဘစိတ် ဒေါသစိတ် မောဟစိတ် အလောဘစိတ် အဒေါသစိတ်ဆိုတဲ့ ဆယ့်နှစ်မျိုးပေါ့ဗျာ ….. (မှန်ပါ့)။

ဆယ့်နှစ်မျိုးရှိတဲ့အနက်က နှစ်မျိုးကို အမြဲသာရှု၊ ကျန်တာကို ပေါ်မှရှု ….. (မှန်ပါ့)၊ သူကတော့ အမြဲတမ်း သက်စောင့်မို့ ….. (မှန်ပါ့)၊ “အဿာသ ပဿာသာ ကာယသင်္ခါရောကိုး”

ဘုရားက ဟောတာ ….. (မှန်ပါ့)၊ အဿသ ပဿသာ = ထွက်သက် ၀င်သက်တို့သည်၊ ကာယသင်္ခါရော = ကိုယ်ကိုပြုပြင်နေတာကွတဲ့ဆိုတော့ သက်စောင့်သွားဖြစ်တယ် ….. (မှန်ပါ့)၊ ရှင်းပလား … (ရှင်းပါပြီဘုရား)။

လူများသေတယ်- မသေတယ် ဂွမ်းကလေးထားကြည့် ထွက်စိတ်ကလေး ရှိသေးသလား၊ ၀င်စိတ်ကလေးရှိသေးသလားဆိုတာ ဒီကနေ လှမ်းသိတယ်၊ လေကနေပြီးသကာလ လေကိုစိတ်ကလုပ်ထားတာ ….. (မှန်ပါ့)၊ လေကို စိတ်လုပ်တဲ့အခါကျတော့ လေစမ်းတာလား၊ စိတ်စမ်းတာလား …. (စိတ်စမ်းတာပါဘုရား)။

လေကတော့ ခန္ဓာကိုယ်ထဲမှာ ရှိလျက်ပေါ့၊ စိတ်မရှိလို့ ရှိရင်သေတာပဲ ….. (မှန်ပါ့)၊ သဘောကျပလား …. (ကျပါပြီဘုရား)။

လေကတော့ သေမလို့ ရောင်ဖောလာတာ လေတွေပေါ့ဗျ ….. (မှန်ပါ့)၊ စိတ်မရှိတော့ သေတာပဲ ….. (မှန်ပါ့ဘုရား)။

ဒါကြောင့် ထွက်လေ ၀င်လေ အားထုတ်တဲ့ စိတ်ကိုလဲ အဿာသ ပဿာသ ကာယသင်္ခါရော လို့ ဘုရားကဟောထားသောကြောင့် ယမိုက်ကျမ်းမှာ ….. (မှန်ပါ့)၊ ရှုရမှာပဲ ….. (မှန်ပါ့ဘုရား)၊ ရှင်းပလား …. (ရှင်းပါပြီ)၊ ကဲ ….. ရှုတတ်ကြပလား …. (ရှုတတ်ပါပြီဘုရား)။

အမြဲတမ်း ရှုရမှာက နှစ်ခု

ဒါဖြင့် အမြဲတမ်း ရှုရမှာက နှစ်ခု ၊ ယာယီရှုရမှာက ဆယ်ခုနော် …. (မှန်ပါ့)၊ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ ဟော …. ဆယ်ခု၊ သဘောကျပလား ….. (ကျပါပြီ)၊ ဒီဆယ်ခုက ပေါ်မှရှုပါ၊ အမြဲတမ်းရှုရမှာက …. (နှစ်ခုပါ)၊ ပေါင်းလိုက်တော့ ဆယ်နှစ်ခု … (မှန်ပါ့)။

ဟို …. မုံရွာက ဒကာမကြီး ဒါကအလုပ်ပေးနေတာ၊ နားလည်ရဲ့လား …. (နားလည်ပါတယ်)၊ အေး….. ဒါအလုပ်ပေးနေတာ …. (မှန်ပါ့)၊ သူက မုံရွာကတောင် လိုက်လာခဲ့ရတယ်၊ လွယ်တာမဟုတ်ဘူးကွ …. (မှန်ပါ့ဘုရား)။

ဟိုမှာတော့ တရားနာနေရတယ်၊ ဘုန်းကြီး ….. ဟောတဲ့တိတ်ခွေကို၊ ဘုန်းကြီးကိုတော့ မတွေ့ဖူးဘူး သူ …. (မှန်ပါ့ဘုရား)။

ကိုင်း …. ဒါဖြင့် ဒါကို ဘယ်သူတွေ ဟောပါသတုံးလို့မေးတော့ အနာထပိဏ်သူဌေးကြီးကို ရှင်သာရိပုတ္တရာက ဟောနေတာ ….. (မှန်ပါ့)၊ ရိပ်မိကြပလား ….. (ရိပ်မိပါပြီ ဘုရား)။

ဒါ မစွဲလမ်းလို့ရှိရင်ဖြင့် နောက်ခန္ဓာ မလာပါဘူးဆိုတာ ဖြစ်ပျက်ရှုတဲ့ ပုဂ္ဂိုလ်နောက် ခန္ဓာမလာဘူးလို့ ပြောတာ ….. (မှန်ပါ့ဘုရား)။

ဒါတွင်မကဘူး ဒကာကြီး …… တဲ့၊ ရှေ့ ကို ဆက်ဟောတယ်၊ ဦးအောင်ဇံဝေ ဒါ ….. မနေ့က မပါဘူး၊ ဒီနေ့ ထည့်လိုက်တယ် ….. (မှန်ပါ့ဘုရား)။

ဟိုဘ၀လဲ မစွဲလိုက်ပါနဲ့

ဟိုဘ၀လဲ မကောင်းဘူး၊ ဟိုဘ၀လဲ မစွဲလိုက်ပါနဲ့ ငါသေရင် နတ်ဖြစ်လိမ့်လို့ မစွဲလိုက်ပါနဲ့၊ ငါသေရင် ဗြဟ္မာဖြစ်လိမ့်မယ်လို့ နောက်ဘ၀လဲ မစွဲလိုက်ပါနဲ့၊ စွဲလို့ရှိရင် စွဲတဲ့နေရာမှာ ဒုက္ခရောက်ပါလိမ့်မယ် …. (မှန်ပါ့)၊ ကဲ …. သဘောပါကြရဲ့ လား …. (ပါ ပါတယ်ဘုရား)။

ကျုပ်တို့ နောက်ဘ၀ ကောင်းမှာပါ၊ အင်း …. ဘေးကနေပြီး မီးရှို့ပေးတဲ့လူက တစ်ပုံကြီးပဲ မသိတော့ ….. (မှန်ပါ့)၊ နောက်ဘ၀တော့ ကျုပ်ကောင်းစားမှာ။

ဒီကတော့ ဟိုဘ၀တောင် မစွဲပါနဲ့၊ စွဲလို့ရှိရင် ဟိုဘ၀လာနေမှာစိုးလို့ …… (မှန်ပါ့)၊ ရှင်းပလား ….. (ရှင်းပါပြီဘုရား)။

ဒါဖြင့် ဟိုဘ၀ …. ဒီဘ၀ တောင့်တကောင်း၊ မတောင့်တကောင်း စဉ်းစားကြည့်စမ်း ….. (မတောင့်တကောင်းပါဘုရား)၊ မတောင့်တကောင်းကြောင်း အခု ရှင်သာရိပုတ္တရာ ဟောနေပြီ …. (မှန်ပါ့)။

ဟိုဘ၀၊ ဒီဘ၀ မတောင့်တပါနဲ့

ဒကာကြီး ဟိုဘ၀ ဒီဘ၀တောင် မတောင့်တနဲ့ ….. မစွဲနဲ့၊ စွဲရင်သွားဖြစ်လိမ့်၊ ကဲ ….. မောင်အောင်မြ ရိပ်မိပလား …. (ရိပ်မိပါပြီဘုရား)။

ဒါဖြင့်ကွာ ဆွမ်းတော်ပွဲ၊ ကွမ်းတော်ပွဲ၊ ဖယောင်းတိုင် မီးတွေနဲ့ ဟိုဘ၀ ဒီဘ၀တွေများ စုန်ချည်ဆန်ချည်နဲ့များ လုပ်နေလိုက်တဲ့ဥစ္စာ မြစ်ထဲမှာ စုန်ချည်ဆန်ချည်ဆိုရင် ကြည့်မကောင်းပါဘူး …. (မှန်ပါ့)၊ ကောင်းကြရဲ့လား …. (မကောင်းပါဘုရား)၊ စုန်တဲ့လူ မောတာရှိတာပဲ၊ မဟုတ်ဘူးလား …. (မှန်ပါ့)၊ ဒီ့ပြင် ဘာများရှိသေးသတုံး …. (မရှိပါဘုရား)။

ဒါဖြင့် ခင်ဗျားတို့အထဲ စုန်ချည်ဆန်ချည်များ ပါသေးသလား ….. (မပါ ပါ)၊ စုန်ချည် ဆန်ချည် မပါတော့ဘူး ….. (မှန်ပါ့)။

စုန်ချည်ဆန်ချည်ဆိုတာက အမောဆိုက်တာ၊ ပဋိသန္ဓေစုတိ၊ စုတိပြီ ပဋိသန္ဓေလှည့်တယ်၊ ရှင်းပလား …. (ရှင်းပါပြီ)၊ စုတိကလဲ ဘာသစ္စာတုံး ….. (ဒုက္ခသစ္စာပါဘုရား)။

စုတိနေပြီ ဆန်သွားပြန်ပြီ ပဋိသန္ဓေနေပြန်တော့ကော ….. (ဒုက္ခသစ္စာပါဘုရား)၊ ပြန်ပြီးသကာလ စုန်ပြန်ပြီ စုတိဘက်ကို …. (ဒုက္ခသစ္စာပါ)၊ ဘယ်ဟာကြိုက်သတုံး ….. (ဘယ်ဟာမှ မကြိုက်ပါဘုရား)။

စုန်ချည်၊ ဆန်ချည်တွေနဲ့ ခက်နေတယ်

ဒါဖြင့် မင်းတို့ ဘယ်သူကများ သင်ထားတာတုံး စုန်ချည်ဆန်ချည်တွေနဲ့ အတော်ခက်နေတာ လှညွန့်ကြီးတို့များ ဟင် ….. (မှန်ပါ့)၊ မခက်ဘူးလား …. (ခက်ပါတယ်ဘုရား)။

နောက်က ဒကာ ဒကာမတွေက စုန်ချည်ဆန်ချည်ကော ရှေးကတောင်းဖူးသလား … (တောင်းဖူးပါတယ်)၊ မတောင်းနဲ့၊ တောင်းတာတွေလဲ အကုန် အခု ၀ိပဿနာနဲ့ ဖျက်ချ …. (မှန်ပါ့ဘုရား)။

ဒကာကြီး ဟိုဘ၀လဲ မစွဲပါနဲ့၊ ဒီဘ၀လဲ မစွဲပါနဲ့၊ သဘောကျပလား … (ကျပါပြီဘုရား)။

ဒါဖြင့် ဟိုဘ၀ …. ဒီဘ၀ကို တောင့်တကောင်း - မတောင့်တကောင်း ၀ိပဿနာသမားများ မှာ ပေါ်ပလား …. (ပေါ်ပါပြီ)၊ မသိတဲ့လူ တောင်းတာတော့ ဘုန်းကြီးတို့အပြစ်မဆိုပါဘူး၊ သူက ဒါလောက်သိလို့ ကမ္မဿကတဉာဏ်လောက် သိလို့ကိုး၊ ဒါကတော့ ကံပြတ်ကိုးဗျ …. (မှန်ပါ့)။

ဦးအောင်ဇံဝေ ရိပ်မိပလား …. (ရိပ်မိပါပြီဘုရား)၊ ဒါကဘာတုံး …. (ကံပြတ်ပါဘုရား)။

ဟိုဟာတွေကတော့ ကံကနေ အကျိုးပေးဆက်တာ၊ ရှင်းကြပလား ….. (ရှင်းပါပြီဘုရား)။

လက်ရှိဒုက္ခ၀ဋ်မှ ကျွတ်ရပါလို၏

ဒါဖြင့် ဘာပဲလှူလှူ၊ ဘာပဲတန်းတန်း ဘာလုပ်ကြမတုံးလို့ မေးလို့ရှိရင်ဖြင့် …. တဲ့၊ လက်ရှိ ဒုက္ခ၀ဋ်မှ ….(ကျွတ်ရပါလို၏ ဘုရား)။

ဒါဖြင့် ခန္ဓာဆုံး နိဗ္ဗာန်ကိုး …. (မှန်ပါ့)၊ ဘယ်ဘ၀မှ မလိုချင်တဲ့ဥစ္စာ တဏှာကလဲ မဆုံးဘူးလား ….. (ဆုံးပါတယ် ဘုရား)။

ဒါဖြင့် ခန္ဓာဆုံး နိဗ္ဗာန်၊ တဏှာဆုံး နိဗ္ဗာန်ဆိုတာတွေဟာ ဒီဆုတောင်းတွေ ရပ်စဲရမယ် …. (မှန်ပါ့)၊ တောင်းပါတဲ့ ဒုက္ခ၀ဋ်မှ ကျွတ်ရပါလို၏လို့ တောင်းလိုက်တာပေါ့၊ အာသဝေါကုန် ရပါလို၏လို့ တောင်းလိုက်တာပေါ့၊ မဟုတ်ဘူးလား ….. (မှန်ပါ့ဘုရား)။

သို့သော်လည်း အဲဒီကောင်းတာလည်း မကောင်းသေးပါဘူး၊ မျက်မြင်ဒုက္ခသိပြီ တောင်းရင် သာကောင်းတယ် ….. (မှန်ပါ့ဘုရား)၊

မျက်မြင်ဖြစ်ပျက်တွေပဲ၊ ဖြစ်ပျက် ဘာသစ္စာတုံး ….. (ဒုက္ခသစ္စာပါဘုရား)။

အဲဒီဒုက္ခကို သိ၊ ဒီ မရပ်မနားသေနေရတဲ့ ဒုက္ခ၀ဋ်ကြီးမှ လွတ်ရပါလို၏၊ အဲဒါမှ ရန်သူလိုက်လို့ ပြေးသလိုပေါ့ဗျာ …. (မှန်ပါ့)၊ ရန်သူလိုက်တော့ သာမည ပြေးသလား၊ အားကုန်ပြေးသလား … (အားကုန်ပြေးပါတယ်ဘုရား)။

ဒီမှာလည်း တကယ်ဒုက္ခမြင်တော့ တကယ့်ကို နိဗ္ဗာန်ကို လိုချင်တဲ့ဆန္ဒ ပြင်းပြလာတယ် …. (မှန်ပါ့)၊ ရှင်းပလား ….. (ရှင်းပါပြီဘုရား)။

ဟိုဘ၀၊ ဒိဘ၀ဆုမတောင်းကောင်းဘူး

ဒါဖြင့် အရှင်သာရိပုတ္တရာက ဟိုဘ၀၊ ဒီဘ၀တောင် မစွဲပါနဲ့ ဒကာကြီးလို့ ဟောလိုက်တယ် …. (မှန်ပါ့)၊ ကဲ …. ဟိုဘ၀၊ ဒီဘ၀ ဆုတောင်းကောင်း မတောင်းကောင်း ….. (မတောင်းကောင်းပါ)၊ တောင်းရင် ဘာဖြစ်မယ် ထင်ကြသတုံး ….. (ဒုက္ခဖြစ်ပါမယ်)၊ ဒုက္ခသစ္စာရမယ် ….. (မှန်ပါ့)၊ ရှင်းပလား …. (ရှင်းပါပြီဘုရား)။

တောင်းရင် ဘာရမယ် …. (ဒုက္ခသစ္စာရပါမယ်)၊ ဒုက္ခသစ္စာဖြင့်ကွာ တောင်းမယူပါနဲ့ လက်ရှိနဲ့ကျေနပ်ပါတော့၊ အခု တောင်းနေတဲ့ ခန္ဓာကြီးဟာ ဘာသစ္စာတုံး …. (ဒုက္ခသစ္စာပါ ဘုရား)။

သြော် …. ခက်လိုက်တဲ့ဖြစ်ခြင်း ဒီဒုက္ခသစ္စာကြီး ရှိလျက်နဲ့ အသစ် ဒုက္ခသစ္စာ လိုချင်သေးတယ်ဆိုတော့ မောင်အောင်ချီစုံလုံးကန်းကွ …. (မှန်ပါ့)။

မဆိုထိုက်ဘူးလား …. (ဆိုထိုက်ပါတယ်ဘုရား)၊ လက်ရှိမမြင်တာက တစ်ဖက်ကန်း၊ လာလတံ္တ့  ဒုက္ခမသိတာက ….. (တစ်ဖက်ကန်းပါ)၊ ဘယ်လောက်ကန်းသွားသတုံး …. (နှစ်ဖက်ကန်းပါတယ်ဘုရား)၊ စုံလုံးကန်းဖြစ်သွားတယ် ရိပ်မိပလား …. (ရိပ်မိပါပြီဘုရား)။

ဆရာမှားနဲ့တွေ့မှာ ကြောက်စရာကောင်းတယ်

အတော်ကြောက်စရာကောင်းတယ်၊ ဒါကြောင့် ဆရာမှားနဲ့ တွေ့မှာလောက် ကြောက်စရာ ကောင်းတာရှာမတွေ့ဘူး မောင်အောင်မြ ….. (မှန်ပါ့)။

တောင်းကွ …. တောင်းမှ ပြည့်တော့မပေါ့၊။ အံမာလေး …. နောက်ကနေပြီ တုတ်နဲ့ရိုက်ပြီး အတောင်းခိုင်းတာလဲ ရှိသေးတယ်၊ ဆုတောင်းတဲ့ဥစ္စာလဲ ဒုက္ခသစ္စာလို့ သူက မကွဲဘူး၊ ဒုက္ခသစ္စာယူတာပါလို့ မကွဲဘူး၊ ကဲ ….. ဆရာမှားတာ ဘယ်လောက်ကြောက်စရာကောင်းသတုံး …. (ကောင်းပါတယ်ဘုရား)။

ဦးအောင်ဇံဝေ ဆရာမှားတာ …. (ကြောက်စရာကောင်းပါတယ်ဘုရား)။

ရာဟုလာအလောင်း ဆရာမှားနဲ့တွေ့

ဟို …. ရာဟုလာ အလောင်းဟာ ဆရာရသေ့မှားနဲ့ တွေ့လိုက်တာ နဂါးကြီးဖြစ်သွားတယ် …. (မှန်ပါ့)၊ ရာဟုလာ ရာဟုလာ …. (မှန်ပါ့ဘုရား)။

နဂါးကြီးသွားဖြစ်ရတယ်ဆိုတော့ လူစင်စစ်ကနေပြီ စုတေတော့ နဂါးကြီး သွားဖြစ်ရတယ်ဆိုတော့ သူ့ဆရာရသေ့ အလို …. (မှန်ပါ့)၊ သူက ရသေ့ကိုးကွယ်ထားတာကိုး …. (မှန်ပါ့)။

ရသေ့က နေ့လယ်ကျရင် နဂါးပြည်သွာပြီး သူကအိပ်တယ်၊ တန်ခိုးရှိတာကိုး၊ လောကီဈာန်ရတဲ့ ရသေ့ကိုး …. (မှန်လှပါဘုရား)။

အရှင်ဘုရား …. နေ့လည်ဘယ်ကြွနေသတုံး၊ ဟာ …. ဘူမိန္ဒရနဂါးမင်းကြီးနေရာ အင်မတန်ကောင်းလွန်းလို့ အဲဒီသွားပြီး နေ့သန့်စင်အိပ်တယ်ကွာ။

တကယ်ကောင်းတာလားဘုရား၊ အို ….. ရွှေနန်းဗိမာန်၊ ပဒေသာပင် စုံနေတာပဲ၊ ကောင်းတယ်လို့ သူက တာဝန်ခံလိုက်တယ် …. (မှန်ပါ့)။

သေတော့ နဂါးကြီးသွားဖြစ်တယ်

ဟို …. ရာဟုလာ အလောင်းကလေးက ဒါကို ညွတ်လိုက်တာပေါ့၊ သေတော့ နဂါးကြီးသွားဖြစ်တယ် ….. (မှန်ပါ့)။

ဒါ ဘာမှားတာ ထင်သတုံး ….. (ဆရာမှားတာပါ ဘုရား)၊ အဲ …. ခင်ဗျားတို့လဲ ဘုံဘ၀တောင်းလို့ရှိရင် ဒါမှားပြီ အောက်မေ့ပေတော့ ….. (မှန်ပါ့)၊ ဆရာမှားပဲ …. (မှန်ပါ့)၊ ရှင်းပလား …. (ရှင်းပါပြီဘုရား)။

ကိုင်း …. ဒါနဲ့ပဲ အခုပြောခဲ့ပါပြီ၊ တောင်းချင်တဲ့ စိတ်ကလေးများလာရင် တောင်းတဲ့ တဏှာဖြစ်ပျက်ရှု ….. (မှန်ပါ့ဘုရား)၊ ရှင်းပလား …. (ရှင်းပါပြီဘုရား)။

တောင်းတဲ့တဏှာကလေးများ နှုတ်တက်လို့ လာလိုက်ရင်လေ …. (ဖြစ်ပျက်ရှုရပါမယ်ဘုရား)၊ ဖြစ်ပျက်ရှုပြီး ချလိုက်တော့ တဏှာက ဥပါဒါန်သွားသေးရဲ့ လား …. (မသွားပါဘုရား)။

ဒါဖြင့် ကံပြတ်သွားပြီ၊ ဒီလို ဖြစ်ပျက်ရှုတဲ့ ပုဂ္ဂိုလ်ကျတော့ ကံပြတ်တယ် …. (မှန်ပါ့)၊ ကံမှ မရှိဘဲနဲ့ အကျိုးပေးချင်လို့ကော …. (မဖြစ်နိုင်ပါဘုရား)၊ မဖြစ်နိုင်ဘူးဆိုတာ သေချာကြပလား …. (သေချာပါပြီဘုရား)။

သြော် …. အင်မတန် အရေးကြီးပါကလားဆိုတာ ဦးအောင်ဇံဝေ ခင်ဗျားခုနစ်ဆယ်နီးပါးမှ ဒါကိုလာတွေ့ရတယ်၊ တော်သေးတာပေါ့ …. (မှန်ပါ့)၊ နို့မဟုတ်ရင် ရန်ကုန် ဘုရားကြီးတက်ပြီး ခင်ဗျားတို့က ၀ယ်ချင်တာဝယ် ခြမ်းချင်တာခြမ်းပြီး ရှည်လိုက်တာ တောင်းလိုက်တဲ့ဆုက ဟင် …. မရှည်ခဲ့ဘူးလား …. (ရှည်ပါတယ်ဘုရား)၊ ရှည်မှားကြီး၊ သဘောကျပလား …. (ကျပါပြီဘုရား)။

ရှည်ပြီးတော့မှ ဒုက္ခရောက်မှာ …. (မှန်ပါ့)၊ တောင်းရတာလဲ မလွယ်လှဘူး၊ ရမှာကလဲ ဒုက္ခသစ္စာ …. (မှန်ပါ့ဘုရား)၊ ဆိုတော့ မောင်အောင်ချီ အမြတ်ထွက်သေးသလား …. (မထွက်ပါဘုရား)၊ ရှင်းကြပလား …. (ရှင်းပါပြီဘုရား)။

ဟိုဘ၀၊ ဒီဘ၀ မတောင်းပါနဲ့

အခု ရှင်သာရိပုတ္တရာက ဘာမတောင်းရဘူးတဲ့တုံး၊ ဟိုဘ၀ ဒီဘ၀တောင် …. (မတောင်းရပါဘုရား)၊ မတောင်းပါနဲ့ မစွဲပါနဲ့ ဒကာကြီးဆိုတော့ ဟိုဘ၀ ဒီဘ၀မစွဲပါနဲ့ဆိုတာ တစ်ခါတည်း ရဟန္တာဖြစ်အောင် သူဟောနေတာ … (မှန်ပါ့)၊ ဘ၀ဆုံးရင် နိဗ္ဗာန်ရောက်အောင် ဟောချလိုက်တာ၊ ရဟန္တာဖြစ်အောင် ဟောချလိုက်တာ …. (မှန်ပါ့)။

မြင်ဖူး၊ ကြားဖူးတာတွေ မစွဲနဲ့

ယုတ်စွအဆုံး ဒကာကြီးတဲ့၊ ဟိုဘ၀ ဒီဘ၀ မတောင်းနဲ့တဲ၊ မြင်ဖူးကြားဖူးလို့ သူမျာပြောသံကြားတာတွေကိုလည်း ခင်ဗျားတို့က မစွဲနဲ့တဲ့၊ သူများက နတ်ပြည်ကောင်းတယ်၊ ဗြဟ္မာ့ပြည်ကောင်းတယ်၊ ဘယ်လိုကောင်းတယ်၊ ညာလိုကောင်းတယ်၊ အဲဒါတောင် မစွဲနဲ့တဲ့၊ အကုန်ပယ်ချတယ် …. (မှန်ပါ့)၊ ဒိဋ္ဌိ သုတ မုတ ၀ိညာတတွေတောင် မစွဲနဲ့ ဒကာကြီးလို့ သေသေချာချာ ဟောတယ် …. (မှန်ပါ့)၊ သဘောပါပလား …. (ပါ ပါပြီဘုရား)။

စွဲရင်ဘာဖြစ်မယ်ထင်သတုံး၊ ဟိုပဋိသန္ဓေကို သွားသွားနေမယ်၊ စွဲရာကို ပဋိသန္ဓေ မနေပေဘူးလား …. (နေပါတယ်)၊ ကဲ …. ဘယ်လောက်ကြောက်စရာ ကောင်းသတုံး …. (ကောင်းပါတယ်ဘုရား)။

ဒါကြောင့် ငါဘုရားသခင်ကိုယ်တော်မြတ်ကြီးကွာ ….. တဲ့၊ သာရိပုတ္တရာ - သတ္တ၀ါတစ်ဦး တစ်ယောက်မှာ အပြစ်အကြီးဆုံးသင့်တာ ငါပြောမယ်ကွတဲ့၊ ဥပရိပဏ္ဏာသမှာပဲ လာတယ်၊ သတ္တ၀ါ တစ်ဦးတစ်ယောက်မှာ အပြစ်အကြီးဆုံး သင့်တာ ငါပြောမယ်တဲ့၊ ဒီဘ၀ စုတေပြီး နောက်ဘ၀ ပဋိသန္ဓေနေတာဟာ အပြစ်အကြီးဆုံး သင့်တာပဲ …. (မှန်ပါ့)။

အပြစ်အကြီးဆုံးသင့်တာ

ဘာတဲ့တုံး … (ဒီဘ၀ကစုတေပြီ နောက်ဘ၀ ပဋိသန္ဓေနေတာဟာ အပြစ်အကြီးဆုံး သင့်တာပါဘုရား)။

ဘာဖြစ်လို့တုံးလို့ မေးတဲ့အခါ စုတိက ဘာသစ္စာတုံး ….. (ဒုက္ခသစ္စာပါ)၊ ဒါဟာ ဒီဘ၀သေတာနော် … (မှန်ပါ့)၊ နောက်ရတာက ပဋိသန္ဓေ၊ ပဋိသန္ဓေက ဘာသစ္စာတုံး … (ဒုက္ခသစ္စာပါ)၊ ဒါဖြင့် ဒုက္ခပြီး ဒုက္ခဆက်ရတာ အပြစ်အကြီးဆုံး သင့်တာပေါ့ …. (မှန်ပါ့)၊ မသင့်ဘူးလား …. (သင့်ပါတယ် ဘုရား)။

ဒီ ဒုက္ခကြီး လွတ်သွားတယ်ဆိုရင် အပြစ်သင့်သေးရဲ့လား …. (မသင့်တော့ပါဘုရား)၊ ဒီ ဒုက္ခပြီး ဟိုဒုက္ခရတယ် ဆိုရင် ….. (အပြစ်သင့်ပါတယ်ဘုရား)။

ဟိုဘ၀ ဒီဘ၀ မလိုချင်နဲ့

အဲဒီဥစ္စာကိုလဲ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောတဲ့အတွက် ဟိုဘ၀ ဒီဘ၀မတောင်းနဲ့ ဒကာကြီးရ၊ မလိုချင်နဲ့ဆိုတဲ့ စကားဟာလဲ ရှင်သာရိပုတ္တရာကလဲ တိုက်ရိုက်ဟောတယ် …. (မှန်ပါ့)၊ ဘုရားကလဲ တိုက်ရိုက်ဟောတယ်၊ ဒါက ဆန္နသုတ်မှာ …. (မှန်ပါ့)၊ အခုဟာကတော့ အနာထပိဏ္ဍိ

ကောဝါဒသုတ်မှာ ဟောတယ် …. (မှန်ပါ့)၊ ရှင်းပလား …. (ရှင်းပါပြီဘုရား)။

ဒီနေ့တရားမှာ အသားတွေချည်းပဲဆိုတော့ ဦးအောင်ဇံဝေ မှတ်ရမယ် …. (မှန်ပါ့ဘုရား)၊ သဘောပါကြပလား ….(ပါ ပါပြီဘုရား)။

ကောင်းပြီ … ဒါဖြင့် နိဗ္ဗာန်ရောက်တရားပဲ ပါတယ်၊ ဘ၀လည်စရာပါသေးရဲ့လား …. (မပါ ပါဘုရား)။

သူဌေးကြီးမျက်ရည်ကျတယ်

ဒီလိုဟောလိုက်တော့ အနာထပိဏ်သူဌေးကြီး မျက်ရည်ကျတယ်၊ မျက်ရည်ကျတော့ ရှင်အာနန္ဒာက သောတာပန်ပဲ ရှိသေးတာကိုး၊ သူက အကဲခတ်လွဲကုန်တယ်၊ ဒကာကြီး ဒကာကြီးမှာ ချမ်းသာတဲ့ပစ္စည်းတွေရော သားသမီးတွေရော ဒါတွေစွန့်ရမှာကြောက်လို့ မျက်ရည်ကျတာ ထင်ပါရဲ့တဲ့။

အရှင်ဘုရား …. ဒီလိုတော့ မပြောနဲ့၊ တပည့်တော် ဒါတွေမစွဲပါဘူး၊ သောတာပန်ကြီးပဲ၊ ဒါတွေမစွဲဘူးဘုရား … ဒါကို အရှင်ဘုရား အကဲခတ်မလွဲပါနဲ့ တပည့်တော် မျက်ရည်ကျတာ ဒီနိဗ္ဗာန်ပေါက်တရား ဘုရားနဲ့ နှစ်ပေါင်းများစွာ အရှင်ဘုရားတို့နဲ့လဲ နေခဲ့တယ်၊ ဘယ်ဟာမှ မစွဲနဲ့ဆိုတဲ့ ဥစ္စာကိုတပည့်တော် မနာရဖူးဘူးတဲ့ ….. (မှန်ပါ့)။

အခုမှ နာရတော့ ဒါမှ ရဟန္တာဖြစ်တဲ့ တရားဆိုတာ တပည့်တော်က ရိပ်မိတော့ သြော် …. ငါ့မှာ နှစ်ပေါင်းများစွာ ဒီဆရာသမားတွေ ကိုးကွယ်ပါလျက်သားနဲ့ ဒါလောက်မွန်မြတ်တဲ့တရားကို မနာခဲ့ရဖူးဘူး ဒါ ….. ၀မ်းနည်းလို့ ငိုတာပါ၊ သဘောပါပလား ….. (ပါ ပါပြီဘုရား)။

မင်းတို့ ကံကောင်းတယ်ဆိုတာ မပေါ်သေးဘူးလား …. (ပေါ်ပါပြီဘုရား)။

ဒီတရားမျိုးကို ဟောရစ်ပါ

ကဲ … ဒါနဲ့ အနာထပိဏ်သူဌေးကြီးလဲ ၀ိညာဉ်မချုပ်သေးတော့ စကားပြောတာပေါ့လေ …. နော် … (မှန်ပါ့)။

အရှင်ဘုရားတို့တဲ့ …. တပည့်တော်တော့ ဒီဝေဒနာက မပျောက်ပါဘူး …. တဲ့၊ သေမှာပါပဲတဲ့၊ အရှင်ဘုရားတို့၊ ဒီတရားမျိုးကို ဒကာ ဒကာမတွေအား ဟောရစ်ပါ …. တဲ့၊ မှာ ရှာတယ်၊ ဒို့အတွက်ပေါ့ကွာ၊ မှာရှာတယ် … (မှန်ပါ့)။

ဒါနဲ့ ရှင်သာရိပုတ္တရာက ပြောလိုက်တယ်၊ ဒီတရားဟာ ဒကာကြီး …. မဟောချင်လို့ မဟုတ်ဘူး ဟောရမည့် တရားပါပဲ …. တဲ့၊ သို့သော်လဲ လူတွေမှာဆိုတော့ သားစွဲလမ်း၊ သမီးစွဲလမ်း၊ ပစ္စည်းစွဲလမ်းဆိုတော့ တရားက နက်ပြီးသကာလ သူတို့က အမိုက်ထူနေတယ် … (မှန်ပါ့)။

တရားကတော့ ကောင်းတယ်ပေါ့လေ၊ သူတို့မှာ မထောင်နိုင်တဲ့ နားရှိနေလိမ့်မယ် … တဲ့၊ ဒါ ရှင်သာရိပုတ္တရာက ဟောလိုက်တယ် …. (မှန်ပါ့)။

ထောင်တတ်တဲ့နားရှိကြပါတယ

ဒါနဲ့ အနာထပိဏ်သူဌေးကြီးက တက်လာတယ်၊ အရှင်ဘုရား …. လူမှာလဲ ထောင်တတ်တဲ့ နားရှိတဲ့ ပုဂ္ဂိုလ်တွေ အများကြီးရှိပါတယ် မထောင်တတ်တဲ့နားချည်း အကုန်မဟုတ်ပါဘူး သဘောပါပလား …. (ပါ ပါပြီဘုရား)။

မင်းတို့အခု ထောင်တတ်ပလား …. (ထောင်တတ်ပါပြီ ဘုရား)၊ အို … ငါဈေးထဲသွားဟောမယ်ဆိုတော့ ဈေးနေ့မှာ ဈေးထဲသွားဟောမယ်၊ ဘယ်သူမှ မထောင်တတ်ပါဘူး ….. (မှန်ပါ့ဘုရား)၊ ထောင်တတ်ပါ့မလား … (မထောင်တတ်ပါဘုရား)။ သရက်သီးသည်ကလဲ သရက်သီးရောင်းချင်နေမှာပဲ …. (မှန်ပါ့)၊ ငါးပိ၊ ငါးခြောက်သည်ကလဲ ငါးပိ၊ ငါးခြောက်ပဲ ရောင်းချင်နေမှာပဲ၊ အဲဒီလိုဆိုတော့လဲ ဟုတ်ပါတယ်။

ပုဂ္ဂိုလ်ရွေးပြီး ဟောပါဦး

အခုလို ထောင်တတ်တဲ့နားရှိတဲ့ ပုဂ္ဂိုလ်မှာ ဒီတရားမျိုးမနာရရင် အရှင်ဘုရား …. သံသရာမှာ သွားရောပေါ့။

အဲဒါကြောင့် တပည့်တော်တော့ သေရမှာ မထူးပါဘူး၊ အရှင်ဘုရားတို့ ပုဂ္ဂိုလ်ရွေးပြီးသကာလ ဟောပါဦး တောင်းခံတယ် …. (မှန်ပါ့)၊ ကဲ …. ရိပ်မိလား … (ရိပ်မိပါပြီဘုရား)။

ကဲ …. အရေးမကြီးဘူးလား…. (ကြီးပါတယ်ဘုရား)၊ အရေးကြီးတယ်။ ခုနင်က စကားမှာအကဲခတ်ကြည့်မှ ပေါ်တယ်၊ ဟိုဘ၀ ဒီဘ၀တောင်းဆိုတာ ခင်ဗျားတို့ သူများ ပြောထားတာပါ ….. (မှန်ပါ့ဘုရား)၊ သူများပြောထားတော့ ခင်ဗျားတို့ကလဲ နင်းတောင်းတာပဲ၊ ဘာရယ်လို့ မဟုတ်ဘူး၊ မတောင်းဘူးလား ကဲ …. (တောင်းပါတယ်ဘုရား)။

တောင်းတော့ ဘာသစ္စာရသတုံး အခု …. (ဒုက္ခသစ္စာရပါတယ်ဘုရား)၊ ကဲ …. တောင်းတောင်း - မတောင်းကောင်း အကဲခတ်ပါဦး … (မတောင်းကောင်းပါဘုရား)၊ ဒုက္ခသစ္စာရှိပြီးသား နောက်ထပ်လိုချင်တာ တော်ပါ့မလား … (မတော်ပါဘုရား)၊ အဲဒီမှာ အမှားကြီး ကျွံနေတယ် ….. (မှန်ပါ့)။

နောက်က နားလည်ကြရဲ့လား (လည်ပါတယ်ဘုရား)၊ အေး …. ဒါ သေသေချာချာ မှတ်ပါ။

တုသိတာနတ်ပြည်

ဒါနဲ့ အနာထပိဏ်သူဌေးကြီး ရှုပြီးသကာလ သူဘယ်ဟာမှ မစွဲဘဲနဲ့ သေသွားတယ်နော်၊ သေသွားတော့ တုသိတာနတ်ပြည်မှာ သူရွှေတုံးကြီး ခန္ဓာပေါ့ဗျာ သွားဖြစ်တယ် ဖြစ်မှာပဲ သူကတော့ အထက်မဂ်မှ မရလိုက်ဘဲကိုးဗျ ….. (မှန်ပါ့)၊ အထက်မဂ်မရလိုက်လို့ သွားဖြစ်ရတယ်၊ အကျိုးပေးလိုက်ရသေးတာပေါ့ဗျာ ….. (မှန်ပါ့)။

အဲဒီတွင်မှ သူ့ခန္ဓာကြီး သူကြည့်လိုက်တယ်၊ သူပိုင်ဆိုင်တဲ့ ဥယျာဉ်ဗိမာန် ပဒေသာပင်တွင် ဘုံနန်းတွေ ကြည့်လိုက်တယ်၊ အို … လူမိုက်တို့၏ ပျော်စရာကြီးပါကလား …. (မှန်ပါ့)။

ကောင်းတော့ အကောင်းချည်းပေါ့ကွာ၊ လူမိုက်ဖြင့် ပျော်လိမ့်မယ် …. (မှန်ပါ့)၊ ဒါ သူကိုယ်တိုင် သတိရတယ် ….. (မှန်ပါ့)။

ဘုရားထံဆင်းလာတယ်

ဒါနဲ့ လူ့ပြည်ပြန်ဆင်းမှပဲဆိုပြီ ညနေစုတေပြီး ညနေပဲ ဘုရားဆီပြန်ဆင်းလာတယ် …. (မှန်ပါ့)၊ ပြန်ဆင်းပြီးတော့ သူလျှောက်တာပဲ။

”ကမ္မံ ၀ိဇ္ဇာစ ဓမ္မောစ၊ သီလံ ဇီဝိတ မုတ္တမံ။

ဧတေန မစ္စာ၊ သုဇ္ဈန္တိ၊ န ဂေါတ္တေန ဓနေန၀ါ။ ”

ဆိုပြီးဘုရားကို လာလျှောက်တယ် …. (မှန်ပါ့ဘုရား)။

အဓိပ္ပါယ်က အရှင်ဘုရား ….. တဲ့၊

(၁) ပစ္စည်းပေါသဖြင့်လည်း နိဗ္ဗာန်မရောက်နိုင်ပါဘူးတဲ့ …. (မှန်ပါ့)၊

(၂) အမျိုးအနွယ်ကောင်းသဖြင့်လဲ …. (မရောက်နိုင်ပါဘုရား)၊

(၃) မဂ္ဂင်မှပဲ နိဗ္ဗာန်ရောက်မှာပါဘုရားလို့ လာလျှောက်တယ် …. (မှန်ပါ့)၊

ရှင်းပလား …. (ရှင်းပါပြီဘုရား)။

ပစ္စည်းပေါသဖြင့်လဲ ….. (နိဗ္ဗာန်မရောက်နိုင်ပါ)၊ နင်တို့တစ်တွေလဲ အုန်းကြည်တို့ တစ်တွေလဲ သူတို့တော့ နိဗ္ဗာန်ကပ်နေပြီဘယ်မှာ နည်းတာတွေမှ မဟုတ်ဘဲ ပစ္စည်းနဲ့ လှူဒါန်းထားတာတွေပုံလို့၊ ကျုပ်တို့တော့ ဘာမှမလှူနိုင် မတန်းနိုင်လို့ အင်း …. သာဓုပဲခေါ်နေရတာပဲ၊ အံမာ … ဒီလိုများ မျက်ရည်ခံထိုးနေလိုက်သေးတယ်၊ မထိုးဘူးလား …. (ထိုးပါတယ်ဘုရား)။

ပစ္စည်းပေါသဖြင့်လဲ နိဗ္ဗာန်မရောက်နိုင်

အခု သေသေချာချာ အနာထပိဏ်သူဌေးကြီး ပြောတာကတော့ ပစ္စည်းပေါသဖြင့်လဲ နိဗ္ဗာန်မရောက်နိုင်ပါဘူးတဲ့၊ မဟုတ်ဘူးလား … (မှန်ပါ့)၊ အမျိုးအနွယ်ကောင်းသဖြင့် ကော …. (နိဗ္ဗာန်မရောက်နိုင်ပါ)၊ မဂ္ဂင်လုပ်ရင်ဖြင့် ….. (ရောက်နိုင်ပါတယ်ဘုရား)။

ဒါကို သူလာလျှောက်တာ …. (မှန်ပါ့)၊ လာလျှောက်တော့မှ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကို သူ -အရောင်အဆင်းအလင်းတွေနဲ့ လာလျှောက်တော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက နားထောင်လိုက်တယ်၊ ဘာမှ မှားတယ်လို့ မပြောလိုက်ဘူး …. (မှန်ပါ့)၊ ဘုရားသဘောတူလိုက်တယ်၊ သြော် … ဒါတရားစစ်ပဲဆိုတော့ သူပြောတာ အမှန်ချည်းပဲဆိုပြီး နားထောင်နေတယ်။ အဖြေတွေ ဘာတွေ မပေးတော့ဘူး။

ဒါနဲ့ မနက်မိုးလင်းတော့ ရှင်အာနန္ဒာက ညကအရောင်အဆင်း အလင်းတွေနဲ့ ဟာဘယ်နတ်များလာပါလိမ့်မတုံး၊ အို … အနာထပိဏ်သူဋ္ဌေးကြီးပေါ့ကွ။

နတ်သားက ဘာတွေများ ပြောသွားသေးသတုံး၊ အမျိုးအနွယ်ကောင်းသဖြင့်လဲ နိဗ္ဗာန်မရောက်နိုင်ဘူး၊ ပစ္စည်းပေါသဖြင့်လဲ နိဗ္ဗာန်မရောက်နိုင်ဘူး ပြောသွားတယ်ကွ၊ ဒါကြောင့် ငါက သဘောတူလိုက်တယ် ရိပ်မိပလား … (ရိပ်မိပါပြီ ဘုရား)။

ဖြစ်ပျက်ရှုမှ မဂ်လာမယ်

ဒါဖြင့် ဒကာ ဒကာမတွေ ဘာလုပ်ကြရမှာတုံး …. (မဂ္ဂင်လုပ်ရမှာပါ)၊ မဂ္ဂင်အလုပ်ဆိုတာ ဖြစ်ပျက်မဂ်၊ ဖြစ်ပျက်ရှုရင်တော့ မဂ်လာမယ် …. (မှန်ပါ့)၊ ဖြစ်ပျက် မရှုရင်တော့ …. (မဂ်မလာပါဘုရား)။

အနိစ္စမရှုရင် မဂ်မလာဘူး …. (မှန်ပါ့)၊ ဒုက္ခမရှုရင် မဂ်မလာဘူး၊ အနတ္တမရှုရင် …. (မဂ်မလာပါ)၊ မဂ်က မလာဘူး၊ ရှင်းပလား … (ရှင်းပါပြီဘုရား)။

အဲဒါကြောင့်ပဲ ဒါက အားကိုးဖို့ရာစိတ်ကို အနာထပိဏ်သူဌေးကြီးကလဲ လျှောက်ထားတယ်၊ ဘုရားကလဲ ဆိတ်ဆိတ်နေပြီး သဘောတူလိုက်တယ် …… (မှန်ပါ့)၊ ရှင်းကြပလား ….. (ရှင်းပါပြီ)၊ ပေါ်ကြတယ်နော် ……. (ပေါ်ပါတယ်ဘုရား)။

ကဲ ….. ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု … သာဓု …. သာဓု ….. ။

http://www.mogokinsightny.org/publications/

ဆိုဒ်မှ ထပ်ဆင့်ယူ၍မျှဝေပါသည်