Get Adobe Flash player

cycle4

(၁) အာနာပါနပေးပုံ

မိုးကုတ်ဆရာတော် ဘုရားကြီးသည် အားထုတ်စယောဂီသစ်များကို အာနာပါနရှု၍ သမာဓိထူထောင်ခိုင်းသည်။ ("ဒီရောက်လာတဲ့ အလုပ်တောင်းတဲ့၊ အလုပ်လုပ်တဲ့ ဒကာ ဒကာမတွေ တစ်ရက်ဆိုလို့ရှိရင် ဘုန်းကြီးကအလုပ်ကို မပေးသေးဘူး..သမာဓိဖမ်းပါဦးလို့ ပြောလိုက်တယ်.." {ဘာကြောင့်မဂ်မရပါလိမ့် သမာဓိမရှိလို့ စာအုပ်ကြီး-၂၈/ စာအုပ်သေး -၁၀၀ မှ-} အာနပါနထူထောင်ခိုင်းပုံမှာ နှာသီးဖျားတွင် စိတ်ထားပြီး လေထွက်တာသိ လေ၀င်တာသိအောင် လုပ်ရပါမည်..ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်၊ နာရီဝက်တိုင်တိုင် စသည်ဖြင့် "ထွက်လေ ၀င်လေ" ကိုထွက်တိုင်းသိ ၀င်တိုင်းသိအောင် သတိထား ၀ီရိယစိုက်၍ စောင့်သိပေးရပါမည်။ ဖြစ်ပျက်မြင်ပြီးသော်လည်း သမာဓိ အားမကောင်းသေးသော ယောဂီများလည်း တရားစတင် ရှုမှတ်တိုင်း မိနစ်အနည်းငယ် (သို့) လိုအပ်သလောက် အာနာပါနရှု၍ သမာဓိထူထောင်သင့်ပါသည်။


(၂) ဒိဋ္ဌိဖြုတ်ပေးပုံ

မိုးကုတ်ဆရာတော် ဘုရားကြီးသည် ယောဂီများ ခန္ဓာဥာဏ်ရောက် တရားအားမထုတ်ခင် အမြင်မှား ဒိဋ္ဌိသုံးမျိုးကို အသိဥာဏ်ဖြင့် ကွာအောင် ဒိဋ္ဌိဖြုတ်ပေး တော်မူပါသည်။ ဤအချက်သည် မိုးကုတ်ဝိပဿနာ၏ ထူးခြားမှု တရပ်ဖြစ်ပါသည်။ ဆရာတော်ဘုရားကြီးသည် ၀ိပဿနာတရား အားထုတ်ချင်လာအောင်၊ အားထုတ်ရာတွင်လဲ ကြိုးစားအားထုတ် လာအောင် သံဝေဂ ရဖွယ်တရားများကို ပိုင်နိုင်စွာ ဟောကြား ဆုံးမတော်မူပြီးနောက် ဒိဋ္ဌိဖြုတ်တရားများကို ဟောကြားတော်မူပါသည်။ ဒိဋ္ဌိဖြုတ် တရားများ ဟောကြားရာတွင် ဟောတရားများအပြင် ပဋိစ္စသမုပ္ပါဒ် ဒေသနာစဉ်ကို ဆရာတော်ဘုရားကြီး ကိုယ်တော်တိုင် တီထွင်ရေးဆွဲတော်မူသော ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်း ဒေသနာပုံစံဖြင့် ဟောကြား ပြသတော်မူပါသည်။ ဒိဋ္ဌိဖြုတ်တရား၏ အဓိက အနှစ်ချုပ်မှာ ပုဂ္ဂိုလ်သတ္တ၀ါမရှိဘဲ ဓမ္မသဘောသာရှိကြောင်း ထိုဓမ္မသဘောများသည်လဲ ခိုင်မြဲမနေဘဲ ဖြစ်ပြီးပျက်နေကြောင်း၊ မခိုင်မြဲသော်လည်း အကြောင်းအကျိုးမဆက်ပဲ အစပျောက်ပြတ်စဲ သွားခြင်းမျိုး မဟုတ်ကြောင်း သိရှိစေရန် ဖြစ်ပါသည်။ ယောဂီများသည် ခန္ဓာဥာဏ်ရောက် တရားအားမထုတ်မှီ ဒိဋ္ဌိကိုအသိဥာဏ်ဖြင့် ကွာအောင် ဒိဋ္ဌိဖြုတ်တရား၊ ပဋိစ္စသမုပ္ပါဒ်တရားများကို ကြေကြေလည်လည်ရှိအောင် နာကြားသင်ယူထားကြရပါမည်။

မိုးကုတ်ဆရာတော်ဘုးရားကြီးက (၁) သတိပဋ္ဌာန်၊ (၂) သတိပဋ္ဌာန ဘာဝနာ၊ (၃)  သတိပဋ္ဌာန အကျင့်လမ်းဆုံး ဟူ၍ ဟောကြားဆုံးမတော်မူသော ၀ိပဿနာကျင့်စဉ် (၃၀၊၈၊၆၁) တရားတော်နှင့်အညီ ဤစာတမ်း၌ အဆင့်ဆင့် ရေးသားတင်ပြ သွားပါမည်။


(၃) စိတ္တာနုပဿနာရှုပွားပုံ

သတိပဋ္ဌာန်
"စိတ်တွေပေါ်တိုင်း သိတာ သတိပဋ္ဌာန်" ဟု ဟောကြားချက်နှင့်အညီ ယောဂီတို့သဏ္ဍာန်၌ ပေါ်နိုင်သည့် စိတ်အမျိုးအစား(၁၃)မျိုးမှာ-

(၁) မြင်စိတ်၊
(၂) ကြားစိတ်၊
(၃) နံစိတ်(အနံ့ရစိတ်)၊
(၄) စားစိတ်၊
(၅) ယားနာကောင်းစိတ်(ကိုယ်စိတ်)၊
(၆) လောဘစိတ်(လိုချင်စိတ်၊ ရချင်စိတ်၊ စားချင်စိတ်....စသည်..)၊
(၇) ဒေါသစိတ်(မကျေနပ်စိတ်၊ အလိုမကျစိတ်၊ ပျင်းစိတ်......စသည်..)၊
(၈) မောဟစိတ်(တွေဝေစိတ်၊ ငိုက်မျဉ်းစိတ်၊ သံသယစိတ်....စသည်...)၊
(၉) အလောဘစိတ် (ပေးကမ်းလှူဒါန်းလိုစိတ်၊ ကုသိုလ်ကောင်းမှုပြုလိုစိတ်......စသည်...)၊
(၁၀) အဒေါသစိတ် (သနားစိတ်၊ သူတပါးကောင်းကျိုးလိုလားစိတ်...စသည်..)၊
(၁၁) တွေးတောကြံစည်စိတ် (ရောက်တတ်ရာရာ ကြံစည်စိတ်....)၊
(၁၂) လေကိုရှုသွင်းစိတ်၊
(၁၃) လေကိုရှိုက်ထုတ်လိုစိတ်။

အထက်ပါ စိတ်(၁၃)မျိုး မိမိသဏ္ဍာန်၌ ပေါ်နေသည်ကို ပေါ်တိုင်းပေါ်တိုင်း သိအောင်လုပ်ရပါမည်။ အဆင်းတခုခုမြင်တိုင်း မြင်စိတ်ပေါ်သည်ဟု သိရပါမည်။ အသံတခုကြားလျှင် ကြားစိတ်ပေါ်သည်ဟု သိပေးရမည်။ အနံ့တခုခုရတိုင်းလဲ အနံ့ရစိတ် စိတ်ပေါ်သည်(သို့) နံစိတ်ပေါ်သည်ဟု သိပေးရမည်။ လျှာပေါ်တွင် အရသာတခုခု စားတိုင်းစားတိုင်း စားစိတ်ပေါ်နေသည်ဟု သိရပါမည်။ ကိုယ်ပေါ်တွင် ယားခြင်း၊ နာခြင်း၊ ပူခြင်းစသည်ဖြင့် ဘာပဲပေါ်ပေါ် ကိုယ်စိတ်ပေါ်သည်ဟု သိပေးရမည်။ မနောဒွါရတွင်လဲ လိုချင်ရချင်စိတ်ပေါ်လျှင် လောဘစိတ် (သို့) လိုချင်စိတ်ပေါ်သည်ဟု သိရပါမည်။ ကိုယ့်သဏ္ဍာန် ပေါ်သည့်စိတ်ကို ကိုယ်သိနိုင်သလိုသာ သိနိုင်ပါသည်။ ပါဠိအမည်ဖြင့် မှန်ကန်စွာသိနိုင်ဖို့ အရေးမကြီးပါ။ ပေးချင်လျှင် ပေးချင်စိတ် ပေါ်သည်ဟု မကျေနပ်လျှင် မကျေနပ်စိတ်ပေါ်သည်ဟု အသိလိုက်ပေးယုံသာ။ အိပ်ချင်လျှင်လဲ အိပ်ချင်စိတ်ပေါ်သည်ဟု သိပေးရမည်။ (အခြားစိတ်များကိုလဲ ဤနည်းတူ သိကြရပါမည်။) ယောဂီပုဂ္ဂိုလ်သည် မိမိသဏ္ဍာန်၌ ပေါ်လာသောစိတ်များကို ပေါ်တိုင်းပေါ်တိုင်း လိုက်လိုက်သိပေးနေခြင်းသည် သတိပဋ္ဌာန်ပွားများ ကျင့်ကြံရာရောက်သလို မိမိသဏ္ဍာနရှိ ခန္ဓာငါးပါးထဲမှ ၀ိညာဏက္ခန္ဓာကို ရှာဖွေတွေ့ရှိခြင်း ဖြစ်ပါသည်။ ထိုခန္ဓာသည် ပရမတ်ခန္ဓာအစစ်ပင် ဖြစ်ပါသည်။ ထိုခန္ဓာသည် လုံးရပ်သဏ္ဍာန်၊ ပုံဟန်၊ နိမိတ်မရှိပါ။ သိမှုသဘောသာလျှင် ရှိပါသည်။ ထို့ကြောင့် ဆရာတော်ဘုရားကြီးက "ခွေးမဟောင်တဲ့ ခန္ဓာကို ၀ိပဿနာ ရှုရမယ်" ဟုဆုံးမတော်မူပါသည်။ ဤသတိပဋ္ဌာန်အဆင့် ပွားများမှုကို ပိုင်နိုင်လာသော ယောဂီသည် ၀ိပဿနာရှုစရာ အရှုခံခန္ဓာကို ရှာတွေ့လာပြီး ဟု ဆိုနိုင်သကဲ့သို့ ငါမြင်တယ်၊ ငါကြားတယ်၊ ငါတွေးတယ် စသောငါထင်မှု သက္ကာယဒိဋ္ဌိကိုလဲ ပွားများမှုဖြင့် ဖြုတ်ရာရောကနေပါသည်။


(၄) သတိပဋ္ဌာနဘာဝနာ

သတိပဋ္ဌာန်အဆင့် ပွားများအားထုတ်၍ ခန္ဓာပေါ်တိုင်း(သို့) စိတ်ပေါ်တိုင်းသိလာနိုင်သော ယောဂီသည် သတိပဋ္ဌာနဘာဝနာဖြစ်အောင် ဆက်လက်ရှုပွားရမည်။ သတိပဋ္ဌာန ဘာဝနာဟူသည် ထိုစိတ်၏အပျက်ကို ရှုနိုင်ခြင်းကိုခေါ်သည်။

အနိစ္စရှု၊ အနိစ္စမှတ်၊ အနိစ္စသိရှုပွားနည်း

ဤရှုပွားနည်းတွင် မိမိသဏ္ဍာန်၌ ပစ္စုပ္ပန်တည့်တည့်အကြောင်းတိုက်ဆိုင်၍ ပေါ်လာသောစိတ်၏နောက်မှ ဥာဏ်လိုက်ရန်ဖြစ်ပါသည်။ ဥပမာ- လိုချင်စိတ်တခုပေါ်လာပါက သတိပဋ္ဌာန်အဆင့်တွင် လိုချင်စိတ်ပေါ်သည်ဟု သိပေးခဲ့ပါသည်။ ယခု သတိပဋ္ဌာနဘာဝနာအဆင့်တွင် ထိုလိုချင်စိတ်နောက်မှ ထိုစိတ်သည် အနိစ္စပဲဟုရှု /မှတ် /သိပေးရပါမည်။ (အနိစ္စဟုဆိုရာတွင် ပါဋ္ဌိဘာသာဖြင့် သိနားလည်နိုင်လျှင် အနိစ္စဟုသိရပါမည်။ သို့မဟုတ် ဒီစိတ်ကလေးကလည်း မခိုင်မြဲဘူး(သို့) ဖြစ်ပြီးပျက်နေတဲ့သဘောပဲ၊ အပျက်ပဲ ဟုမိမိနားလည်လက်ခံသဘောကျသလို အသိလိုက်ရပါမည်။) အခြားစိတ်များပေါ်တိုင်းလဲ အလားတူအသိလိုက်ပေးပါ။ ဤအနိစ္စရှုနည်းသည် ဘာကအနိစ္စမှန်း၊ ဘယ်လိုအနိစ္စမှန်း မသိပဲရမ်းရှုနေခြင်းမျိုးမဟုတ်ပဲ မိမိသဏ္ဍာန်ပေါ်လာသော အရှုခံပရမတ်ခန္ဓာကို ဥာဏ်ဖြင့်လက်ညှိုးထိုး၍ "မင်းအနိစ္စပဲ" ဟု ရှုခြင်းမျိုးဖြစ်ပါသည်။

ကိုယ့်စိတ်ကိုယ်အကဲခတ်ရှုပွားနည်း

ဤရှုပွားနည်းတွင် အရှုခံစိတ်တခုခုပေါ်လာသောအခါ ယောဂီပုဂ္ဂိုလ်က ထိုစိတ်ရှိသေးသလား မရှိတော့ဘူးလားဟု အကဲခတ်ရှုပွားရန် ဖြစ်ပါသည်။ ဤရှုပွားနည်းဖြင့် ရှုပွားလိုသောယောဂီသည် စိတ်တွေ၏နိယာမ သဘောတရားအရ "စိတ်နှစ်ခုပြိုင်မပေါ်နိုင် " ဟူသောအချက်ကို သဘောကျလက်ခံထားရပါမည်။ စိတ်တွေပြိုင်ပေါ်နေသည်ဟူသော အထင်မှားသည် "မျက်စိတမှိတ်၊ လျှပ်တပြတ်၊ လက်ဖျစ်တတွတ်အတွင်း စိတ်ပေါင်းကုဋေတသိန်းကျော် တခုနှင့်တခု မပြိုင်ဘဲ ဆင့်ကာဆင့်ကာ ပေါ်သွားသည်" ဟူသော အလွန် လျင်မြန်သော စိတ်အလျင်ကိုနားမလည်နိုင်၊ မသိနိုင်သောကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ပါသည်။ ဤအဆင့်တွင် ယောဂီက မိမိသဏ္ဍာန်ပေါ်လာသော စိတ်ကိုရှိမရှိ အကဲခတ်/တွေး/ဥာဏ်ဖြင့်ကြည့်လိုက်သောအခါ ကြည့်သော၊ တွေးသော၊ အကဲခတ်သောစိတ်သာရှိ၍ ရှေ့ကပေါ်သွားသော စိတ်မရှိတော့ဟု သိ၍မခိုင်မြဲခြင်း အနိစ္စသဘောကို ဥာဏ်၌ထင်မြင်နိုင် ပါသည်။


(၅) ဝေဒနာနုပဿနာ ရှုပွားပုံ

သတိပဋ္ဌာန်

ခံစားမှုသဘောဖြစ်သည့် ဝေဒနာတွေပေါ်တိုင်း သိအောင်ပွားများရပါမည်။
ယောဂီသဏ္ဍာန်၌ ပေါ်နိုင်သည့် ဝေဒနာအမျိုးအစား (၁၂)မျိုးမှာ-
(၁) မြင်သောအခိုက် ဥပေက္ခာဝေဒနာ၊
(၂) ကြားသောအခိုက်  ဥပေက္ခာဝေဒနာ၊
(၃) အနံ့ရသောအခိုက်  ဥပေက္ခာဝေဒနာ၊
(၄) စားသောအခိုက်  ဥပေက္ခာဝေဒနာ၊
(၅) ကိုယ်ပေါ်တွင် ချမ်းသာခိုက်  သုခဝေဒနာ၊
(၆) ကိုယ်ပေါ်တွင် ဆင်းရဲခိုက်  ဒုက္ခဝေဒနာ၊
(၇) စိတ်တွင် ချမ်းသာခိုက် သောမနဿဝေဒနာ၊
(၈) စိတ်တွင် ဆင်းရဲခိုက်  ဒေါမနဿဝေဒနာ၊
(၉) စိတ်တွင်ချမ်းသာသည်လဲ မဟုတ်၊ ဆင်းရဲသည်လဲမဟုတ်ခိုက်  ဥပေက္ခာဝေဒနာ၊
(၁၀) စိတ်ချမ်းသာကိုယ်ချမ်းသာဖြင့် လေရှုရှိုက်နေခိုက် သောမနဿ ဝေဒနာ၊
(၁၁) စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြင့် လေရှုရှိုက်နေခိုက် ဒေါမနဿဝေဒနာ၊
(၁၂) စိတ်ချမ်းသာသည်လဲမဟုတ် ဆင်းရဲသည်လဲမဟုတ် လေရှုရှိုက်နေခိုက်  ဥပေက္ခာဝေဒနာ ပေါ်နေပါသည်။
ဤအဆင့်တွင် စိတ္တာနုပဿနာရှုပွားပုံအတိုင်း - ဝေဒနာတွေပေါ်တိုင်းပေါ်တိုင်း ဘာဝေဒနာ ဘာဝေဒနာဟု သိအောင်ကြိုးစားရမည်။

သတိပဋ္ဌာနဘာဝနာ

အနိစ္စရှု၊ အနိစ္စမှတ်၊ အနိစ္စသိရှုပွားနည်း

မိမိသဏ္ဍာန်ပေါ်လာသောဝေဒနာ၏နောက်မှ အနိစ္စဟု သိသောဥာဏ်လိုက်ရမည်ဖြစ်သည်။
(အကျယ်မှာ စိတ္တာနုပဿနာရှုပွားပုံနည်းအတိုင်း ဖြစ်ပါသည်။)
ကိုယ့်ဝေဒနာကို အကဲခတ်ရှုနည်း

စိတ္တာနုပဿနာပါ အကဲခတ်ရှုပွားနည်းအတိုင်း ရှုမှတ်ရပါမည်။ အကဲခတ်သည့်ဥာဏ်ပေါ်ခိုက် ရှေ့ကပေါ်သွားသောအရှုခံဝေဒနာ မရှိတော့ပါ။


(၆) အထွေထွေသိမှတ်ဖွယ်ရာ

အနိစ္စလက္ခဏာ

ဝိပဿနာရှုသောယောဂီသည် ပရမတ်သဘောခန္ဓာ၏ မခိုင်မြဲမှုအနိစ္စကို မြင်ရန်ကြိုးစားကြရမည် ။ အနိစ္စသဘောကိုဥာဏ်ဖြင့်မြင်သိရန် အနိစ္စ၏လက္ခဏာကို သိအောငf ကြည့်ရပါမည်။ "ဖြစ်ပြီးမရှိတော့ခြင်းသည်" အနိစ္စလက္ခဏာဖြစ်ပါသည်။ "ပေါ်ပြီးပျောက်သွားခြင်း" "ရှိရာကမရှိတော့ခြင်း" သည်ပင် အနိစ္စလက္ခဏာဖြစ်သည်။ အရှုခံခန္ဓာပေါ် လာသောအခါ ရှိမရှိအကဲခတ်ကြည့်လိုက်သောအခါ "ပေါ်ပြီးပျောက်သွားခြင်း" "ရှိရာကမရှိတော့ခြင်း" "ဖြစ်ပြီးမရှိတော့ခြင်းသည်" အနိစ္စလက္ခဏာကို သိ၍ အနိစ္စမခိုင်မြဲခြင်းသဘော ကို ဥာဏ်၌ထင်မြင်လာနိုင်ပါသည်။ (ဤနေရာတွင် လုံးဝမရှိသောသဘောမျိုးမဟုတ်၊ လုံးဝမရှိတာရှုခဲ့လျှင် ပညတ်ဘက်သို့ရောက်သွားပါမည်။ ၂၁၊၄၊၆၄ ဟော စာအုပ်သေး-၂၁၆ စာအုပ်ကြီး-၂၃ တွင် အကျယ်လေ့လာနိုင်ပါသည်။)

ဆင်အိပ်ဥပမာ

ဆရာတော်ဘုရားကြီးသည် ယောဂီများအား ဥာဏ်၌ဖြစ်ပျက်ထင်မြင်ပုံကို နားလည်စေရန်ဆင်အိပ်သည့်ဥပမာဖြင့် ဟောကြားတော်မူပါသည်။ တောအစပ်တွင်ရှိသော အိမ်၌နေသော သူသည် ညအခါအိမ်ရှေ့မှဆင်အော်သံများကို ကြားရသည်။ နံက်သို့ရောက်သောအခါ အိမ်ရှေ့သို့ထွက်ကြည့်ရာတွင် ဆင်လာအိပ်သွားသောလက္ခဏာများဖြစ်သော ခြေရာ၊အိပ်ခဲ့သောနေရာများကို ကြည့်ခြင်းအားဖြင့် ဆင်ကိုမမြင်ခဲ့ရသော်လည်း ဆင်ခြင်ဥာဏ်ဖြင့် ဆင်လာအိပ်ပြီး ပြန်သွားပြီးဟု သိနိုင်ပါသည်။  ထို့အတူယောဂီများကလည်း မိမိ သဏ္ဍာန်ပေါ်နေသည့် ပရမတ်ခန္ဓာကို မိမိဥာဏ်ဖြင့်ပြိုင်ပြီး သိနေသည့်သဘောမဟုတ်ဘဲ   ပညာဥာဏ်ဖြင့်ဆင်ခြင်၍ "ဖြစ်လဲဖြစ်ခဲ့ပြီး ယခုမရှိတော့ဘဲ ပျက်သွားပြီး" ဟုဖြစ်မှုပျက်မှုကို သိခြင်းမျိုးဖြစ်အောင် ကြိုးစားပွားများအားထုတ်ကြရပါမည်။

ပင့်ကူဥပမာရှုပွားပုံ

စိတ္တာနုပဿနာ(သို့) ဝေဒနာနုပဿနာရှုပွားရာတွင် ပင့်ကူဥပမာရှုပွားပုံကို ဆက်လက်ဖော်ပြပါမည်။ တောထဲတွင်ပင့်ကူကြီးများသည် ပင့်ကူမျှင်များဖြင့်အိမ်ဖွဲ့ထားပြီး ၄င်းတို့သည် အိမ်၏အလယ်ဗဟို၌ နေကြသည်။ စားစရာအကောင်တခုခု ပင့်ကူအိမ်၌ကပ်လာလျှင် ထိုနေရာ၌ သွားစားပြီးအလယ်ဗဟိုချက်မ၌ ပြန်နေသည်။ ထို့အတူယောဂီများ သည်  ဗဟိုချက်မနှင့်တူသော ထွက်လေ၀င်လေနှင့် ယှဉ်တွဲနေသောစိတ်(သို့) ဝေဒနာ၏အပျက်ကို ပင်တိုင်ထားရှု၍ အခြားစိတ် (သို့)ဝေဒနာများပေါ်လာပါက ပေါ်ရာထင်ရှားရာစိတ် (သို့)ဝေဒနာကို ရှုရပါမည်။ ဤနေရာတွင် ပင်တိုင်ရှုပွားပုံသည် အာနာပါနသက်သက် သမာဓိထူထောင်ခြင်းမျိုးမဟုတ်ဘဲ ထိုဝင်လေထွက်လေအခိုက် ယှဉ်သောစိတ်(သို့)ဝေဒနာ၏ အပျက်ကို မိအောင်ရှုရန်ဖြစ်သည်ကို အထူးသတိပြုကြရပါမည်။

ဓမ္မာနုပဿနာရှုပွားပုံ

မိုးကုတ်ဆရာတော်ဘုရားကြီးသည် ဓမ္မာနုပဿနာရှုပွားနည်းကို သစ္စာလေးပါး ထင်မြင်အောင်ရှုနည်း၊ ဒုက္ခသစ္စာထင်မြင်အောင်ရှုနည်း စသည်ဖြင့် ဟောကြား ဆုံးမ တော်မူပါသည်။ ဤစာတမ်းတွင် ဒုက္ခသစ္စာထင်မြင်အောင်ရှုနည်းကို တင်ပြသွားပါမည်။ မိမိသဏ္ဍာန်၌ မြင်တိုင်း၊ ကြားတိုင်း၊ နံတိုင်း၊ စားတိုင်း၊ ထိတွေ့တိုင်း၊ ကြံတွေးတိုင်း ထိုသဘောတွေကို "ဒုက္ခသစ္စာတွေပဲ" ဟု ဥာဏ်ဖြင့်သိအောင် ကြိုးစားအားထုတ်ကြရပါမည်။ ဤနေရာတွင် ဆရာတော်ဘုးရားကြီးကဘုးရားဟောပါဠိတော် အကိုးအကားများ၊ ပဋိစ္စသမုပ္ပါဒ်ဒေသနာပါ သစ္စာဖွဲ့ပုံများဖြင့်လည်းကောင်း၊ ဖြစ်ပြီးပျက်သွားသောတရားများသာဖြစ်၍ ဘာပေါ်ပေါ်ဒုက္ခသစ္စာများသာဖြစ်ကြောင်း လက်ခံလာနိုင်အောင် ဟောကြားပြသဆုံးမတော်မူပါသည်။


ဖစ်ပျက်မုန်းအောင်၊ ဖြစ်ပျက်ဆုံးအောင် ရှုကြပါ။

မိုးကုတ်ဝိပဿနာရှုနည်းအရ ယောဂီပုဂ္ဂိုလ်သည် ရှေးဦးစွာ အာနာပါနဖြင့် သမာဓိထူထောင်ပါ။ ထို့နောက်ခန္ဓာ၊ အာယတန၊ဓါတ်၊ သစ္စာ၊ ပဋိစ္စသမုပ္ပါဒ်တရားများ နာကြားသင်ယူ၍ ဒိဋ္ဌိကိုအသိဥာဏ်ဖြင့်ခွာနိုင်အောင် ကြိုးစားကြရပါမည်။ ထို့နောက် ထိုသမာဓိ ဥာဏ်ပညာ အသိဥာဏ်များဖြင့် မိမိသဏ္ဍာန်၌ ပေါ်လာသောခန္ဓာငါးပါးမှတပါး ဖြစ်သောစိတ်(သို့) ဝေဒနာ တွေကို ပေါ်တိုင်းပေါ်တိုင်းသိအောင်ကြိုးစားရပါမည်။ ထို့နောက်ထိုခန္ဓာတွေ၏အပျက်ကို မြင်အောင်ရှုကြရပါမည်။ ထို့နောက် ဒုက္ခသစ္စထင်မြင် လာသည်အထိ ဆက်လက်ရှုပွားကြရပါမည်။ ဖြစ်ပျက်၊ အနိစ္စ၊ဒုက္ခသစ္စာ သိသောဥာဏ်ကို ကြိမ်ဖန်များစွာဖြစ်အောင် ပွားများကြရပါမည်။ သို့မှသာ ၄င်းဖြစ်ပျက်၊ အနိစ္စ၊ဒုက္ခသစ္စာကို မလိုချင်သော၊ မုန်းသောဥာဏ်ပေါ်လာပြီး ဆက်လက်ရှုပွားသွားပါက ဖြစ်ပျက်၊ အနိစ္စ၊ ဒုက္ခသစ္စာတို့၏ချုပ်ဆုံးရာ နိဗ္ဗာန်ကို မျက်မှောက်အာရုံပြုနိုင်မည် ဖြစ်သည်။ ယောဂီအပေါင်း တို့သည် မိမိသဏ္ဍာန်၌ ပေါ်လာသောစိတ်(သို့)ဝေဒနာတွေ၏ ဖြစ်မှုပျက်မှုကို သတိထား၊၀ီရိယစိုက်ပြီး ပညာဖြင့် ဖြစ်ပျက်ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်သည်အထိ ကျင့်ကြံပွားများနိုင်ကြပါစေသတည်း။

ကိုနိုင်လင်းဟန်(ဓမ္မရောင်ခြည်) ဓမ္မဒါနအဖြစ်ဖြင့် ရေးသားပေးပို့သည်။